ဒီတစ်ခေါက်ရေးတာလေးကတော့ ကိုယ်တွေ့လေးတွေပါ။ အပေါင်းအသင်းများကောင်းမှုနဲ့ရခဲ့တဲ့အတွေ့အကြုံလေးတွေပေါ်မှာ ကိုယ့် အိုင်ဒီယာလေးတွေ တင်ကြည့်ထားတာမျိုးပေါ့။ကဲ..စလိုက်ရအောင်ဗျာ….
လဂွန်းအိန်ကတောသားပါ။ရန်ကုန်လာပြီးအစပိုင်းမှာ သင်တန်းလေးဘာလေး တက်ပြီး အတော်ပဲ ရန်ကုန်သားအပေါင်းအသင်းတွေရလာတယ်ဆိုပါတော့။တစ်ခုသော တနင်္ဂနွေ နေ့မှာပေါ့(အမှန်ကတော့ ဘာနေ့မှန်းမမှတ်မိတော့ပါ။ရမ်းရေးလိုက်ခြင်းဖြစ်သည်။)။ ချစ်ဘော်ဘော်တစ်ယောက်က မွေးနေ့တဲ့ ၊အလှုလေးလုပ်ဖြစ်မယ်ဆိုပြီးလာခေါ်တော့ ၀မ်းသာအားရနဲ့ ထလိုက်သွားတယ်လေ။ နေရာကတော့ ရွှေတိဂုံ ရင်ပြင်တော်ပေါ်က ဇရပ်လေးတစ်ခုမှာပေါ့ဗျာ။ ဟိုရောက်တော့ အချင်းချင်းတွေမို့ သိပ်အားနာစရာမလိုတော့လဲ ဆွဲရေးတွေ ပေးကြ၊ လုပ်စရာရှိတာ ၀ိုင်းလုပ်ပေးကြနဲ့ပျော်ပျော်ပါးပါး၊ပေါ့ပေါ့ပါးပါးပေါ့ဗျာ။ နောက် စားသောက်ပြီးစီးသွားကြတော့ သိမ်းဆည်းစရာတွေကို သိမ်းပြီး ရွှေတိဂုံ စေတီတော်ကြီးကို ပတ်ပြီးဖူးကြပေါ့။ ဇာတ်လမ်းက အဲဒီကစတော့တာပဲဗျာ။ အပေါင်းအသင်းတစ်ယောက်က အရှေ့တောင်ဒေါင့်နားရောက်တော့ `မင်း..ငါနဲ့ခဏလိုက်ခဲ့စမ်းပါ။ငါမင်းကို ပြစရာရှိတယ်။´ဆိုပြီးခေါ်သွားတော့ လဂွန်းအိန်တောသားလည်း ဘာများအထူးအဆန်းတွေ့မလည်းဆိုပြီး နောက်ကလိုက်တော့တာပေါ့ဗျာ။အဲ ..တွေ့လိုက်ရတာက ညောင်ပင်ကြီးတစ်ပင်မှာ လူတွေဝိုင်းပြီး အမွှေးတိုင်တွေထွန်းကြ၊ ပါးစပ်က တစ်တွတ်တွတ်နဲ့ ရွတ်ဆိုနေကြ နဲ့ဗျာ။လူတော့အစည်သားဗျ။ကျွန်တော့ အပေါင်းအသင်းကလည်း အများနည်းတူ ၀င်ပြီး အမွှေးတိုင်တွေထွန်း၊ပါးစမ်က ပွစိပွစိ နဲ့ရွတ်ပြီးဝင်နွဲတော့တာပဲဆရာ။ ဘာတွေလည်းပေါ့။ဒီတောသားကလည်း မြို့တက်လာတာသိပ်မကြာသေးတော့ ဘုမသိဘမသိနဲ့မို့ဒီတိုင်းပဲစိတ်ဝင်တစ်စားပဲဘေးက ရပ်ကြည့်နေမိလိုက်တယ်ဗျာ။ အဲ..မင်းသားက ပြီးလည်းပြီးရော ကျွန်တော့ဖက်ကို လှည့်လာပြီး `မင်း မရှိခိုးတော့ဘူးလား၊ဒါ ရွှေတိဂုံဘိုးဘိုးကြီးကွ။ သူ့ကို ပူဇော်ပြီး ဆုတောင်းရင် ပြည့်တယ်။မယုံမရှိနဲ့နော်..။´တဲ့။ကျွန်တော်လည်း စိတ်ထဲမှာ နည်းနည်း ညစ်သွားတယ်ဗျာ။စိတ်ထဲမှာလည်း ဘ၀င်မကျတဲ့အတွေးတွေနဲ့ ပြည့်သွားတယ်။ကိုယ့်ဆရာပဲစဉ်းစားကြည့်လေ။ ကျွန်တော်တို့ ဘုရားလာဖူးတယ်။ဒီလို ဘာမှန်းမသိတာတွေကိုတော့ သိပ်အရေးမပေးချင်တာအမှန်ပဲ။ဟုတ်တယ်လေနော်။ ဘုရားက အိမ်ကြီးရှင်၊ဒီချောင်(ဂျောင်)ကပ်နေတဲ့ဟာက ဘာအဆင့်လဲ။အမြင့်ဆုံး သတ်မှတ်နိုင်ရင်တောင် ဒရ၀မ် အဆင့်ပေါ့။ဟုတ်ဘူးလား။ကျွန်တော်တို့ ဘုရားရှိခိုးတယ်။အမွှေးနံသာ၊ဖယောင်းတိုင်တွေနဲ့ ပူဇော်ပြီး အာရုံပြုရှိခိုးတယ်။ သြကာသ၊တောင်ကျွန်းသံဗုဒ္ဒေတို့၊၂၄ ပစ္စည်းတို့ရွတ်ဖတ်ပြီး ရှိခိုးတယ်။နောက် သီလယူနိုင်ရင်လည်းယူပေါ့ဗျာ။ဒါဟာ ကျွန်တော်တို့က မြတ်စွာဘုရားရှင်ဆိုတဲ့ အိမ်ကြီးရှင်နဲ့ တွေ့ဆုံဂါရ၀ ပြုတယ်ပေါ့။ဒီလိုသတ်မှတ်ရင် မရိုင်းပါဘူးထင်တယ်။ ဟုတ်ပြီ..ဒီလိုဆို အိမ်ကြီးရှင်နဲ့ တွေ့ဆုံဂါရ၀ပြုပြီးရင် ခြံစောင့်ဒရ၀မ်ကောင်လောက်ကိုတော့ ….. ဟဲ..ဟဲ..။ လာရတဲ့မူရင်းရည်ရွယ်ချက်ကလည်းဘုရားကိုပူဇော်ရှိခိုးဖို့၊ဂါရ၀ ပြုဖို့မဟုတ်ကြဘူးလား။ဥစ္စာစီးဇိမ်တွေတိုးပွားဖို့လာတယ်ဆိုရင်တော့ ရည်ရွယ်ချက်အလွဲတွေနဲ့ဘုရားရှိခိုးပြီး ဘာကုသိုလ်မှမရ၊ဒါမှမဟုတ် ကုသိုလ်ရသင့်မလောက်မရနိုင်ဘူးလို့တော့ လဂွန်းအိန်ထင်တာပါပဲ။
ဒါပေမယ့်လဂွန်းအိန်ကအတွေးသမား သက်သက်ဆိုတော့ဘာမှ ပြန်မပြောဘဲ စိတ်ချမ်းသာရာသာလုပ်ပါစေတော့ဆိုပြီးပြုံးပြုံးပဲနေလိုက်တယ်။ နောက်ရင်ပြင်တော်ကိုပတ်ပြီးဖူးကြတာပြီးတော့ ဘုရားပေါ်ကဆင်းကြမယ်တဲ့။ခြေလျင်ဆင်းပြီး ကြီးငါးကြီးဖက်ကိုသွားမယ်တဲ့။လဂွန်းအိန်လည်း သွားပေါ့။ဟိုမှာလည်း ဘုရားတွေရှိတာပဲ။ဖုးရတာပေါ့ဆိုပြီးလိုက်သွားလိုက်တယ်။ရောက်ခါနီးကျတော့ တစ်ယောက်က ပြောမှသိတယ်။အဲဒီမှာ ၀ိဇ္ဖာလိုင်းလိုက်နေတဲ့ဘုန်းကြီးတစ်ပါးရှိတယ်တဲ့။ အဲဒီဘုန်းကြီးဆီကို သွားတာတဲ့။ ကဲဗျာ..ကောင်းရော..။ လှည့်ပြန်ချင်စိတ်ကို တစ်ခါတည်းပေါက်သွားတယ်..ဆရာရေ။ဒါပေမယ့်.. ရောက်ခါနီးနေပြီဆိုတာရယ်။ အပေါင်းအသင်းတွေဆိုတာ ရယ်တွေကြောင့်
အောင့်အီးပြီး လိုက်သွားလိုက်တယ်။ နောက်အမှန်မတိုင်းဝန်ခံရရင် ဘယ်လိုအနေအထားရှိလည်းဆိုတာကိုပါ စူးစမ်းချင်စိတ်တွေပေါက်လာတာလည်းပါပါတယ်။
ဟိုလည်းရောက်ရော အရင်ဆုံးဘုရားကို ဦးချဝတ်ပြုကြပြီး ဒေါင့်တစ်ဒေါင့်မှာ ယိုးဒယားသင်္ကန်း ရွှေရောင်ကြီးဆင်မြန်းထားတဲ့ အဲဒီဘုန်းဘုန်းဆိုတာကိုသွားတွေ့ကြတယ်ပဲဆိုပါတော့။ကျွန်တော် သင်္ကန်းကိုဆင်မြန်းတယ်လို့ပြောတာ အကြောင်းရှိပါတယ်။ သူသင်္ကန်းရုံထားတာ ဘယ်လိုမှ ၀ိနည်းနဲ့မညီဘူးဆိုတာမျက်စိနဲ့ကြည့်ရင်ကို ရှင်းရှင်းကြီးတွေ့နိုင်လို့ပါ။ဒါပေမယ့် ကျွန်တော့် အပေါင်းအသင်းတွေက အရှိုရှို ဦးတွေချပြီး ဘုန်းဘုန်း၊ဘုန်းဘုန်း နဲ့ကိုနေတော့ တာပဲဗျာ။ အဲဒီတော့ အဲဒီပုဂ္ဂိုလ်ကြီးက ကျွန်တော့ကိုလည်း ထိုင်ထိုင် ဆိုပြီးပြောတော့ ကျွန်တော်လည်းထိုင်ရတော့တာပေါ့။ နောက် သူကပဲ..ကဲ..ကဲ..ဦးချပါဦး ဆိုတော့ ကျွန်တော်…တော်တော် ကြီးကို အခက်တွေ့သွားတယ်ဗျာ။လဂွန်းအိန် အမှန်အတိုင်းပြောရရင် ရတနာ သုံးပါးကို ကိုးကွယ်တဲ့သူ၊ယုံကြည်တဲ့သူပါ။ ဒါပေမယ့် ဒီပုဂ္ဂိုလ်ပုံစံနဲ့နေပုံထိုင်ပုံတွေက တွေ့တာနဲ့ကို ဘယ်လိုမှ သံဃာဂိုဏ်းဝင် သံဃာတော် တစ်ပါးပါလို့ကို လက်ခံနိုင်စရာမရှိဘူးဖြစ်နေတော့ ခက်ပြီပေါ့ဗျာ။ အားလုံးကလည်းဝိုင်းပြီးကြည့်နေတော့ နောက်ဆုံးမသက်မသာနဲ့ပဲ စိတ်ထဲက `သံဃာတော်ကိုရှိခိုးပါ၏ ´လို့ ရွတ်ပြီး ဦးချလိုက်တယ်။ဒီတော့မှ ဒီပုဂ္ဂိုလ်လည်းကျေနပ်သွားသလို မျက်နှာပေးနဲ့ အင်းအင်းဆိုပြီး အသံပေးတော့တယ်။
နောက်ပြောတဲ့စကားတွေကလည်း တောင်ရောက်လိုက်မြောက်ရောက်လိုက်နဲ့ ဘယ်လိုမှ အစီအစဉ်မကျဘူး။ Out of the line လို့ပြောရမလားပဲ။ဒါမှမဟုတ်ရင် Out of the mind လို့ပြောရလောက်အောင်ကိုပါပဲဗျာ။ မှတ်မှတ်ရရ စိတ်ထဲစွဲသွားတာက ယောကျာင်္းပိုင်းလုံး၊မိန်းမပိုင်းလုံး..လို အရပ်စကားကြမ်းကြမ်းတွေရယ်၊ပိုဆိုးတာက သင်္ကန်းကြီးစီးပြီး အားမနာလျှာမကျိုးနဲ့ ..`မင်းတို့အသက်ငယ်ငယ်နဲ့ဘာသာရေးမလုပ်ကြနဲ့၊ဒီအရွယ်ကောင်းလေးမှာ စီးပွားရေးကိုပဲဇောက်ချသာလုပ်။ဒီအချိန်မှာ ဘာသာရေးလာလုပ်ရင် ကြောင်တောင်တောင်ဖြစ်သွားမယ်။ဂေါက်သွားမယ်..´ဆိုတဲ့စကားပါပဲ။ လဂွန်းအိန်တော့ ဒီစကားပြောတာကြားတော့မိုးကြိုးဘယ်အချိန်ခေါင်းပေါ်ကျလာမလဲဆိုပြီးကျောတွေကိုစိမ့်သွားတာပဲဗျာ။ကိုယ့်ဆရာရေ..။
စဉ်းစားကြည့်ပါဦး။ဘယ့်နှယ့်ဗျာ။သင်္ကန်းကြီးခြုံပြီး ဘာသာရေးမလုပ်နဲ့ဆိုတဲ့ သာဿနာဖျက် စကားမျိုးဘယ် သံဃာတော်က ပြောဝံ့မှာလည်း။ ဘာသာရေးဆိုတဲ့ ကိုးကွယ်ယုံကြည်မှုဆိုတာ အသက်အရွယ်နဲ့ လားလားမှ မဆိုင်တာ အားလုံးသော် သူတွေသိကြပါတယ်။ လဂွန်းအိန်လည်းသီးမခံနိုင်တော့တဲ့အဆုံး `ခွင့်ပြုပါဦး။´ဆိုပြီး ပထမကလိုပဲ သံဃာကို ရှိခိုးပါ၏ လို့စိတ်ကရွတ်ပြီး ဦးချလို့ အဲဒီနေရာက ထွက်ခဲ့လိုက်တယ်။အားလုံးကိုလည်း ကိစ္စလေးတစ်ခုရှိသေးလို့ သစွားတော့မယ်ဆိုတဲ့အကြောင်းပြပြီး ပြန်လစ်တော့တာပေါ့ဗျာ။ အိမ်ပြန်ရောက်တော့ စဉ်းစားမိတယ်။ဒီပုဂ္ဂိုလ် ဟာရူးနေတာပဲဖြစ်ရမယ်လို့။သူပြောတဲ့စကားတွေဟာ အထက်မှာရေးပြခဲ့တဲ့အတိုင်း ဘယ်လိုမှ အစီအစဉ်မကျ၊ ဘယ်လိုမှလည်းအနှစ်အရသာမရှိ။ အခြားသံဃာတော်တွေ တရားဟောတာမျိုးနဲ့လည်း နည်းနည်းမှမနီးစပ်(ခုလိုနှိုင်းပြရတာတောင် အပြစ်ရှိသလိုလိုခံစားရတယ်ဗျာ။)တာကြောင့်ပါ။နောက် ညကျမှ စောစောက ရင်ပြင်ပေါ်က ဘိုးဘိုးကြီးဆိုလား၊ဖြီးဖြီးကြီး ဆိုလား ..အဲဒါကြီးကိုသွားဆုတောင်းတဲ့ တစ်ယောက်ကိုဖုန်းဆက်မေးကြည့်လိုက်တယ်။ `မင်းတို့သွားတွေ့တဲ့ ဟာက အရူးလား´ဆိုပြီးတော့လေ။ အဲဒီလိုမေးလို့ သူပြန်ဖြေတဲ့အဖြေကို ကြားတော့မှ ပိုဆိုးတယ်ဆရာရေ။ `အာ..ဘယ်ကလာ ..သူငယ်ချင်းကလည်း။အဲဒါဓါတ်စီးနေတဲ့အချိန်မို့လို့ပေါ့။မင်းတို့က ဒါတွေကိုသိမှာမဟုတ်ပါဘူးလေ။´..တဲ့။ကောင်းကွာ။မေးမိတဲ့ ကိုယ့်ပါးစပ်တောင် ကိုယ့်ဖာသာ ပြန်ဖြတ်ရိုက်ပစ်ချင်စိတ်ပေါက်တယ်ဗျာ။နောက်ဖုံးချပြီး မှ စဉ်းစားကြည့်မိတယ်။ အရူးကြီးပြောတဲ့စကားတွေကို အရူးလေးတွေက နားထောင်နေခဲ့ကြပါလားလို့။ စိတ်လည်းမကောင်းဘူးဗျာ။ လူတွေဟာ ကိုးကွယ်ရာ ရတနာသုံးပါး အစစ်အမှန် ထင်ရှားရှိနေပါလျက်နဲ့ ဒီလို ကမျောက်ကချောက် ဟာတွေနောက်ကိုလိုက်နေရတာလဲ။ဘာကြောင့်လဲ။ဥာဏ်မှီသလောက် တွေးမိတာကတော့ အတ္တ၊လောဘ နဲ့မောဟတွေကြောင့်လို့ပဲထင်ပါတယ်။မြတ်ဘုရားဟော သလိုပါပဲ။တစ်လောကလုံးရှိတဲ့ ပုထုဇဉ် မှန်သမျှအားလုံးက အရူးတွေပဲတဲ့။ဒါကြောင့်ပဲနေမှာပေါ့။ကဲ..ကိုယ့်ဆရာတို့လည်း ၀ိုင်းစဉ်းစားပေးကြပေါ့ဗျာ။
July 6, 2008 at 7:18 am
စဉ်းစားစရာလေးတွေပါ။တစ်ကယ်ကိုမြန်မာပြည်ကလူအချို့ကအဲဒီိလိုဖြစ်နေ
ကြတယ်။မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုသေသေချာချာလေ့လာ
မယ်ဆိုရင်အဲဒီလိုဖြစ်စရာအကြောင်းမရှိဘူးလို့ထင်မိပါတယ်။
မြန်မာပြည်ကလူအချို့အမြင်မှန်မြန်မြန်ရနိုင်ကြပါစေ……