ပေါက်ကရလေးဆယ်


လူနှင့်မျောက်တို့၏ ခြားနားချက်၊ကွာဟပုံတို့ကို သုတေသန လုပ်ရန် အတွက် ကုပ္မဏီကြီးတစ်ခုက သိပ္ပံပညာရှင်မည်သော အူကြောင်ကြား၊ငပျင်းကြီးတစ်ဦးအား ရန်ပုံငွေများပုံအော ပေးသည်ဟူ၏။ ထိုသိပ္ပံ ပညာရှင်ကြီးလည်း အစပိုင်းတွင်နေ့ညမဟူ ကြိုးကုပ် ကာလေ့လာခြင်း၊ရှာဖွေထောက်လှမ်းခြင်းအမှုတို့ကို လုပ်ပါသော်လည်း ထိုကဲ့သို့သောအကြောင်းအရာများမှာ ရှေးဦးမစွကပင် အခြားအခြားသော ပညာရှင်အမည်ခံ အူကြောင်ကြားများက လက်ဦးမှုရယူ၍ရှာဖွေပြီးဖြစ်ရကား ကျွန်ုပ်တို့၏ လူပျင်း၊လူထူကြီးအတွက် အထွေအထူး ဖော်ထုပ်တင်ပြရန်မကျန်တော့ပေ။ သို့သော် ထိုကဲ့သို့အဖြစ်မှန်ကို အမှန်အတိုင်း တင်ပြလိုက်
သည်ရှိသော် ပုံမှန်လေးရနေသော ရန်ပုံငွေ ပြတ်တောက်ခြင်း၊ဖြတ်တောက်ခြင်းခံရမည်ဟူသောအတွေးလက်လက်ဖြင့် စိုသောလက်မခြောက်စေရန် အတွက်အရှည်ကိုရည်မျှော်လျက် ကုပ္မဏီ ပိုင်ရှင်တစ်စုအား …. “မိမိအနေဖြင့် အပူတပြင်း၊အပတ်တကုပ် ကြိုးစားသုတေသန ပြုကာနေလျက်ရှိပါကြောင်း၊မကြာမှီ ကာလတစ်ခုတွင် ချားလ်စ်ဒါဝင်၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ကောက်ယူချက်၊ နယူတန်၏ ရူပဗေဒ ဆန်းခေတ်ရှာဖွေတွေ့ရှိချက်၊ အဲလ်ဘတ်အိုင်းစတိန်း၏ ပြန်လှန်ကျိုးကြောင်းစပ်ဆက်မှုသဘောဖော်ထုတ်နိုင်ခဲ့မှု များနှင့်မနီးယိုးစွဲ ကြီးကျယ်ခမ်းနားနိုင်သော ခေတ်သစ်ရှာဖွေတွေ့ရှိမှုကြီးတစ်ပါးနှင့် မိမိကြားတွင် အလွှာပါးလေးသာခြားတော့ သယောင်ယောင်”…. ညာရွှီး ချွေးသိပ်အချိုသပ်ကာချူနေလေတော့သည်။တစ်နေ့တစ်နေ့ ရုံးခန်းသို့လာကာ ကော်ဖီသောက်ခြင်း၊ လက်ထောက်များ အတင်းပြော၊ငြင်းခုန်သည်ကိုအကြီးအကဲတစ်ဦးအနေဖြင့် ဒိုင်အဖြစ်ခံယူကာဆုံးဖြတ်ပေးခြင်း၊အချိန်တန်လျှင် နေ့လည်စာ၊ညနေစာတို့ကို အရန်သင့်ခူးခတ်စားကာ အာဟာရဖြည့်ခြင်း၊နေ့လည်နေ့ခင်းအချိန်များတွင် အင်အားဖြစ်စေရန် တစ်ရေးတစ်မောမျှခလောခေါ်အိပ်စက်ခြင်းစသည်စသည်တို့ဖြင့်သုတေသနလုပ်ငန်းကြီးကို အပြင်းအထန်လည်ပတ်လျက်ရှိရာ များမကြာသောကာလတစ်ခုအရောက်တွင်……

ကျွန်ုပ်တို့၏ဇာတ်လိုက်ကျော် အူတူကြောင်တောင် ပညာရှင်ကြီးတစ်ယောက်အိပ်စက်ခြင်းမှနိုးလတ်သောခဏတွင် မိမိဖင်ညှောင့်ရိုးနေရာတွင်အမြှီးပေါက်စ လေးတစ်ခု ခုလုခုလု နှင့် နေရာယူပေါက်ရောက်လျက်ရှိကြောင်းကို အံ့အားသင့်ဖွယ် ရှာဖွေဖော်ထုပ်နိုင်လိုက်လေတော့သည်။ဥာဏ်အလွှာကို သေချာဖြတ်သုံးလေသော် လူနှင့်မျောက်တို့အကြား အလွန်နီးစပ်ပါလျက်မတူညီကွဲပြားရခြင်း၏ အရင်းအမြစ်ကို ထင်ရှားစွာ သိမြင်သွားလေတော့သည်ဟူ၏။ငှင်းမှာ အခြားမဟုတ် အလုပ် ဟူသော အရာပင်တည်း။လူတို့တွင် အလုပ်ဟူသောကိစ္စအ၀၀ တို့ကို နေ့စဉ်နှင့်အမျှခြေလက်မနားဆောင်ရွက်ခြင်းကြောင့် အမြှီးဟူသောမလိုလားအပ်သည့် ရမ်းခါရမ်းခါ ပစ္စည်းမှာ မပေါက်ရောက်နိုင်(သို့မဟုတ်) ပပျောက်ခြင်းလည်းဖြစ်နိုင်ပေသည်။ ထိုမှဆန့်ကျင်ဖက်တွေးရသော်မျောက်ဟူသောသတ္တ၀ါကားအိပ်၊စား၊ကာမ ထိုသုံးဝ မှတစ်ပါးအခြားသော အလုပ်တာဝန်ဟူသည်စိုးစဉ်းမှ မထမ်းဆောင်ရကားအမြှီးရှိရခြင်း၏အကြောင်းတရားဟုယူသော်ရကောင်း၏ဟုဥာဏ်အလျင်တွင်ထင်လင်းစွာ တွေ့လေသည်။ထိုနောက် အချိန်စက္ကန့်မဆိုင်း ကုမ္ပဏီ ပိုင်ရှင်ကြီးထံအရောက်လှမ်းကာ မိမိ၏ မဟာ့မဟာ တွေ့ရှိမှုကြီးကို ၀မ်းသာအားရ လေပေးရန် ချီလှမ်းလေတော့သည်။

နောက်ကုမ္ပဏီ ပိုင်ရှင်မည်သော လူကြီးမင်းရုံးခန်းပေါက်ဝ အရောက် တံခါးမခေါက်၊ခွင့်မတောင်းပဲ ၀င်လေရာ အတွင်းတွင် …လူတစ်ရပ်နီးပါးမျှအရှည်ရှိသော အမြှီးတစ်ချောင်းကို ခါးပတ်အဖြစ်ပတ်ကာဘောင်းဘီပြင်ဝတ်ရန်ကြိုးစားလျက်ရှိသည့် လူကြီးမင်း ကိုထင်ရှားစွာတွေ့လိုက်ရပါလေတော့သတည်း..။

လက်ဘက်ရည်ဆိုင်လေးအတွင်းဝယ်..လူရှင်းနေစဲပင်။ခြောက်ကပ်ကပ်နှင့်ရှိနေတုန်း။တစ်ယောက်ထဲသောစား
သုံးသူအဖြစ်ရှိနေသောလူလတ်ပိုင်းတစ်ဦးထိုင်နေသောစာပွဲဝိုင်းလေးသို့ အသက် ၂၀ ၀န်းကျင်ရှိလူရွယ်တစ်ဦး
ရောက်လာပြီး ခွင့်မတောင်းပဲထိုင်ကာ……..

အချစ်ဆိုတဲ့အရာကိုအတောင်ပံမပါဟုနားလည်ထားလျှင်မှားပါလိမ့်မယ်၊မိတ်ဆွေ။သူ့မှာအတောင်ပံရှိတယ်ဆိုတာ
ကျွန်တော်သိတာသိပ်မကြာသေးဘူးဗျ။မိတ်ဆွေကြည့်ရတာကျွန်တော်ပြောတာသိပ်မယုံသလိုပဲ။ရပါတယ်။ကျွန်
တော်ပြောတာကိုကအဆန်းကြီးလိုလိုဖြစ်နေတာကိုး..နော်။(……….)ဟုတ်တယ်ဗျ။အဲဒီ..အချစ်ဆိုတာကြီးကကျွန်
တော့်ဆီကိုဗြုန်းဆိုဝင်လာတာလေ။မတော်တဆ၀င်တိုက်မိတယ်လို့ပြောရင်လည်းမမှားဘူး။အဲ..မှားတယ်လို့ပြော
ရင်လည်းရနိုင်တယ်။(ဘာတွေလဲဟ..ဒီငကြောင်။)မတော်တဆဆိုတဲ့ဟာကရာနှုံးပြည့်မှန်ပါတယ်။ဒါပေမယ့်”ဗြုန်း”
ဆိုတာကြီးကတော့မမှန်ဘူးဗျ။သူကလိပ်ပြာလေးတစ်ကောင်ကိုး..နော်။အဲလိုဗြုန်းဆိုပြီးဘယ်လာပါ့မလဲ။သူ့ရဲ့အ
တောင်ပံလေးနှစ်ဖက်ကို”ဖက်လက်..ဖက်လက်”နဲ့ပျံပြီးလာတာပေါ့။(သွားရှာပြီ။)နားရှုပ်သွားပြီထင်တာပဲ။ဟဲ..ဟဲ။
အားမနာပါနဲ့ဗျာ။ ခင်ဗျားမျက်နှာကြီးကို ကြည့်ပြီးကျွန်တော်နားလည်ပါတယ်။နားရှုပ်တယ်ဆိုရင်ရှင်းပြရမှာပေါ့။
(ဒီနေ့တော့ ပြဿဒါးပဲဟေ့။)

ဇာတ်လမ်းအစကဒီလိုဗျ။ဧပြီနွေရဲ့နေ့လည်ခင်းတစ်ခုပေါ့။(ကဗျာမဆန်လိုက်တာ။သူများတွေကဒီဇင်ဘာနံနက်ခင်း
တွေ၊ဘာတွေနဲ့စတာ။သူ့ကျမှ…ထွီ။)ဟိုး။နားထောင်ပါဦး။အအေးဆိုင်လေးတစ်ခုမှာကျွန်တော်ထိုင်နေတုန်းမှာပေါ့။ သိပ်လှတယ်လို့ပြောလို့ရတဲ့မိန်းကလေးတစ်ယောက်အဲဒီအအေးဆိုင်လေးထဲကိုဝင်လာတယ်။တစ်ကယ်ဗျာ။သူ့
အင်္ကျီလက်လေးနှစ်ဖက်က…ဘယ်လိုပြောရမလဲဗျာ။ကျွန်တော်ကလည်းမိန်းမ၀တ်အင်္ကျီတွေနဲသိပ်မရင်းနှီးဘူးဗျ။
(ညံ့ချက်ကကွာ။နိုးတူးပဲထင်တယ်။)သြော်..သိဘီ။သိဘီ။လက်နှစ်ဖက်ကခေါင်းလောင်းပုံလေးလိုလေ။အဲဒါမျိုးပေါ့။
ဒါပေမယ့်ကျုပ်မျက်လုံးတွေထဲမှာတော့သူကတော်တော်ကိုလှနေတာဗျ။ကြည်အေးနေတာပဲ၊သိလား။(အင်း..ဒီအ
ရူးတော့အမဲသားနှပ်နဲ့တိုးခဲ့ချေပြီ။)အဲ.သူ့အင်္ကင်္ျီလေးကအ၀ါရောင်လေး၊နောက်အပြာရောင်လည်းနည်းနည်းပါ
တယ်။(သြော်.သြော်.ဆက်ပါဦးမပြောလည်းဆက်လေထွားဦးမယ့်ရုပ်ပါပဲလေ။)ခင်ဗျားပဲစဉ်းစားကြည့်ပေါ့။ဒီတော့
လမ်းလျှောက်တိုင်းခြေတစ်လှမ်းလှမ်းလိုက်တိုင်းတောင်ပံခတ်သလိုမျိုးလေးနဲ့၊ခင်ဗျားကောမျက်စိထဲမြင်ပြီလား။
ကျွန်တော်ကတော့ မျက်စိထဲကကိုခုထိမထွက်သေးဘူးဗျ။(ဖြစ်ရလေ။..)

နောက်သူက၀င်လာပြီးကျွန်တော်နဲ့မလှမ်းမကမ်းမှာထိုင်ပြီးအအေးတစ်ခွက်မှာသောက်တယ်ဆရာ။(အလဲ့..ဒီ
ကောင်ကငါ့ကိုဆရာတွေ၊ဘာတွေခေါ်လို့..မဆိုးဘူးတိုးတက်လာပြီ။ဟင်း..ဟင်း..။)အို….မျက်နှာလေးကလေ။
ကြည်ရှင်းပြီးအေးမြနေတာပဲဗျာ။(ဘာလည်း..ရေခဲတုန်းကြီးလားဟ..။)ထိုင်နေပုံလေးကလဲလေ၊ကျက်သရေအ
ပြည့်၊အပြည့်ဆိုမှအပြည့်။အအေးသောက်နေတာလေးကလဲလေဗျာ..။ဟို…ဟို..ဘယ်လိုပြောရပါ့။(မပြောပါနဲ့
တော့ကွာ။..တော်ပါတော့။)အဲဒီလိုပဲမှတ်လိုက်တော့ဗျာ.နော်။ကျွန်တော်ဆိုလိုတာမိတ်ဆွေနားလည်တယ်မလား။ အိုကေနော်။ဟုတ်ပြီဗျာ.ဟေ့LONDONတစ်ပွဲလောက်ကွာ..ညီ။(အစောကတည်းကမှာရောပေါ့။)သောက်ပါဗျာ။
သြော်..ဟေ့..မီးခြစ်ပေးပါဦးကွာ။ခဏလေး..ကျွန်တော်ပြောတာဘယ်နားရောက်သွားပြီလဲ။…သြော်..သူအအေး
သောက်တာနော်..။ဟုတ်တယ်။သူအအေးသောက်နေတာ။သူအအေးသောက်နေပုံလေးကကြည့်ကောင်းလွန်းလို့
ဗျာ။ကျွန်တော့ခွက်ထဲကအအေးတွေကုန်တဲ့အထိ၊ဟုတ်ဘူး၊အအေးတွေကုန်တာတောင်မသိဘဲလေတွေစုတ်တဲ့
အသံကြားတဲ့အထိကိုကျွန်တော်တစ်မေ့တစ်မောသောက်မိသွားတယ်။အဲဒါပေါ့ဗျာ။အဲလိုကြောင့်သူကရုတ်တ
ရက်ပဲကျွန်တော့်ရှိတဲ့ဖက်ကိုလှည့်ကြည့်တယ်ဗျာ။ (ေ_ာက္ရူး..။) ကျွန်တော်အရမ်းကို ရင်တွေခုန်ပြီး အရမ်းကို
ပျော်တာပဲ..သိလား။ဒီလိုမှန်းသိရင်အစတည်းကဒီလိုလုပ်လိုက်ပါတယ်ဗျာ။ဟဲ..သူကတစ်ချက်ပဲကြည့်တာဗျ။
ပြီးတော့ပြန်လှည့်သွားရော။(မင့်ပုံကိုကကြောက်စရာကိုး။ဘယ်လောက်တောင် ပြူးဖြဲကြည့်နေမှန်းမှမသိတာ။
နှာဘူးရ..။)

နောက်သူပိုက်ဆံရှင်းပြီးထတော့ကျွန်တော်လည်းနောက်က ထလိုက်တာပေါ့။ပိုက်ဆံမရှင်းပဲထပြေးတယ်မှတ်ပြီး
ဆိုင်ရှင်ကနောက်ကလိုက်အော်၊ကျွန်တော်ကမကြား။ပြန်တွေးကြည့်တော့ရှက်စရာကြီးဗျ။ဟတ် .. ဟတ်။သူ
လည်းဒါကိုသတိထားမိမှာပါ..နော်။(တောက်..ငါကွာ။စိတ်ညစ်တယ်။ဒီငနဲကတော့။)သူက..သူက..။ကျွန်တော်
ပြောတာ..ဘယ်ရောက်သွားပြန်ပြီလဲ။ဟုတ်ပြီ..သူ့နောက်ကိုလိုက်သွားတာ။သူ့နောက်ကိုလိုက်သွားတော့..
အင်း..ဟုတ်တယ်။သူပန်းခြံလေးတစ်ခုထဲဝင်သွားတာဗျ။ကျွန်တော်လည်းနောက်ကလိုက်တယ်ဆိုမှတော့ အဆုံး
ထိလိုက်တော့မယ်ဆိုပြီးဆက်လိုက်သွားတာပေါ့။သူကပန်းခြံထဲကခုံတန်းလေးမှာဝင်ထိုင်နေတယ်လေ။ကျွန်
တော်လည်း သူနားဝင်ထိုင်ရဲတဲ့သတ္တိမရှိလေတော့..ဟဲ…မနီးမဝေးကပဲယောင်ပေ၊ယောင်ပေနဲ့ကြည့်နေတော့
တာပေါ့ဗျာ..။နောက်ရုတ်တရက်ဆိုကောင်မလေးရဲ့အတောင်နှစ်ဖက်။ဟုတ်ဘူး..လက်နှစ်ဖက်ကတောင်
ပံတွေဖြစ်ပြီးထပျံလေရောဆရာရေ။(ဘာလဲ..။ဂြိုလ်ကြီးကိုးလုံးတစ်ခါတည်းခေါင်းပေါ်တက်နေနေကြသ
လားကွာ။တော်ပါတော့။)ကျွန်တော်လည်း သူ့ကိုမိလိုမိငြားလှမ်းဆွဲတော့မမိပါဘူးဗျာ..။ဟင့်..အီး..အီး…။

ထိုစဉ်..”ဟေ့..ဟိုမှာတွေ့ပြီ။ကားရပ်၊ကားရပ်..။ဟေ့..မပြေးနဲ့နော်..။..” အသံဗလံများနှင့်အတူ ဆေးရုံကားလို
ကားတစ်စီး”ကျွိ” ခနဲ ဆိုက်လာပြီး ကားပေါ်မှ လူနှစ်ယောက် ပြေးဆင်းလာကာ ပုံပြောသူလူငယ်ကို ဖမ်းလိုက်
ပါတော့သည်။လူငယ်လည်း…တစ်ဟီးဟီး..တစ်ဟားဟား ..တစ်ငိုငို..တစ်ရီရီ နှင့် ရုန်းရင်းကန်ရင်း လိုက်ပါသွား
လေတော့သည်။ နောက် ကားရှေ့ခန်းမှမျက်မှန်နှင့်လူကြီးတစ်ဦးဆင်းလာပြီးနားထောင်သူလူလတ်ပိုင်း
ထိုလူကို ..”စိတ်မရှိပါနဲ့ဗျာ ..။ဒီလူက စိတ်ရောဂါကုဆေးရုံကထွက်ပြေးသွားတဲ့လူနာခင်ဗျ..။စိတ်ဖေါက်ပြီး
သူလျှောက်ပြောတတ်တယ်လေအန္တာရာယ်တော့မပေးတတ်ပါဘူး။ဒါနဲ့ခင်ဗျားကိုမြင်ဘူးသလိုလိုပဲဗျ..။
ခင်ဗျားနာမည်က..”

“ဆရာကျွန်တော့ကိုတစ်ကယ်မမှတ်မိတော့ဘူးလားဗျ..။ကျွန်တောငထော်လေဗျာ..။ဟီး..ကျွန်တော်လည်း
ဆရာတို့ဆီကလူနာဟောင်းပဲဗျ..။ကျွန်တော်ခုနေကောင်းသွားပါပြီ။ဆရာတို့ကိုကျေးဇူးတင်ပါတယ်ဗျာ..။”

“အေးဗျာ..။ခင်ဗျားကျန်းကျန်းမာမာ ရှိနေတာကိုတွေ့တော့ ကျွန်တော်လည်းဝမ်းသာပါတယ်ဗျာ..။ ခုဘာ
တွေလုပ်နေတာလည်းဗျ..။”
“ကျွန်တော်ဘာမှ၊မလုပ်ပါဘူးဆရာ..။တစ်ကယ်ပြောနေတာပါ။ကျွန်တော်နေကောင်းပါတယ်။..”
“အင်း ..ဒါဆိုလည်း ..ကျွန်တော်တို့နဲ့ လိုက်လည်ပါဦးလားဗျာ..။ဟိုမှာ..မိတ်ဟောင်းဆွေဟောင်းလေး
တွေနဲ့တွေ့ရတာပေါ့ဗျာ..။”
“အာ…မလုပ်ပါနဲ့ဆရာရယ်..။ကျွန်တော်သွားတော့မယ်နော်..။ခွင့်ပြုပါဦးဗျာ။..”
“ဟေ့ … လာကြဦး..။ဒီကျန်တဲ့တစ်ယောက်ပါခေါ်သွားမှရမယ်။ဒီကောင့်ကိုကြည့်ကြစမ်းပါဦး။နေကောင်း
တယ်သာပြောတယ်။ခါးမှာလည်းယပ်တောင်စုတ်ကြီးထိုးလို့။တောက်..အရူးတွေများကွာ။သူငါ့ကိုကျော
ပေးပြီးလှည့်လိုက်တာ၊ဘွားကနဲကိုတန်းမိတော့တာပဲ။ ငါမသင်္ကာလို့အစ်ကြည့်တာ၊မိတာပဲ။ တစ်ခါတည်း
ခေါ်သွား..ဒီကောင်ကိုပါ။ ဒီတစ်ခါတော့တစ်ယောက်လိုက်ရှာရင်းနှစ်ယောက်မိသွားပြီဟေ့။”

လက်ဖက်ရည်ဆိုင်အတွင်းရှိ ကောင်တာမှ အမယ်အိုကြီးသည် ထိုအဖြစ်ကို ကြည့်ပြီး ..ဟင်းကနဲ
သက်ပြင်းချကာငြီးလိုက်သည်မှာ..”သြော်..ဘုရားဟောများတယ်မှန်ပါလား။ လောကကြီးတစ်ခုလုံး အရူးတွေနဲ့အပြည့်..။အင်း..အင်း..။အနိစ္စ၊အနတ္တ၊ဒုက္ခ…”

ဒီမနက် သူနိုးထလာသည်။ ထုံးစံအတိုင်းသာဖြစ်ပြီး ဘာမှထူးထူးခြားခြားတော့မရှိလှ။ပုံမှန်အတိုင်းမျက်နှာသစ်မည်၊သွားတိုက်မည်၊
ရေချိုးမည်။အိမ်သာတက် နောက် မနက်စာစားလိမ့်ဦးမည်သာ။ ထူးဆန်းသည် ဟူသော အရာတစ်ခုမှမပါ၊သစ်လွင်မှုရနံပါးပါးလေး တောင်မရသော ဘ၀ ။ပြင်းရိဖွယ်အတိပြီးသော ဖြစ်တည်မှု။ သူတစ်ကိုယ်ရည်တည်ရှိမှုသည် ဘာနှင့်တူလို့တူနေမှန်းသူပင်ပြန်
မစဉ်းစားတတ်တော့ပေ။

အိမ်ဟု သတ်မှတ်ချက်လေးသာရှိသော တိုက်ခန်းကျဉ်းလေးထဲတွင် အိမ်သာနှင့်ရေချိုးခန်းသာ အခန်းနှင့်တူသယောင်ရှိသည်။ ဧည့်ခန်းလည်းဒါ၊ထမင်းစားခန်းလည်းဒါ၊အိပ်တော့လည်းဒီနေရာမှာပဲ။ခရုခွံလေးထဲရောက်နေသလိုလို မကြာမကြာခံစားမိသည်။
တစ်ခါတစ်ခါတော့လည်း မီးခြစ်ဘူးလေးနဲ့တူသလိုပဲ ဟုအပေါင်းအသင်းတွေကိုပြောမိတော့ ၀ိုင်းရီတာခံခဲ့ရဘူးသေးသည်။
အရင်ကနှစ်ယောက်နေသော်လည်း မင်းသားကယခု သူ့ကောင်မလေးနဲ့နေမည်ဆိုပြီးလက်ပြ၊အထုပ်ထမ်းလိုက်သွားလေတော့ တစ်ယောက်ထဲ ကျန်ခဲ့သည်။ငုတ်တုပ်။အစတော့မနေတတ်မထိုင်တတ်။နောက်တော့လည်း မီးဖိုက ပြန်ကျလာတဲ့မီးသွေး
အဟောင်းတွေလို သူ့စိတ်တွေကအေးခဲပြီးနေသားကြသွားတော့သည်။ဘ၀ဆိုတာ ဒါပါပဲလားလို့ခပ်ခြောက်ခြောက်ရီမော
ပြီးဟားတိုက်လိုက်တော့လည်း နေသာထိုင်သာရှိသလိုလို။

အလုပ်သွားအလုပ်ပြန် ဘတ်စ်ကားစီးသည်။ဘတ်စ်ကားစီးရသည်ကလည်း အရင်ဘ၀က ငါးပိလုပ်ရောင်းဘူးသည့်အလားဝဋ်ကြွေး
ရှိသည်ကို တစ်လုံးတစ်ဝ ပြန်ဆပ်ရသေးသည်။လူနံ့၊ချွေးနံ့၊….နံ့၊….နံ့။စုံသမထုံသင်းကာနေသည်။ရုံးရောက်လျှင် အနေမနား မန်နေဂျာကို ကြည့်ဖား ပြီးမဆူမခံရအောင်လည်း နေတတ်ထိုင်တတ်ပါမှ တော်ကာကျမည်။နေ့လည်စာကိုတော့ရုံးနားကဆိုင်မှာ
ပဲလပေးစား၊လပေးမစားလျှင်လည်းနပ်မမှန်နိုင်။တစ်လတွင် ရက် ၂၀ လောက်က ဘိုင်ပျက်၊ရေခမ်းလေ့ရှိတာ ဒို့ရိုးရာ။
ထမင်းဆိုင်ကို လပေးလို့ကျန်တာကြွေးဆပ် မိတ်မပျက်။ဘ၀ဆိုတာ သီအိုရီတွေ၊ဖေါ်မြူလာတွေ အပိုင်းအစတွေ
ဆက်စပ်ထားသလားပဲထင်တော့သည်။

တခါတရံသောညနေခင်းဆို အချစ်ဟောင်းတွေအကြောင်းပြန်တွေး၊ကြည်နူးစရာလေးတွေ ကိုပြန်အောက်မေ့၊ဒီလိုနဲ့ပဲရက်တွေ
ကြာလာ။ပျင်းလာလျှင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာသွားပြီး ပြတဲ့ဇာတ်ကားလေးကြည့်၊ပြန်လာလို့မှထပ်ပျင်းရင် ဂစ်တာတီး။
သူများတွေလို ရေဒီယိုဆိုတာလဲမရှိလေတော့ဘေးတိုက်က အဆောင်နေကလေးမတွေ ပြောတဲ့အတင်းလေညှင်းကို စိတ်ဝင်စား
စရာရှိမည်ထင်လျှင်ဝရံဒါမှာတိတ်တိတ်လေးထိုင်ပြီးစွပ်ကျယ်ပါးပါးဝတ်ပြီးတော့ နားသောတဆင်သည်။ဟိုကောင်လေးကအတန်း
ထဲက ဒီကောင်မလေးနဲ့ဘာလိုလို၊ဘယ်ကောင်မလေးက ညာကောင်လေးကို ကျိတ်ကြိုက်နေတာနဲ့ပေါ့လေ။ကောင်မလေးက ကားတင်ပြေးမယ်ဟူတော့မကြားဖူးသေးလို့သာတော်သေးသည်။

စိတ်အိုက်လာလျှင် အင်းယားကန်ဘောင်ကိုတက်မည်။ အတွဲတွေ ကလိတာကို အသာကြည့်မည်။ အတွဲတွေကဲတာကို အသာဟဲမည်။
နောက်မှောင်လာလျှင် (သို့မဟုတ်)ခြင်ကိုက်လာလျှင်ဒါရိုက်တာမပါပဲ အတွဲများသာပါသည့် ထိုရှူတင်မှသူပြန်မည်။ဒါတွေကို သူပြန်
အိမ်မက်ဖို့မစဉ်းစား။စိတ်တွေအရမ်းမွန်းကျပ်လာလျှင်တော့ ဘုရားသွားတတ်သည်။ အလုပ်မှာ စိတ်ပင်ပန်း၊လူပင်ပန်းနှင့် တစ်နေကုန်
နီးပါးနေရသည်မှာ မစားသာ။ဘုရားရိပ်တရားရိပ်က အလွန်အေးသည်မှာမှန်လှပေသည်။စိတ်သာမခိုင်လျှင် ဖျာတစ်ချပ်ဆွဲပြီး ထိုးအိပ်မိနိုင်သည်။ညစာကတော့ အနီးရှိဈေးလေးမှာ ဟင်းဝယ်ပြီးချက်စားမည်။စားကောင်းတယ်မကောင်းဘူးဆိုတာတော့ ကိုယ့်လက်ရာနဲကကိုယ်မို့မဝေဖန်ကြေးပေါ့။

အိပ်မည်ဆိုပြီးမနက်ကတည်းက မသိမ်းဘဲထောင်တားသည့် ခြင်ထောင်ထဲကိုဝင်ပြီး အတင်းအိပ်ရန်ကြိုးစားသည်။အိပ်မပျော်
လျှင်ငုတ်တုပ်ထထိုင်သည်။ဈေးပေါပေါနှင့်ဝယ်ရသော် ဓါတ်မီးအစုတ်လေးနှင့် ခြင်လိုက်ရှာမည်။မျက်စိညောင်းလျှင်အိပ်ပျော်သွား
လိမ့်မည်။