ကဗျာ


ကမ္ဘာဦးစ ထိုကာလက
ဧဒင်ဆိုတဲ့ ဥယျာဉ်ခြံကြီး
အထဲမှာတော့ အတွဲတစ်တွဲ
အေးလူပျော်ရွင် ချစ်ခင်ကြ၏….တဲ့

တစ်နေ့သောအခါ
မာရ်နတ်စေညွန်း တော်ကီမွန်း၍
အသက်ပန်းသီး ငတ်ကြီးကျလေသော်
ပူပင်ရောက်ရ ဂေါ့ဒ်ဘုရားဒေါပွ၏….တဲ့။

ထိုထိုပြစ်ချက် ရုံးမတက်ပဲ
ချက်ချင်းစီရင် မြိုင်မှနှင်သဖြင့်
အာဒံ၊ဧ၀ တောက်တောက်ယိုကာ
တောင်းပန်လည်းမရ ခြေလျင်ညောင်းကြ၏….တဲ့။

ဤလင်မယား ကိစ္စများကာ
သားနှင့်သမီး၊မြေးမြစ်တီတွက်
တစ်ပြွတ်ပြွတ်နှင့် မဆုံးသံသရာရှည်သောခါ
လူသားမျိုးနွယ် အပြားကျယ်လေ၏….တဲ့။

ယခုခေတ်ခါ ရန်ကုန်မြို့ကြီး
မြို့တက်တောသား အူကြောင်ကြား
ရရာအလုပ်ဖွေရှာလုပ်သော်
အရောင်းဌာန နေရာကျ၏….တဲ့။

ရာထူးစာရေး ခိုင်းတော့အစုံ
သူဌေးတူမ အပျိုလှနှင့်
မျက်စောင်းချင်းချိတ်
နှလုံးသားချင်း ဒိတ်လေ၏….တဲ့။

ထိုထိုသတင်း သူဌေးမင်းကြား၍
ဒေါသမျက်ကြီး ဆူပူဆောင့်လျက်
နှစ်ပြားမတန် သူဆက်ဆံကာ
ရာထူးမှနုတ် အလုပ်ဖြုတ်တော့၏….တဲ့။

ငါ့လက်ရောက်မည့် ထိုပန်းသီး
မစားပဲအဝေးမှသာ မျှော်ရရှာသည်
အပြစ်လည်းမရှိ ငိုင်သည့်ငတုံး
နာမည်မေးသော် လဂွန်းအိန်ဆို၏….တဲ့။


ချစ်သူ………..
မင်း ..သစ်သားမီးခြစ်ဗူးလေးတွေအကြောင်းကိုသိလား…။

သူတို့ဟာ လူတွေအလင်းကိုထွန်းညှိဖို့၊အပူကိုရရှိနိုင်ဖို့…
သူတို့ရဲ့ အသွေးအသား၊အတွင်းကလီစာတွေကိုထုတ်ပေးရရှာတယ်၊
သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရတွေ ဖြစ်ခွင့်ပေးပြီးပေးဆပ်ရှာတယ်။

ဒါပေမယ့် ချစ်သူရယ်…….
သူတို့ကိုယ်ထဲက အသွေးအသားတွေကုန်သွားတဲ့အခါ
သူတို့ခန္ဓကိုယ်မှာ အနာတွေဗလပွနဲ့ စုတ်ပြတ်သတ်သွားတဲ့အချိန်ကျတော့…..
လူတွေက သူတို့လေးတွေကို လွယ်လင့်တကူပဲ စွန့်ပစ်လိုက်ကြတယ်လေ။

ချစ်တဲ့သူရယ်…
ကိုယ်ဟာ မင်းရဲ့ဘ၀ မှာ မီးခြစ်ဗူးလေးတစ်ဗူးအဖြစ် သဘောထားပြီးစွန့်ခွာခံရတော့မှာလားကွာ။

ရန်ကုန်မြို့ကြီးရဲ့လမ်းမတွေပေါ်ခြေချမိတိုင်းစဉ်းစားမိတယ်…။
ငါတို့ဘာတွေမှားနေလဲ၊မှားခဲ့တာလဲ၊ဘာတွေ ဆက်မှားကြဦးမလဲ။

တိုးတက်မှုနဲ့အလှမ်းဝေးရတာ ဘယ်သူ့မှာတာဝန်ရှိလဲ…။
ဂုတ်ထိပ်တံတားကြီးနားကိုရောက်တော့တွေးမိတယ်။

ကျိန်စာတွေလို ကန့်သတ်မှုတွေက တို့တွေပေါ်မှာဘာလို့ရှိနေရတာလဲ…။
တီဗီအစီအစဉ်ကြည့်ရင်းမောမိတယ်။

ရှေ့ကသွားလေသူတွေရဲ့ သွေးချွေးတွေကို ဘယ်သူအားနာတတ်လဲ…။
ငါတို့ သွေးချွေးတွေရော ပေးဆပ်ဖို့ကျန်သေးလားကွာ။

မသိနားမလည်တဲ့ပြည်သူတွေလို့ပြောပြောနေတာမမောကြသေးဘူးလား…။
အင်းစိန်ထောင်ထဲနားလည်တဲ့သူတွေရောက်တာမနည်းတော့ဘူးနော်။

အိမ်မက်ဆိုးကြီးရယ် ရုန်းထွက်နှိုးထခွင့်ပြုပါတော့ …။
အိမ်မက်အလွန်က ကမ်းခြေသစ်ကိုငါအရောက်လှမ်းချင်လို့ပါ။

အမှန်တရားဆိုတာ စာရင်းဇယားတွေနဲ့လဲစားရတာမျိုးလား…။
ဒီလိုဆိုရင် စာရင်းဇယားတွေအောက်က အမှန်တရားကို ခဏလောက်ကြည့်ခွင့်ပြုပါ။

ရေတွေမယိုဆီးအောင်ဆည်တွေဆောက်ပြီးသွားပေမယ့်…။
လူတွေ ကျွန်ခံယိုဆီးသွားဖို့ တော့မင်းတို့ခွင့်ပြုခဲ့တယ်နော်။

ကယ်တင်တယ်ဆိုတဲ့စကားကို ထပ်ခါထပ်ခါမပြောနဲ့တော့ကွာ…။
မင်းရဲ့ကယ်တင်ခြင်း ကိုငါတို့ကြောက်လှပါပြီ။

မြို့တော်သစ်ကြီးရှိတာကို ဗိုက်ဟောင်းလောင်းနဲ့ ဂုဏ်ယူရမှာလား…။
ငါတို့မှာ ထမင်းရည်နပ်မှန်တောင်ဝမ်းသာရတဲ့ဘ၀။

မျှော်လင့်စောင့်စားနေရတဲ့ စိတ်မရှည်မှုကို ကိုရီးယားကားတွေ နဲ့အစားပြန်ရကြေးတဲ့လား…။
နှစ်လုံး၊သုံးလုံးထိုးပြီး မပျော်ကြပါနဲ့တော့။

လုပ်သလို မဖြစ်လို့၊ဖြစ်သလိုလုပ်နေကြတဲ့လူတွေကိုနှမြောတယ်…။
ငါ့ယုံကြည်ချက်တွေကိုတော့ ဒစ်စကောင့်နဲ့မပေးဘူး။

ဒီအရာဟာ တံခါးတစ်ခုပါ…
အိမ်လို့ခေါ်တဲ့ လေးထောင့်ပုံးသေတ္တာတစ်လုံးရဲ့ဝင်ပေါက်ပေါ့။

ဒီအရာဟာ ညနေခင်းတစ်ခုပါ….
နောက်ကွယ်မှာ အေးစက်စက်ဟင်းတွေနဲ့တည်ခင်းတဲ့ ညနေစာထမင်းတစ်ဝိုင်းရှိတယ်။

ဒီအရာဟာ မိသားစုတစ်စုပါ…
ပျော်ရွင်ခြင်းတွေနဲ့ဖုံးလွမ်းထားတဲ့ အဆင်မပြေမှုများစွာရဲ့ပြရုပ်ပဲလေ။

ဒီအရာဟာ တစ်ခါးပေါက်တစ်ခုပါ…
နောက်ကွယ်မှာ အစီအစဉ်တစ်ကျ စောင့်ကြိုနေတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ရယ်။

ဒီတံခါးပေါက်ရဲ့နောက်ကွယ်မှာ ….

ရက်စက်ခြင်း
မာယာ
အသံဗလံ
တီဗီ အစီအစဉ်
အေးစက်စက် မျက်နှာသေများ
ချိုသာတဲ့ခိုင်းစေသံတစ်ချို့
ကျွတ်စီကျွတ်စီမကျေနပ်သံတွေ
ပုံသေနည်းမနက်စာတစ်ပန်းကန်
မညီညာတဲ့အင်္ကျီ ခေါက်ရိုးကြောင်း
ပက်လက်လန်နေတဲ့ မျှော်လင့်ချက်အကြွင်းအကျန်များ
ပိုးစိုးပက်စက်လဲပြိုနေတဲ့ ဆယ်ကျော်သက်ဘ၀အိမ်မက်အပိုင်းအစတွေ
မျက်ရည်စီးကြောင်းမည်းမည်းနဲ့ အသည်းကွဲဇာတ်လမ်းအဟောင်းတစ်ပုဒ်
အိပ်မပျော်တဲ့ညတစ်ချို့ရဲ့ကွဲရှပ်ရှပ်ရီမောသံ
ခပ်ပါးပါးခင်းထားတဲ့ ဖျာတစ်ချပ်
နာတာရှည်အဆင့်ရှိတဲ့ သက်ပြင်းချသံသဲ့သဲ့…..။

မှတ်ချက်။ ။ဒီရက်ပိုင်းတွေမှာ အဆင်မပြေတာလေးတွေဆက်နေလို့ နည်းနည်းညစ်ပြီး၊လစ်နေတာနဲ့
ရေးဖြစ်သွားတာပါ..။ဖတ်ပြီးဘာကြီးမှန်းမသိရင်လဲခွင့်လွတ်ပေးကြပါ..။

လေအဟုန်ပြင်းပါတဲ့ ကစ်ချက်ကပြင်း
နာဂစ်မွှေ လူတွေသေပါလို့
အိမ်ယာပျောက်ငိုသူကများ။

ဒီအချိန် ကမ္ဘာမိသားစုရယ်များ
ကူညီမယ် လူလူချင်းပေမို့
စောင့်နေသူတွေမရှား။

စာနာစွာကမ်းတဲ့လက် ဖျက်ဖို့သူကြံ
ဒီနိုင်ငံ သူသာပိုင်ဟန်နဲ့
ပြန်ပါဟဲ့ ပြောတဲ့စကား။

သေပါစေ ပြည်သူများလေမို့
နေပါလေ ကိုဘန်ကီမွန်းရယ်
ဒို့ အမျိုးနဲ့ ဝေး။

မြန်မကြာ ဒေါ်လာသံကြားခါမှ
လာအမြန် သူပန်ကြားပြီတဲ့
ငမ်းချင်တဲ့ ငွေချော။

အော်သံက အမျိုးသားရေးပေပဲ
ဆောင်ဟန်က အမျိုးများအရေးပေမို့
ပေါ်ပါတယ် ထူးတဲ့ဖန်ကွက်။

နိုင်ပါတယ် ဒီမုန်တိုင်းကိုတော့
ငွေကိုတာ မြန်မြန်ပေးပါလို့
တောင်းရမ်းပုံကြမ်း။

ပြည်သူတွေ ကြံကုန်ပေးကာရယ်
သံဃာတွေ လွန်ကုန်ကြိုးပါလို့
ပြည့်တဲ့ဒီဝမ်း။

လာပြန်တယ် ဒီအမျိုးသားရေး
ရွှေကျောင်းကပြောင်ပေမယ့်
ပြည်ဝမ်းတော့ခေါင်မယ်မဝေး။
တွေးစရင်လေး..။

ပိုင်ဆိုင်ခွင့်အတွက် လမ်းတွေလျှောက်ခဲ့ဖူးပါတယ်။
နှလုံးသွေးတွေ၊ချစ်ခြင်းတရားတွေ ရင်းလို့ပေါ့။

ငိုခြင်း ရီခြင်းကင်းတဲ့ အရပ်မှာ ခဏလောက်ရှင်သန်ဖူးပါရစေ။
ငါ့ခံစားချက်တွေ ပြုန်းတီးကုန်မှာစိုးလို့ပါကွာ။

သေခြင်းတရားရဲ့တစ်ဖက်မှာ ဘာတွေရှိလဲ။
အိပ်မက်ရင်း၊အိပ်မက်ထဲမှာ ရှာဖွေပါရစေဦးလေ။

လှော်ရင်း ကျိုးခဲ့တဲ့ တက်ပဲ့ နဲ့ လောကကြီးကို ရွဲ့ ပစ်ဦးမယ်။
ငါ့တစ်သက်မှာ တစ်ခါတည်းသော အချစ်စစ်ပဲရှိတယ်ဟေ့။

အမှိုက် တစ်စအတွက် ပြသာဒ် မီးလောင်မလောင်တော့မသိဘူး။
လူပြိန်းတစ်ယောက်ရဲ့ အတ္တကြောင့် လူတွေ မငြိမ်းနိုင်ဘူးလေ။

လူဆိုတာ ပုံစံခွက်ထဲက မွေးတာ မဟုတ်ဘူးတဲ့..ပြောတဲ့လူရှိတယ်။
ဒါပေမယ့် ပုံစံခွက်နဲ့ လူတွေတော့ရှိပါတယ်ဆိုတာတော့ သက်သေပြနိုင်ပါတယ်။

စပယ်ယာဆိုတဲ့ လူတွေနဲ့တော့ ရန်မဖြစ်ဖူးလေတော့။
အိမ်ပြန်နောက်ကျတဲ့ ကားခတွေလဲ ဈေးတက်နေတာမဆန်းတော့သလိုပဲ။

လေလွင့် တိုက်စားနေတဲ့ စိတ်ဓာတ်တွေအတွက်
လဖ္ကက်ရည်တစ်ခွက်နဲ့ တော့ အစားဖြည့်နိုင်ပ့ါမလား။

လူတွေကြည့်တဲ့ ကိုရီးယား ကားတွေ ငါမကြည့်ဘူး။
အတွဲတွေသွားတတ်တဲ့ ကန်တော်ကြီးကို ပုံမှန်ငါမရောက်ဖြစ်ဘူး။

စာတွေများများ ဖတ်မိလို့ ခုဆိုမနက်တိုင်းအန်နေတတ်ပြီ။
ဒါပေမယ့် အန်လိုက်တိုင်း သတင်းစာ အပိုင်းအစတွေ ။

အုန်းသီးတွေထဲ ဘယ်သူရေထည့်သွားလဲ၊ငါတရားခံထွက်ရှာလိုက်ဦးမယ်။
တောက် …. တော်တော် လက်ကမြင်းတဲ့ကောင်၊တွေ့ရင်တော့လားကွာ။

ကိုယ့်လူတို့ရေ၊ခင်ဗျားပြဿနာကို မီးထွန်းမရှာပေမယ့်
ပြဿနာက ကိုယ့်ကို လာပတ်တာမျိုးကြုံဖူးကြလားဗျာ။

ချိုးငှက်တစ်ကောင်သူ့ဖာသာသူနေတာအကြောင်းမရှိပေမယ့်။
အနားမှာ လူဆိုတဲ့ အတ္တခဲများရောက်သွားရင်တော့ ဒီချိုးဟင်းတစ်ခွက်ဖြစ်မယ်နော်။

ရေကူးရင်း ရေငတ်နေလား၊ ဖောင်စီးရင်း ရေနှစ်နေလား။
ဒါတွေက ဖြစ်နေကျသင်ခန်းစာတွေရယ်ပါဗျာ။

နောက်ဆုံးတော့လဲငါသိလိုက်တယ် …. တစ်ကယ်တော့လေ … ဘ၀ ဆိုတာ
“နေတတ်မှ ကျေနပ်ဖို့ကောင်းတာပါတဲ့ …… “

ငါးနှစ်ရှိခဲ့ပြီအမေ သားတို့မျှော်ခဲ့တာပေါ့၊
စောင့်ခဲ့ရတဲ့အချိန်တွေကြာခဲ့ပေမယ့်သားတို့မမောပါဘူး။

အမေ့ကွယ်ရာမှာသားတို့ ညှင်းဆဲခံရတာတွေ၊
ကိုယ်တိုင်အညှင်းဆဲခံနေရတဲ့ အမေမမြင်နိုင်ခဲ့တာမဆန်းပါဘူးဗျာ။

မုန်တိုင်းဒဏ်ခံနေရတဲ့ သားတို့အတွက် အမေလိုတယ်၊
အစိမ်းရောင်တိရိစ္ဆာန်တွေရဲ့ရက်စက်မှုတွေကပါလွပ်မြှောက်ဖို့ရောပေါ့။

မျှော်လင့်ချက်တွေ ထပ်တစ်ခါအားသစ်လောင်းမယ့်သူ၊
ကိုးစားတွယ်တာမှုအပေါင်းတို့ ရဲ့မိခင်တစ်ဦး။

အမေနဲ့သားတို့တစ်တွေ တောင်ပံခတ် ပျံသန်းဦးမယ့်ရက်တွေ၊
ဟိုး …. မိုးကုတ်စက်ဝိုင်းဆီက လွပ်လပ်မှုတွေ ဆီဦးတည်လို့ပျံမယ်။

နွေးထွေးခြင်းတွေနဲ့ နေရောင်ခြည်ကို ပွေ့ယူနိုင်တဲ့
အတောင်ပံတွေနဲ့ အားပေးပါဦး .. အမေရယ်

ရှင်သန်ခွင့်ကို ပေးမယ့် မေတ္တာတရားတွေနဲ့
အိပ်မက်တွေကို အသက်သွင်းပါဦးလား အမေရယ်

အမေသာတစ်ကယ်ပြန်လာမယ်ဆိုရင်လေ
သားတို့ဒီတစ်ညလုံး မအိပ်ဘဲမျှော်နေမှာပါ…။

ငါတို့အိမ်မက်တွေ မက်ခဲ့ဘူးတယ်
လှပတဲ့ အိမ်မက်တွေပေါ့။

ထောင်နဲ့ ချီတဲ့ အဲဒီအိမ်မက်တွေကြား
ပြေးရင်းလွှားရင်း စီးမျှောကြတယ်။

အိမ်မက်ဟာ မျှော်လင့်ခြင်းပါ
အိမ်မက်တွေဟာ ယုံကြည်နေခြင်းပါ။

ဒီအိမ်မက်တွေကို ရပ်တန့်လိုက်တဲ့
နာဂစ် ရယ် ….. ခုတော့ မင်းကြောင့်

ကလေးတွေရဲ့ အနာဂတ် မလှပတော့ဘူး
လူတွေရဲ့ မျှော်လင့်ခြင်းတွေ ဆုံးပါးခဲ့ရပြီ။

မင်းဟာ နာမည် လှသလောက်
မင်းသယ်ဆောင်လာခဲ့တာ ရက်စက်ခြင်းပဲ။

မိသားစုတွေ ကွဲကွာခဲ့ရလေခြင်း
ချစ်ခင်သူတွေ ကွေကွင်းရတဲ့နာကျင်ခြင်း။

ဒါပေမယ့် မင်းသိထားဖို့က နာဂစ် ရယ်
မင်းရက်စက် ရပ်တန့်လိုက်ပေမယ့်

ဒို့အိမ်မက်တွေ ဆက်ရှင်သန်ဦးမယ်
ဒို့ အိမ်မက်တွေကို ဆက်မွေးဖွားစေဦးမယ်။

ကမ္ဘာဦးကတည်းက လူသားမျိုးနွယ်ဆိုတာ
ကြိုးစားမှုရဲ့ ရလဒ်နဲ့ ရှင်သန်ခဲ့တာပါ။

မျှော်လင့်ချက်နဲ့ အသက်ဆက်ခဲ့တာမျိုးပါ
ယုံကြည်မှုတွေ နဲ့ရှေ့ဆက်ကြတာရယ်ပါ။

ဒို့လဲရင် ဒို့အချင်းချင်းကူကြမယ်
ဒို့နာရင် ဒို့အချင်းချင်း ကုကြမယ်။

အပြန်အလှန်အားဖြင့် အိမ်မက်တွေ မျှဝေမယ်။
စာနာခြင်းတွေ နဲ့ဒို့အသဲနှလုံးတွေကို

အသစ်တစ်ဖန်ပြန်လို့လတ်ဆတ်စေကြမယ်လေ
ဒီနှလုံးသားတွေနဲ့ပဲ အိမ်မက်တွေဆက်မက်မှာပေါ့။

လေပြင်းတွေ တိုက်နေတယ်
ကိုယ်ကျိုးတွေလိုက်နေတယ်။

ဒီလှိုင်းတွေတက်လာတယ်
စိတ်ရိုင်းတွေဖျက်လာတယ်။

ကူးရင်းနှစ်တဲ့လူတွေ အတွက်
ကူရင်းနှစ်တဲ့သူတွေ ရှိခဲ့မှာပါ။

ကူရင်းနှစ်တဲ့သူတွေကိုမှ
ထူရင်းပြန်နှစ်ရက်တဲ့သူတွေလဲရှိနေတယ်လေ။

နာဂစ်ကြောင့်လူတွေ နာကျင်ငိုကျွေးနေကြပေမယ့်
တစ်ချို့ကတော့ ကွက်လပ်တွေ ပြည့်လာလို့ပျော်ကြတယ်တဲ့။

ငတ်နေကြသူတွေကိုမှ ရှုနေကြတယ်
နာနေကြသူတွေကိုမှ ထောင်းတဲ့သူတွေ

ရိုးသားစွာ ဒုက္ခရောက်နေ သူတွေကို
ကောက်ကျစ်စွာ ကယ်တင်ခဲ့ကြတယ်။

လှုဒန်းမှု အစုစုမှာ သူတို့နာမည်တွေနဲ့ နေရာယူတယ်
ပုံရိပ်သေ အချို့အတွက် လှုပ်ရှားချင် ယောင်ဆောင်ကြတယ်။

လမ်းမှားနေတဲ့ အရောက်ပို့ဝန်ဆောင်မှုလဲ ရှိသေးတယ်
အိမ်မှားနေတဲ့ ဒုက္ခသည်တွေ အတွက် ကတော့……..။