June 2008


သမိုင်းထဲမှာတစ်ကယ် ရှိခဲ့တဲ့သူရဲကောင်းလဂွန်းအိန် အကြောင်းရေးသားတင်ပြချင်ပါတယ်။ဒီစိတ်ကူးရတော့ နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ စာတွေပြန်ဖတ်၊ ရေးမယ့် ပုံစံတွေ စဉ်းစားနဲ့ပေါ့ဗျာ။နောက်အချိန်ကလဲတော်တော်ပေးရမယ်ထင်တာပါပဲ။
ကျွန်တော် ဒီစာတွေကို ရေးနိုင်ဖို့ စာအုပ်ထူထူ ကြီး အနည်းဆုံး ၃ အုပ်တော့ ပြန်ဖတ်ရပါလိမ့်မယ်။အိပ်ရေးတော့ပျက်တာပေါ့ဗျာ။
ဒါပေမယ့်ဖတ်တဲ့လူရှိရင် ရေးတဲ့လူလဲကျေနပ်ပါတယ်။ကျွန်တော် စာရေးတာ မရှင်းတာရှိခဲ့ရင်၊ သိချင်တာရှိခဲ့ရင် မေးကြပါ။
သိရင်ဖြေပါ့မယ်။မသိရင်လဲ မသိတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံပါ့မယ်။ လူတစ်ချို့လို မသိတာ၊မတတ်တာကို သိချင်တတ်ချင်ယောင်ဆောင်မနေပါ။ဒီစကားက ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။တိုက်ဆိုင်လို့ထိခိုက်သွားရင်တောင်းပန်ပါတယ်။

ဒါကတော့ အညွှန်းတွေပါ။ စာဖတ်ရင်းတွေ့လာကြပါလိမ့်မယ်။

နာမည်(သို့)အခေါ်အဝေါ်မူကွဲ = (/…)
မွန်ဘာသာနဲ့အသံထွက်ဆိုရင် = (…*)
ဆက်စပ်တဲ့အကြောင်းအရာများဆိုရင် =(….)

………………………………………………………………………………………………………………………………………………….

နိဒန်း

မြန်မာရာဇ၀င်တွင် အင်းဝ-ဟံသာဝတီ အနှစ် ၄၀ စစ်မှာ ထင်ရှားသည့် ကာလ၊သမိုင်းအကွေ့တစ်နေရာ ဖြစ်သည်။ ထိုကာလ
တွင်းတွင် အထက် အင်းဝ(မြန်မာ)နှင့် အောက်ပဲခူး(မွန်)တို့ အပြိုင်စစ်ပြုခဲ့ပြီး၊သူရဲကောင်း ၊ပညာရှိ များ အများအပြားပေါ်ထွန်းခဲ့ပြီး၊
ယဉ်ကျေးမှုအရလဲ ပဲ ရောနှော၊ပူးပေါင်းခဲ့ကြပါသည်။

ဟံသာဝတီတွင်သုရှင်ဗညားဦး(ဆင်ဖြူရှင်ဗညားဦး)နာမကျန်းဖြစ်ချိန်တွင်သားတော်ဗညားနွဲ့(နောင်တွင်-ရာဇာဓိရာဇ်/မြန်မာ
သက္ကရာဇ်၇၄၅-၇၂၈) အား သုရှင်ဧ။် အမတော် မဟာဒေ၀ီ နှင့်ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာသမိန်မရူးထီးနန်း
ရရန်ကြံလေသောကြောင့် ဗညားနွဲ့ လဲ ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်)သို့ထွက်ပြေးကာ ထိုမှနေပြီး ပုန်ကန်ပါတော့သည်။ (သမိန်မရူး နှင့် မဟာဒေ၀ီ တို့မှာ မရိုးသားကြပေ။)နောင်တွင် မဟာဒေ၀ီနှင့် သမိန်မရူးတို့ က စစ်တပ်ကြီးစီရင်ကာ ဒဂုံကို ၀ိုင်းရံ
လာစဉ် ဥပါယ်ဖြင့် မြောင်းမြ နှင့် မုတ္တမ တို့မှ စစ်တပ်များကို ပြန်လှည့် စေရန် ပြုပြီး သမိန်မရူး တပ်ကိုည အချိန်တွင် အပြင်းတိုက်
သဖြင့် မရူးပြေးရာ လူသူသုံ့ပန်း အများအပြားရပြီး အောင်ပွဲခံနိုင်လေသည်။ နောက် တွင်ပဲခူးထိချီတက်တိုက်ခိုက်ရာ ပဲခူးမရောက်
မှီ ခမည်းတော် ဗညားဦး နတ်ရွာလားလေသောကြောင့် တစ်ကြောင်း၊ သမိန်မရူးပြေးသောကြောင့်တစ်ကြောင်း၊မြို့တွင်းမှ မှုးမတ်
ဒေါဗညားများက ထောက်ခံသောကြောင့်တစ်ကြောင်း နန်း ပလ္လင်ပေါ်သို့လွယ်ကူစွာ တက်နိုင်ကာ ရာဇာဓိရာဇ် ဟူသောဘွဲ့ဖြင့် အသက် ၁၆ နှစ်တွင် ဟံသာဝတီပြည်ကို အုပ်စိုးလေသည်။နန်းတက်ပြီးနောက် မကြာမှီ အင်းဝမှမင်းကြီးစွာ သည် မြောင်းမြစား လောက်ဖြား၏
မနာလို ကုန်းတိုက်စကားတွင်ယုံမှတ်ကာ ဟံသာဝတီ ကိုအရယူရန်အကြံဖြင့်ချီလာသည်ကို တွန်းလှန် ခဲ့ရသေးသည်။အမှန်တွင်
ဟံသာဝတီမင်းနေပြည်၏ အာဏာစက်မှာ ရာမည မွန်သုံးရပ်တွင်အရှေ့မုတ္တမ ၃၂ မြို့ နှင့် အနောက် ပုသိမ်၃၂မြို့ များသို့ပင် သက်ရောက်နိုင်ခြင်းမရှိဘဲဖြစ်နေသည်မှာ ဆင်ဖြူရှင်ဗညားဦး လက်ထက်ကပင်ဖြစ်ပါသည်။ထို့ကြောင့်ဗညားနွဲ့ အနေဖြင့် အဆိုပါ
သူပုန်သူကန်၊ မြို့စားရွာစားများကို နှိမ်နှင်းရန် အကြောင်းဖန်လာ လေတော့သည်။

……………………………………………………………………………………………………………………………………………………..
အခန်း(၁)


ကျုပ်နာမည်က မသံလုံ(မဲ့စံလုံ/မွန်ဘာသာဖြင့်အသံထွက်*)၊မိဘများကတော့ သာမန် လယ်လုပ်အသည်သားတွေပါပဲ။ ကျုပ်ကျမှ တိုက်တာခိုက်တာ ၀ါသနာထုံလို့ ရွာက ဆရာတော်ရဲ့ ကပ္ပိယကြီးဆီမှာတိုက်နည်း ခိုက်ရာတွေကို သင်ကြားခဲ့တာအရွယ်
ရောက်သည်ထိပဲဆိုပါတော့။နောက်တော့ သုရှင်ရာဇာဓိရာဇ်ရဲ့ တပ်တော်ကြီး အရှေ့ဖက်မုတ္တမ နယ်တစ်လွှားကို နှိမ်နှင်းလာတယ်
်ကြားလို့ပဲအနီးဆုံးမြို့ဖြစ်တဲ့ တရည်း ကိုသွားပြီး မြို့စား အမတ်ကြီးသမိန်သံဗြတ်ဆီမှာ အမှုတော်ထမ်းလိုက်ပါတယ်။အမတ်ကြီးက ဥာဏ် အမျှော်အမြင်ကြီးသလို၊စစ်ရေးစစ်ရာမှာလဲ မညံ့လှပါဘူး။ပြောရရင် သုရှင်ရာဇာဓိရာဇ် ရဲ့လက်ရုံးတစ်အားပတ္တမြားအစွယ်
တစ်ချောင်းလိုပါပဲ။သုရှင် ရာဇာဓိရာဇ် ဆိုတာကလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ဘုန်းရှင်ကံရှင်ဖြစ်တာမို့ အင်မတန် ထက်မြက်လှပေမယ့်၊
သုရှင်ရဲ့ခမည်းတော် ဗညားဦး လက်ထက်တော်ကတည်းက ရှိခဲ့တဲ့ မြို့စားရွာစားများရဲ့ မလေးမခန့်တဲ့ပုန်ကန်မှုတွေ၊ မနာခံမှုတွေကို
လိုက်လံသုတ်သင်ရှင်းလင်းနေရတာပေါ့ဗျာ။ဒီလို သူပုန်သူကန်တွေကိုမရှင်းလင်းမှီကပဲ အနောက်ဖက်နယ်ဖြစ်တဲ့ မြောင်းမြမြို့က လောက်ဖြားရဲ့ သွေးထိုးမှုကြောင့်အထက် အ၀(အင်းဝ) ပြည်ကြီးက ရှင်ဘုရင် မင်းကြီးစွာ စစ်ပြုလာတာကို တွန်းလှန်ခဲ့ပြီးပြီမဟုတ်
လား။ နောက်အရှေ့ဖက်က ရန်စစ်တွေကို အရင်ရှင်းလင်းမယ်ဆိုပြီး ချီတက်လာတာတဲ့လေ။အစ က ဒီ တရည်းမြို့ဟာလဲ
ပုန်စားသူ ဘော်လဂွန်း (လောက်ဖြားနဲ့ တူတော်သူ) ကအခိုင်အမာ နေခဲ့တာပါ။နောက်သုရှင်စစ်ချီလာတယ်ကြားတော့ မခံဝံ့တော့ပဲ သူ့ဦးရီးဗြက်ထဗ ရှိရာ မုတ္တမ ကိုရှောင်တိမ်းသွားပါတယ်။ဒီတော့ သုရှင်လဲ ယုံကြည်ရတဲ့ အမတ်ကြီး သံဗြတ်ကို တရည်းမြို့မှာ
အင်အား၅၀၀၀နဲ့ ခန့်ထားပြီး နောက်ပြန်လှည့်လို့ ရိက္ခာ စုဖို့သွားပါတယ်။( လောက်ဖြားတို့ ညီအစ် ၄ ယောက်လုံးပုန်ကန်ကြ
သည်။ လောက်ဖြား=မြောင်းမြ၊အဲဗြပုန်=လဂွန်းဗျည်း၊ဗြတ်ထဗ=မုတ္တမ၊ဥလို=မော်လမြိုင်။အဆွေအမျိုးအင်အားများပြားသော
ကြောင့်ပုန်ကန်ကြခြင်းဖြစ်သည်။)သုရှင်စစ် ပြန်ရုတ်တယ်ကြားတော့မုတ္တမ နဲ့ မော်လမြိုင် ကသူပုန်တွေဟာအင်ကြီးအားကြီးနဲ့
ချီတက်လို့ ကျုပ်တို့စောင့်တဲ့တရည်းမြို့ကို တိုက်ခိုက်ပါတော့တယ်။ ကျုပ်က လဲ လက်ရေးထက်တဲ့လူပီပီ လာတဲ့ရန်သူစစ်မှန်
သမျှကို ဦးဆောင်တွန်းလှန် နိုင်လို့ ကျုပ်တို့တပ်မှာ ကျုပ်ဟာ နာမည် ကျော်လာပါတော့တယ်။ နောက် အမတ်ကြီး သမိန်သံဗြတ် က ကျုပ်ကောင်းကြောင်းတွေ ကိုသုရှင်စီ လျှောက်တင်ပေးလို့လားမသိဘူး။ ကျုပ်ကို သုရှင်က အဝေးနေဆုလာဘ်တော်တွေ ချီးမြှင့်
ပေးတယ်လေ။ ဒါပေမယ့် ကျုပ်လို ချင်တာဒီဆုလာဘ်တွေ မဟုတ်ပါဘူး။ ကျုပ်က ကျွန်ဖြစ်တဲ့လူပါ။ ကျုပ် အရှင်သခင်ဆီမှာ ကျွန်ကောင်းအဖြစ်နဲ့ အစွမ်းကုန် တာဝန်တွေ ထမ်းဆောင် ရဖို့ပဲ ရည်ရွယ်ပါတယ်။

……………………………………………………………………………………………………………………………………………………

အခန်း(၂)

ဒီတစ်ခါတော့ ကျုပ်အတွက် ပွဲကြီးပွဲကောင်း အစွမ်းပြခွင့်ရတော့မယ်ထင်ပါတယ်။ အမတ်ကြီး သံဗြတ် က လဂွန်းဗျည်း မှာရှိတဲ့ သုရှင်တပ် ကိုသွားကူညီ မယ်ဆိုပြီး ကျုပ်တို့ကို ခေါ်ဆောင်သွားလို့ပါ။ထင်တဲ့အတိုင်းပါပဲ။ ဟို ရောက်တော့ ကျုပ်တို့တပ်ကိုရှေ့တန်း
မှာထားလို့ တိုက်ခိုင်းပါတယ်လေ။ သုရှင်ဟာ စစ်ရေးစီရင်ရာမှာ ကျွမ်းကျင်တယ်ဆိုတာ ကျုပ်မျက်ဝါးထင်ထင် တွေ့ခွင့်ရတော့
တာပဲပေါ့။စစ်ကို မပြုမီ တိုက်ရမယ့် မြို့ ကိုအရင်ဦးဆုံး ပတ်ကြည့်တော့ ကျုံးနဲ့ အနီးတစ်နေရာမှာ တဲအိမ်တစ်လုံးတွေ့တာနဲ့ ညနေစောင်းအရောက်၊ လေဝှေ့ချိန် မှာ အဲဒီတဲကို မီးတိုက်ခိုင်းပါတယ်။ မီးကနေ မီးစမီးပွားလေးတွေ ဟာ မြို့ထဲကို လေနဲ့ပါပြီး မြို့တွင်းမှာပါမီးလောင်ပါတော့တယ်။ ဒီတော့ မြို့တွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်ပြီး မြို့မှာစောင့်တဲ့ ပုန်ကန်သူ ဘောလဂွန်း ဟာမြို့ပြင်ကို ဆင်နဲ့ထွက်လို့ မီးငြိမ်းမယ်ဆိုတဲ့ အကြံနဲ့လာပါတော့တယ်။ မြို့တံခါးအဖွင့်မှာပဲ ကျုပ်တို့တပ်တွေ အပြင်းဝင်တိုက်လို့ ရန်သူဗိုလ် လဲကျ၊မြို့ကိုလဲရပါတော့တယ်။ကျုပ်ရဲ့ အစွမ်းတွေ ကိုသုရှင်မျက်မြင် မြင်တဲ့နောက်မှာတော့ အနား ခစားစေတော့တယ်လေ။

ကျုပ်တို့လဲ ညရောက်တော့ အောင်ပွဲခံတဲ့အနေနဲ့ မြို့တွင်းမှာ စားသောက်နေကြတုန်း မြို့ပြင်က အသံတွေကြားလို့မှ မြို့ရိုးပေါ်တက်ကြည့်ကြတော့ သံမောင်မြို့စား မဂြိုင်း ဟာ သစ္စာ ကိုမစောင့်ပဲ သူ့တပ်တွေနဲ့ မြို့ပြင်က ကျုပ်တို့တပ်တွေကို အတင်းတိုက်ပြီး၊တပ်တိုင်တွေ တဲနဲ့ ရိက္ခာတွေကို မီးတင်ရှို့နေတာတွေ့လိုက်ရပါတော့တယ်။မဂြိုင်း ဟာ သုရှင်ရဲ့ခြေမသွေးကို သောက်ပြီးသစ္စာခံခဲ့ပြီးသားပါ။ ဒါပေမယ့် မရိုးသားတဲ့အကြံရှိနှင့်ပြီးသားမို့ ကျုပ်တို့စစ်ပန်းတဲ့အချိန်၊ အမှုမှတ်နေတဲ့အချိန် မှာ ၀င်တိုက်တာပဲဖြစ်ရမယ်။

“တော်.. ဒီကျွန်ပျက် မဂြိုင်းရဲ့ ခေါင်းကို ငါ့အားမည်သူဆက်မည်နည်း .. “……..
သုရှင်ရာဇာဓိရာဇ်ရဲ့အသံက တင်းမာ ခက်ထန်နေသည်။တိုက်သမျှ ရှုံးဖူးသည်မရှိ၊ ခုမှသစ္စာဖောက်ခံရ ပြီး အလစ်မှာ အတိုက်ခံရ
သောကြောင့် ရှက်ခြင်း၊ ဒေါသထွက်ခြင်းတို့ကို ခံစားနေရလေပြီ။ မင်းဧကရာဇ် တစ်ပါးအနေဖြင့် မြို့စားတပ် ၏ အာခံမှုကို ခံပြင်း
နေခြင်းလဲဖြစ်နိုင်သည်။ သို့သော် မည်သူမှ ရန်သူတပ်အတွင်း ၀င်ကာ ရန်သူဗိုလ်၏ခေါင်းကို ဖြတ်ယူပါမည်ဟု မလျှောက်ရဲကြ။
လွယ်လှသောကိစ္စမဟုတ်သလို အခန့်မသင့်လျှင် ရန်သူလက်ချက်ဖြင့်ခေါင်းနှင့်ကိုယ် အိုးစားကွဲမည်မဟုတ်လော။ထိုစဉ်……..

“ကျွန်ုပ်ရအောင်ယူပြီး သုရှင်ထံကိုဆက်မည်….” အောင်မြင်ရဲရင့်သော အသံကြောင့် အားလုံး အသံလာရာကို လှည့်ကြည့်ကြရာ…. မသံလုံ …. မကြာသေးမည်ကမှ အနားခေါ်ကာမြှောက်စားခံထားရသော သမိန်သံဗြတ် ၏သူရဲ မသံလုံ ….

သံမောင်မြို့၏ညအချိန်၊တိတ်ဆိတ်နေသောလဲ မဂြိုင်းမှာ မအိပ်နိုင်သေးဘဲ စံတော်အိမ်အတွင်း သလွန်ပေါ်တွင် ထိုင်လျှက်ပင်
ရှိနေသေးသည်။ ထိုစဉ် သူရဲတစ်ဦး ကိုယ်ကိုငုံကာ ခစားဝင်လာသည်ကိုတွေ့သောကြောင့် .. “ဟေ့.. ဘာကြောင့်ဒီအချိန်ကြီးမှ လာခစားရတာလဲ..မောင်မင်း”ဟုခပ်ပြတ်ပြတ် မေးမိ လိုက်သည်။”ရန်သူဦးခေါင်းဆက်သရန် လာခြင်းဖြစ်ပါသည်အရှင်” ..အသံမှာ ရဲရင့်လှသဖြင့် ရန်သူဦးခေါင်းကို အမှန်ပင် ဆက်လာသူဖြစ်မည် ဟုတွေးကာ … ခြင်းတောင်းအတွင်းမှ ခေါင်းပြတ်ကို ငုံကြည့်မိ
လိုက်သည်။ တဒင်္ဂ အတွင်းမှာပင်……မဂြိုင်းလည်တွင်ကျင်ခနဲဖြစ်သွားပြီးနောက်….

“ဟေ့ … ရန်သူ ၊ ရန်သူ .. မြို့စားမင်း လုပ်ကြံခံရပြီ .. ရန်သူ.. ”

သံမောင်မြို့အတွင်း ကမ္ဘာပျက်သကဲ့သို့ ဆူညံသွားသည်။ တပ်သားများ အသင့်မဖြစ်မှီပင် မသံလုံမှာ မြို့ပြင် သို့ရောက်သွားလေပြီ။ လုပ်ကြံမှုမှာ ရိုးရှင်းလွယ်ကူလှပါသည်။ ရန်သူခေါင်းပြတ် ကိုကြည့်ရန် ငုံလာသော မဂြိုင်း၏ခေါင်းကို ရုတ်ချဉ်း ထခုန်ပြီးခုတ်ဖြတ်ကာ ခြင်းအတွင်းမှ အိုးနှင့် ခေါင်းကို လဲလိုက်ခြင်းပင်ဖြစ်သည်။လုပ်ကိုင်ပုံပိရိ မြန်ဆန်သောကြောင့် စံအိမ်တော် တံခါးအပြင်မှ အစောင့်များ
ပင်မသိလိုက်ကြ။

များမကြာမှီ လဂွန်းဗျည်း မှ သုရှင်ရာဇာဓိရာဇ် ၏တဲနန်းအတွင်း….

မသံလုံ သွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် သုရှင်မှာ အတန်ပင် စိုးရိမ်နေမိပြီဖြစ်သည်။ မသံလုံ မှာ တိုက်ပွဲတွင်းတွင် ရဲဝံ့ပါသောလဲယခုကဲ့သို့ လုပ်ကြံရန်မှာ ရဲဝံ့ ယုံမျှမက ကြံရည်ဖန်ရည်နှင့်ပြည့်စုံရန် လည်းလိုအပ်ပေသည်။စဉ်းစားနေဆဲမှာပင် ….

ရှေ့တော်သို့ သွေးချင်းချင်းနီလျက်ရှိသော ခေါင်းပျက်တစ်ခု လှိမ့်ကာ ၀င်လာသဖြင့် သုရှင်မှာ လန့်ထိပ် တော်မူလေသည်။ ထိုအခြင်းအရာကို မြင်သော သမိန်သံဗြတ် က.. “သံမောင်စား မဂြိုင်း၏ဦးခေါင်းကို အရှင့်ကျွန် မသံလုံ ရသဖြင့်ဝင်ရောက်ဆက်သခြင်းဖြစ်ပါသည် ..အရှင်”

လျှောက်တင်သံကြားမှ သုရှင်လည်း အဖြစ်မှန် ကိုသိသဖြင့် မသံလုံ ကို ချီးမွမ်းတော်မူလေသည်… “ယောင်္ကျားကောင်းပီသပါပေသည်..။”

………………………………………………………………………………………………………………………………………………………

အခန်း(၃)

ကျုပ်မကျေနပ်ဘူးဗျာ။ ဒီလောက် ကြီးကျယ်တဲ့ အရေးကို အောင်တာတောင်ဗျာ။သူပုန်ခေါင်းကို ကျုပ် မှာစွန့်စွန့်စားစား တစ်ကိုယ်
တော် ၀င်ပြီး ဖြတ်လို့ သုရှင်ကို ဆက်တာ၊ သုရှင်က နှုတ်နဲ့ပဲ ..“ယောင်္ကျားကောင်းပီသပါပေသည်..။” တဲ့ ။ကျုပ်ဆုတော်
လာဘ်တော်တွေ မက်လို့ပြောတာမဟုတ်ပါဘူး။ တဲနန်းထဲက မှုးမတ် ဒေါဗညားတွေ ရှေ့မှာ ကျုပ် နဲ့ထိုက်တန်တဲ့ ချီးမွမ်းခန်းလေး
တော့ ဖွင့်ပေးဦးမှပေါ့။ ခုတော့ …….

မိုးပင်စင်စင် လင်းခါနီးသော်လဲ မသံလုံ အိပ်မရနိုင်ပဲ ဖြစ်နေသည်။သုရှင်သည် သူရဲကောင်းတွေကို ချစ်သည် ဟုကြားဖူးသည်မှာ
မဖြစ်နိုင်ဟုပင်တွေးမိတော့သည်..။သို့သော် .. ကိုယ်ကကျွန်၊ သူကအရှင်။မည်သို့မှ စောဒက မတက်ရာပေ ဟုနှလုံးသွင်းကာ စိတ်လျှော့လိုက်ရတော့သည်။

နောက် မော်လမြိုင်နှင့်မုတ္တမ မြို့များ သို့ အမတ်ကြီး သမိန်သံဗြတ် အပါအ၀င် အမတ်ဒိန်၊ ရဲသင်ရံ၊ဗြထဗိုက်၊အဲကောင်ဗိန်၊အဲနရဲ၊
ဗိုက်ပဲတို့တပ်(၇)တပ်ချီတက်ကာ သုရှင်က လဂွန်းဗျည်း မှသာ စံနေသည်။ ထိုစဉ် ဗြတ်ထဗ တို့ညီနောင်များလည်း ငှင်းတို့မြို့
အသီးသီး မှ အင်အားစုစည်းပြီး ထိုတပ် (၇) တပ်တို့ ကို လမ်းတွင် ညအချိန် အလှစ်ဝင်တိုက်သဖြင့် သမိန်သံဗြတ် နှင့် အမတ်ဒိန်
တပ် (၂) တပ်သာ ကျန် ပြီး ကျန် တပ်များ ပျက်လေတော့သည်။ သို့သော် …….

“သွေးသောက် သံဗြတ် ၊ ဆုတ် မည်လော..။” အမတ်ဒိန် အသံမှာ အလောကြီးလျက်ပင်ရှိလေသည်။မလောလဲမရနိင်။တပ်(၇)တပ်
လာရာ၊ယခု တပ် (၂) တပ် သာကျန်တော့သည် မဟုတ်ပါလော။ ဒါတောင် ရန်သူ များက အကုန်ချီမလာကြသေး။ချောင်းတစ်ဖက်
တွင် တပ်အချို့ ကျန်နေသေးသည်။ သမိန်သံဗြတ်က ..

“ငါတို့ဆုတ် သော် မင်းဧကရာဇ် ၏အရေးတော်ပုံပျက်ချေမည်။ယခုလည်း ငါတို့တပ်(၂) တပ်ကို သူတို့ ပျက်ရန်မတိုက်နိုင်သေး။
တပ်တွင်းမှ စစ်သည်တို့ကို အသံတိတ်နေပါစေ။ ငါတို့ ပရိယာရ် ပြုပြီးအနိုင်ယူရမည်။ငါတို့တပ်တွေ ဆုတ်ဟန်ပြုပြီး အထုတ်အပိုးတို့
ကိုပြင်မည်။သူတို့ဖက်က မြင်သော် ဆုတ်ပြီအမှတ်နှင့်ပေါ့ပေါ့ လျှော့လျှော့ တိုက်လာလျှင် ငါတို့အပြင်းတိုက် ကာ အနိုင်ယူပြစ်မည်။”

“ဟေ့ .. မသံလုံ .. အသင့်ပြင်စမ်း၊ရန်သူတွေ ချောင်းကူးလာရင်မင်းဦးဆောင်ပြီး အပြင်းသာတိုက်ချေ၊တပ်ဦးကနေမင်းမခွာလေနှင့်..။”

များမကြာမည်….အမတ်ဒိန် နှင့် သမိန်သံဗြတ် တို့(၂)တပ်သည် ရန်သူ တပ်အားလုံးကို အနိုင်ရပြီး အောင်ပန်းဆင်လျှက် မော်လမြိုင်နှင့် မုတ္တမ မြို့များကိုရလေသည်။

သုရှင်လည်း အားရတော်မူသဖြင့် အမတ်ဒိန် နှင့် သမိန်သံဗြတ်တို့အားဆုလာဘ်တော်များ ချီးမြှင့်ပြီး သမိန်သံဗြတ်ဟူသော်အမည်နာမ မှသမိန်ဗြာဇ္ဇ ဟူသော ဘွဲ့ဖြင့်တိုးတက် ချီးမြှောက်လေသည်။

……………………………………………………………………………………………………………………………………………………….

အခန်း(၄)

သုရှင်ရာဇာဓိရာဇ် သည် ရာမညတိုင်း မွန်သုံးရပ် တွင်အရှေ့တစ်လွားကိုသိမ်းသွင်းတော်မူပြီး၊မြို့စား၊ရွာစားများ အသီးသီးထည့်ကာ ဟံသာဝတီနေပြည်တော်(ပဲခူး)သို့ပြန်လေသည်။ လမ်းခရီး တစ်ထောက်နားရာ တိုက်ကုလား မြှိုသို့ရောက်လျှင်…….

`မှုးမတ်တို့ ဒီတိုက်ကုလားမြို့တွင်ခေါင်ငါးဆက်အိမ်နန်းတစ်ခုအမြန်ဆောက်ရမည်။´

မှုးမတ်၊တပ်သားအပေါင်းတို့လဲ ဘုရင့်နန်းတစ်ခုကို အချိန်မဆိုင်းပဲတည်ဆောက်ကြလေသည်..။

ထိုည…. တပ်တဲတစ်ခုအတွင်း ..

`လာ ..မသံလုံ .. မင်းကို ငါဒီညမှာ ဧည့်ခံကျွေးမွေးပေမည်။ မင်းအ၀သာ စားယစ်လေ…။´ ဗိုလ်မင်း ဗြာဇ္ဖစကားအဆုံးမှာကျုပ်
နားတောင်ကျုပ်မယုံနိုင်လောက်အောင်ဲဖြစ်သွားတယ်။အမတ်ကြီးလို သက်ကြီးဝါကြီးတစ်ယောက်က ကျုပ်ကိုစားပွဲ တည်ခင်းတယ်
ဆိုတော့ ကျုပ်အကြီးအကျယ်အံ့အားသင့်တာဆန်းသလားလေ။ အမတ်ကြီးလဲ ကျုပ်အကြောင်းတွေကို ထွေတွေရာရာမေးမြန်းလို့ ကျုပ်နဲ့အတူ ထိုင်ပြီး စားသောက်ပါတယ်။ အစတော့ ကျုပ်လဲ သူ့လို လူကြီးသူမနဲ့ တစ်စားပွဲထဲထိုင်ပြီးသောက်စားရတာ သိပ်တော့
မရဲလှပေမယ့် အချိန်လေးကြာလာတော့ ရင်းနှီးလာတာတစ်ကြောင်း၊နောက် ယစ်ရွှေရည်တွေရဲ့တန်ခိုးကြောင့် တစ်ကြောင်း ပြောရ
ဆိုရတာ တော်တော်ကို ကောင်းလာတာပေါ့ဗျာ။ နောက်တော့ သောက်ရင်း သောက်ရင်း ကျုပ် ကိုကျုပ် ဘာဖြစ်လိုက်မှန်းကို
မသိတော့လောက်အောင်ပါပဲဗျာ။

နောက်တစ်နေ့မနက်ဝေရီဝေလင်းအချိန် …..

ကျုပ်မျက်လုံးနှစ်လုံးပွင့်တော့ ကျုပ်အရင်ဆုံးတွေ့လိုက်ရတာက အမျိုးသမီးနှစ်ယောက်။ ဘယ်သူတွေလဲ ။ ကျုပ်လဲ မူးရီဝေနေဆဲမို့ ခေါင်းက ကောင်းကောင်း မကြည်လင်သေးပေဘူးပေါ့။ တစ်ယောက်ကိုတော့ သေသေချာချာ မြင်ဖူးသလိုတော့ရှိသလိုပဲဆိုပြီး ပြန်စဉ်းစားလိုက်တော့ …. ဘုရား၊ကယ်တော်မူပါ။ ဒါသုရှင်ရဲ့ မောင်းမတော် မေနှင်းကေသရာပဲ။ ဒုန်ဝုန်းစား သမိန်သံလှစ်ရဲ့သမီး၊
သုရှင်ရဲ့ကိုယ်လုပ်မောင်းမတစ်ပါး။ ဒါဆိုရင်..ဒီနေရာကရော။ ဟင် ဒါ….ဒါ ….. သုရှင်ရဲ့တဲနန်း၊ဒါသုရှင်ရဲ့ သလွန်တော်.. ဟာ..
သွားပြီ။ငါ…. ငါ၊ဘုရင့်နန်းပေါ်တက်၊ ဘုရင့်မောင်းမ တွေနဲ့ ……. အား…………

ကျုပ် မျက်လုံးတွေပြာသွားပြီး သလွန်ပေါ်က ခုန်ချဆင်းပြေးဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့် မောင်းမနှစ်ယောက်က ကျုပ်ကို တစ်ယောက်တစ်ဖက်ဆွဲထားပြီးတားနေတယ်ဗျာ။

`ကျွန်ုပ်တောင်းပန်ပါသည်။ကျွန်ုပ် စားသောက်လို့လူမှန်းမသိအောင်မူးယစ်သောကြောင့် ၊သုရှင်အိမ်နန်းပေါ်သို့တက်ကာပြစ်မှား
မိခြင်းဖြစ်ပါတယ်။ဒီတစ်ခါဖြင့် ချမ်းသာပေးစေလိုပါသည်။`

ကျုပ်ပြောလို့အပြီးမှာတော့ မေနှင်းကေသရာ က “မရုန်းပါနဲ့ မောင်ကြီး၊နှမတော်ပြောတာကို နားထောင်လှည့်ပါ။မစိုးရိမ်၊မကြောက်
ရွံပါနဲ့။”
တဲ့….။

ကျုပ်လဲ မရုန်းမကန်တော့ပဲ ရင်တစ်ထိတ်ထိတ်နဲ့နေတော့မှ သူကဆက်ပြီး…”သုရှင်က မောင်ကြီးကို ဒီ တိုက်ကုလားမြို့ကိုစားစေ
တယ်။ပြီးတော့ လဂွန်းအိန် ဆိုတဲ့ ဘွဲ့ရွှေနဖူးစီးနဲ့ ဒီခေါင်ငါးဆက်အိမ်ကြီး၊ ဆင်ပေါက်ငါးစီးပေးတဲ့အပြင် နှမတော်တို့နှစ်ယောက်
ကိုလဲ ကတော်မယား အဖြစ် ဆောင်နှင်းစေသည်။မောင်နေရာမှားလာသည်မဟုတ်။ဒီနေရာ၊အိမ်၊သလွန်၊မယား အားလုံးကို မောင်
ပိုင်ပါသည်။မယုံလျှင် နဖူးမှ ရွှေဘွဲ့ပြားသရဖူကို စမ်းကြည့်ပါ။”

ကျုပ်လဲ သူပြောအပြီးမှာ သူ့စကားအတိုင်း နဖူးကို ကိုင်စမ်းကြည့်တော့မှ မာမာ အရာတစ်ခု စမ်းမိတယ်။ ဒါနဲ့ အစည်းဖြေကြည့်တော့
မှ လဂွန်းအိန် ..တဲ့။ လဂွန်းအိန် …။ ဟာ .. ၀မ်းသာလိုက်လေခြင်း။ငါ့ကို သုရှင်က ဘ၀ပြောင်းစေခဲ့ပြီ။ ကြည့်စမ်း အိမ်တော်၊မယား၊ စားရန်မြို့ ။အကုန်ပြည့်စုံပြီပဲ။ကျုပ် နဖူးစည်းရွှေပြားကို ကြည့်ရင်းဝမ်းသာလိုက်တာဗျာ။ လဂွန်းအိန်… နတ်သိကြားကဲ့သို့ အစွမ်း
ထက်သူ
…တဲ့။ ကြီးကျယ်လိုက်တဲ့ဘွဲ့ပဲ။

သြော်..သိပြီ။ ကျုပ် သံမောင်စားမဂြိုင်း ခေါင်းကို ညချင်းဖြတ်လို့ ဆက်သစဉ်တုန်းက ရုတ်တရက်မို့ သုရှင်ထိတ်လန့်လေတယ်။
ဒါ့ကြောင့်ကျုပ်ကို ဆုလာဘ် တစ်စုံတစ်ရာ မချီးမြှင့်ပဲ နုတ်အားဖြင့်သာချီးမွမ်းတော်မူတာပေါ့။ခကျုပ်ကိုချီးမြှောက်တဲပ့ အခါကြမှ သူ့ကို လန့်အောင်လုပ်တဲ့ ကျုပ်ကို လန့်အောင် ပြန်ကျီစားတာကိုး…. ။ ကျုပ်ဝမ်းသာတယ်ဗျာ။ ဒီလို ထိုက်တန်တဲ့ ချီးမြှောက်မှုကြောင့်ပေါ့။
သုရှင်ဟာတစ်ကယ်ပဲ သူရဲကောင်းတွေကို ချစ်တယ်ဆိုတာတော့ ကျုပ် ရှင်းရှင်းကြီးယုံကြည်သွားပါပြီလေ။ကျုပ်လက်အစုံကလဲ သုရှင်ရှိမယ့် အရပ်ဆီကို ရည်စူး မိုးလို့ပေါ့။

………………………………………………………………………………………………………………………………………………….

အခန်း(၅)

သက္ကရာဇ် ၇၅၀ တွင် ရာဇာဓိရာဇ် နှင့် အမေတူ အဖ ကွဲ နောင်တော်သူ ဒလစား မညီကံကောင်းသည် မြောင်းမြ စားလောက်ဖြားနှင့်
သစ္စာပြုကာ ပုန်စားလေ၏။ သုရှင်လဲ ဒလ တို့ချီကာနှိမ်နှင်းပြီး နောင်တော် မညီကံကောင်း အားကွပ်ကာ ငှင်း၏သား၊တူတော်
ဘောကျော် အားသစ္စာ ခံစေသည်။ထို့နောက် အဖ၏ အရိုက်အရာ အမွှေအနှစ်တို့ကိုဆက်လက် ခံစားစေသည်။

နောက် မြောင်းမြ ကိုချီတက်ရန် အမတ်၊သေနာပတိ တို့ ကိုခေါ်ဆောင်ပြီး ချီလေသည်။ သို့သော် မြောင်းမြ မှာကျုံးလည်းကျယ်၊
မြို့ရိုးလည်း ခိုင်လှသဖြင့် မအောင်နိုင်ပဲရှိလေသည်။ ထို့ကြောင့် စစ်ရေးသာလောက်သည့် ပုသိမ်(ကုသိန်) သို့အရင်ချီသင့်ကြောင်း
မှုးမတ်များ က လျှောက်သောကြောင့် ပုသိမ် သို့ အလျှင်ချီတော်မူလေသည်။ ပုသိမ် ကိုစားသော သူတို့ မှာ လောက်ဖြား၏သား
လောက်ရုန် နှင့် လောက်သိန် တို့ဖြစ်ကြသည်။ပုသိမ်ရောက်လျှင် စိတ်မချသဖြင့်ဟံသာဝတီတွင်အချုပ်၌သွင်းထားသောညီတော်
ဘောငံမုန်(အဖတူအမိကွဲ)ကို အမတ်အဲကောင်ဗိန်အားစေလွတ်ပြီး ကွပ်စေသည်။ပုသိမ် သည်လည်း မြောင်းမြ နည်းတူအင်အား
ကြီးသောကြောင့် အတန်ကြာသည်အထိမရနိုင်၊ရာဇာဓိရာဇ်၏ငယ်ကျွန်ပညာရှိအမတ်ရာဇဓနု(မင်းကန်စီ/ပညာအလွန်တော်သူဖြစ်၊
ဒဂုံသို့သွားကာ ပုန်ကန်ရန်စီစဉ်ကတည်းကပါဝင်ကူညီသူ)လည်းကျဆုံးသောကြောင့် သုရှင်က မြောင်းမြ အားအရတိုက်လျှင် ပုသိမ် ကိုအလွယ်ရနိုင်သည်ဟု ဆိုကာ တပ်ကိုရုပ် ပြီး မြောင်းမြသို့ ပြန်ဦးလှည့်တော် မူရာ……

လောက်ရိုန် နှင့် လောက်သိန် တို့ က ထိုသတင်းကိုကြားသောကြောင့် .. ယခု ဗညားနွဲ့ သည်ငါတို့ကို မတိုက်နိုင်သဖြင့် မြောင်းမြသို့
လှည့်ချေပြီ။ ငါတို့စစ်နှင့် မြောင်းမြစစ် တို့နှစ်ဖက်ညှပ်တိုက်ခဲ့လျှင် သူမခံနိုင်.. ဟုဆွေးနွေးပြီး နောက်မှ အပြင်းလိုက်ရာ ပန်းလိုင်သို့
ရောက်လာကြလေ၏။ထို သည်ကိုကြားသော သုရှင်က …..

“လဂွန်းအိန်..ရန်သူ့တပ်များ အခြေမကျမှီ လိုင်ဝ သို့ချီချေ။ကြည်းပေါ်လည်းလုအချို့နေစေပြီး ချောင်းတွင်းတွင်တိုင်များစိုက်လော့။
ရေတက်လျှင် တိုင်ဖျားကိုကမ်းတစ်ဝက်သာပေါ်စေရမည်။ရေကျချိန်တွင်မှ တိုင်အလုံးပေါ်ရမည်။ပြီးလျှင် လူမာလူစွမ်း များကို ရွေးကာ လှေငယ် ၂၀ဖြင့်စစ်ယောင်ပြပြီးတိုင်များရှိရာသို့သင်းတို့ကို မျှားလာရမည်။ သင်းတို့လှေမှာ လှေကြီးဖြစ်သောကြောင့် တိုင်များတွင်
ငြိလျှင် ရုတ်ရုတ် ရက်ရက်၊ဖီလာကန့်လန့် ရှိကာမှ မင်းတို့ တစ်ဟုန်ထိုး တိုက်ရမည်။ ဒီလိုဆို နိုင်မည် မချွတ်(မလွဲ)။”ဟုမိန့်လေ၏။
ထိုနောက် လဂွန်းအိန် စိတ်ဓါတ်တက်ကြွစေရန် မိဖုရားငယ်တစ်ပါးဖြစ်သော မွေ့သင် ခေါ် ဒလသုဒ္ဒမာယာ (ဘုရင်မကြီးရှင်စောပု
၏မယ်တော်) ကိုကွမ်းဆက်စေလေသည်။

ကျုပ်စိတ်တွေ မလုံဘူးဗျာ။ဒီနေ့သုရှင်က မိဖုရားကို ကွမ်းဆက်စေတာ၊မိဖုရားရင်လွမ်း လျှောကျပြီး မိဖုရားရဲ့ အလွန်လျှို့ဝှက်အပ်တဲ့
အလှကို ကျုပ်မြင်လိုက်တယ်။ ဒါကို သုရှင်လဲအတွေ့ပဲ။အင်း…ထားပါလေ။ခုချီရမယ့် စစ်မှာ ပုသိမ်လှေတပ်ကလဲ အင်အားမသေးလှဘူး။
ကျုပ်က လှေငယ်လေး ၂၀ တည်းနဲ့သွားရမှာ။သုရှင် ကျုပ်ကိုချစ်မချစ် စမ်းသပ်ရမယ်။ အမှန်တကယ် ကျုပ်ကို တန်ဖိုးထားခဲ့ရင်တော့
ကျုပ်အသက်စွန့်ပြီး ဒီတာဝန်ကိုထမ်းမယ်။ မဟုတ်ရင်တော့ သေတာချင်းအတူတူ ရန်သူလက်ချက်နဲ့တော့ အသေမခံပဲ ဒီမှာပဲအသေခံ
တော့မယ်။…စဉ်းစားပြီးတပ်သားတွေကို ကျုပ်လှေပေါ်ကနေအမိန့်တစ်ခုပေးလိုက်တယ်.. “ဟေ့ .. မင်းတို့တပ်မင်းလဂွန်းအိန်ကို မေးရင် အနာရောဂါကြောင့် မကျန်းမမာ ဖြစ်သည်လို့ဖြေကြ…။”

မကြာမှီ ဗိုလ်မင်း သမိန်ဗြဇ္ဇ နှင့် အမတ်ဒိန်တို့လဲ လဂွန်းအိန် အချိန်တန်ပါလျှက် တပ်မထွက်သည်ကြောင့်အကြောင်းစုံသိရန်
လဂွန်းအိန်လှေသို့လာကြလေ၏..။လှေစောင့် တပ်သားများကလဲ ဗိုလ်မင်း လဂွန်းအိန် နာဖျားလေသော်ကြောင့် စစ်မချီနိုင်ကြောင်း
လျှောက် လေရာ အမတ်ကြီး ၂ ပါးလဲ လှေပေါ်တက်ပြီး လဂွန်းအိန် ကိုယ် ကို စမ်းသပ်ကြလေ၏..။

`အပူဖျားအအေးဖျား တစ်စုံတစ်ရာသောရောဂါလက္ခဏာသော်မှ မရှိ၊မင်းအဘယ်ကြောင့် ဤသို့ပြုသနည်း…´

ကျုပ်လဲ အကြံရှိနေတဲ့အတိုင်း .. `ယမန်နေ့က မိဖုရား ဒလသုဒ္ဓမာယာ ကျွန်ုပ်အားကွမ်းဆက်ရာတွင် ရင်ဝတ်တန်ဆာ လျှောကျသဖြင့်
မြင်မိသောအသွေးအရောင်မှာ ပဒုမ္မာ ကြာပွင့်ကဲ့သို့တင့်တယ်လှသောကြောင့် စိတ်ကိုကျွန်ုပ် မချုပ်တီးနိုင်။ထိုအာရုံတွင်သာကပ်ညှိ
နေသောကြောင့် မအိပ်အစားမနေနိုင်၊စစ်ထွက်လျှင်လည်း သေမည်မုချပင်။ထို့ကြောင့် သေသည်ချင်းအတူတူ ကျွန်ုပ်ဒီမှာပင်နေတော့
သည်။´လို့ပြောလိုက်တယ်။

အမတ်ကြီး ၂ ပါးလည်းကျုပ်ရဲ့ဒီစကားကိုကားတော့ မျက်နှာပျက်ပြီး.. `ငါ့တူ လဂွန်းအိန်၊အဘယ်ကြောင့်ဒီလိုဖြစ်ရသနည်း။ သခင်ပေး
သော ၀န်ကို ကျွန်ဖြစ်သောသူက မြဲရမည်ဖြစ်သည်။ `တောကိုလဲ မမင်နှင့်၊မင်းကိုလဲ မယုံနှင့်´ ဟူသောစကားပုံကိုဆင်ခြင်ပါလေ။မင်းမှာ စစ်တပ် တစ်တပ်ကို ဦးစီးရသော ဗိုလ်မင်းဖြစ်လေသည်။ သုရှင်ကလဲ အားရသောကြောင့် စားရန်မြို့၊မောင်းမ မယားများကိုလဲပေးခဲ့ဖူးပြီ။
ပေးသောည်းစိမ် နှင့် မတန်ရာကိုမင်းပြုလေသည်။ ရာဇ၀တ်ကျင့်ထုံးကို မင်းမသိလေသလော။ သုရှင်က မင်းကို ချစ်လှပြီဟု မာနထောင်
လွှားကာ ယခု မိဖုရားပါမင်းလိုချင်လေပြီ။ မင်းစိတ်ကိုမင်းပြင်ဆင်ပါ…´ အစရှိသဖြင့်ဆုံးမကြလေတယ်။

ကျုပ်ကလဲ အကြံသမားပီပီ ပေကပ်နေတော့တာနဲ့ လက်လျော့ပြီး ပြန်ကြပါတယ်..။

မကြာခင်မှာပဲကျုပ်ဆီကို သုရှင်က သူ့မိဖုရားကိုအမတ်ကြီး ၂ပါးနဲ့ပို့လာပါတော့တယ်။ကျုပ်လဲ အံ့သြ၊၀မ်းသာတာနဲ့ ရုတ်တရပ်မှင်
သက်ပြီး၊စကားရှာမရပဲ ဖြစ်နေသေးတယ်လေ။ သုရှင်က ကျုပ်ကို သူ့မိဖုရားထက်ကို ချစ်တာပေါ့..။ ဟား..ဟား။ကျုပ်စစ်ထွက် ရတာ
သေပျော်ပါပြီလေ။ ဒါနဲ့ ကျုပ်လဲ ရှင်မိဖုရားကို ပန်းပေါက်ပေါက်တို့နဲ့ ပူဇော်တောင်းပန်ပြီးအမတ်ကြီး ၂ ပါးကို ပြန်အပ်လို့ သုရှင်ကို
ပြန်ဆက်ကြောင်း၊ လဂွန်းအိန် စစ်ထွက်ပြီဖြစ်ကြောင်းသံတော်ဦးတင်ဖို့ရာ မှာကြားလိုက်တယ်။

ထို့နောက် ပန်းလိုင်တွင် သုရှင် မှာကြားသော အစီအရင် များလုပ်ပြီး စစ်ကိုတိုက်လေရာ ပုသိမ်လှေတပ်(လှေ၅၀၀ကျော်)မှာထောင်း
ထောင်းပျက်လေတော့သည်။လောက်ရိုန်လည်း လှေမှ ကုန်းသို့တက်ပြီး မြောင်းမြသို့ပြေးသောကြောင့် ပုသိမ် ကိုလဂွန်းအိန်
သိမ်းယူပြီး သုရှင်ထံသို့ဆက်လေသည်။သုရှင်လည်း အားရတော်မူလှသဖြင့် ချီးမွမ်းပြီးဆုလာဘ်များတိုးကာချီးမြှင့်
့်လေသည်။

ထို့အတူ ဒေးပသွယ်ကို အမတ်ဒိန်ရလေသဖြင့် သုရှင်ကိုဆက်လာသည်။ထို့နောက် မြောင်းမြသို့ချီတက်လုပ်ကြံလေသည်။မြောင်းမြ
တွင်လောက်ဖျား၏သား မပစ်နွယ်(မြန်မာမူတွင် ဗျည်းနွဲ့) ကတစ်ဦးချင်းဆင်စီးချင်းထိုးကာ အနိုင်အရှုံးဆုံးဖြတ်ရန်အရေးဆိုရာ
ရာဇာဓိရာဇ် ကလက်ခံပြီး တစ်ဦးချင်းစီးချင်းထိုးအနိုင်ယူရာ မြောင်းမြ ကိုရပေသည်။သို့သော်အသက်နှင့်နီးလှပေသည်။ဘုန်းကံကြီးသူ
ဖြစ်သဖြင့် မပစ်နွဲ့ ခုတ်ရန်ဓါးဆွဲထုတ်ရာတွင် ဓါးအိမ်မှဓါးမကျွတ်လေသောကြောင့်သာ။နောက်ဂတိအတိုင်း လောက်ဖျားအားအသက်မှ
လွတ်ပြီး ဒဂုံဆတော်ရှင်ဘုရား(ရွှေတိဂုံဘုရား)တွင်သီလဆောက်တည်စေသည်။ မပစ်နွဲ့ကို ထားလိုသော်လည်း `မနေလိုတော့´ ဟု
ဆိုကာသတ်ရန်တောင်းပန်သဖြင့် သတ်စေသည်။

………………………………………………………………………………………………………………………………………………

အခန်း(၆)

မြန်မာသက္ကရာဇ် ၇၅၂ ၊ ရာဇာဓိရာဇ် သက်တော် ၂၃ နှစ်တွင် အင်းဝပိုင် ကူထွတ်(ယခု မြန်အောင်မြို့)ကို အင်အားအပြည့်အစုံဖြင့်
ချီတက်တိုက်ခိုက်ကာသိမ်းပိုက်လေသည်။နောက် သမိန်ချစ်ဗေတ နှင့် သမိန်သံကြယ် တို့ ၂ယောက်အားစောင့်စေပြီး ဟံသာဝတီ
သို့ပြန်လေသည်။ အရောက်တွင်သားတော်ဘောလောအဲကျန်းတော(ဘောလောကျန်းဒေါ/ဗညားနွဲ့ငယ်မယား၊အဖတူအမိကွဲနှမ
လည်းတော်စပ်သော တလမေဒေါနှင့်မွေးသူ၊မိခင်မှာ ဗညားနွဲ့နန်းတက်စဉ်က မွေမနိတ်အား မိဖုရားကြီးအရာပေးသောကြောင့် အဆိပ်သောက်ပြီးသေ)မှ ဆင်မြင်း လေ့ကျင့်သည်၊စစ်ရေးအတတ်ကိုလေ့လာသည် ဟုကြား၍ အဲကောင်ဗိန် အားသွားဖမ်းစေကာ သတ်စေသည်။ဘောလောကျန်းဒေါလည်း စိတ်နာလှသောကြောင့် မိမိ ၏ရွှေအဆင်တန်ဆာတို့ကို ချွတ်ပြီးရွှေမော်ဒေါဘုရားကို
လှု၍ ဆုတောင်းကာ အဆိပ်သောက်သေလေသည်။တောင်းသောဆုမှာ ` ကျွန်ုပ်သေလွန်သော် အင်းဝမင်းမိဖုရားတွင်ဝင်စား၍
မြန်မာမင်းသားဖြစ်ရလိုပါ၏။ အရွယ်ရောက်လျှင် ခမည်းတော် ရာဇာဓိရာဇ် နှင့်စစ်ခင်းကာ မွန်၃ရပ်ကို နှိပ်စက်ရပါစေသား´ ဟူ၍
ဖြစ်တော့သည်။အချိန်တန်လျှင်အင်းဝမင်းသားမင်းခေါင်(မင်းဆွေ)နှင့်မိဖုရားရှင်မိနှောက်တို့၏သားတော် မင်းရဲကျော်စွာအဖြစ်မွေးလေ
သည်။( နောင်တစ်ချိန်တွင် မွန်မင်းသား တစ်ပါးဖြစ်သူ မင်းရဲကျော်စွာသည်ခမည်းတော် ဓမ္မစေတီမင်းက သတ်စေသောကြောင့် ဤကဲ့သို့
ပင်ဆုတောင်းကာ တောင်ငူဘုရင် တပင်ရွှေထီးဖြစ်ခဲ့သည်ဟုဆိုပါသည်။)

မြန်မာသက္ကရာဇ် ၇၅၄ တွင် အင်းဝမင်းကြီးစွာ သည်ကူထွတ် ကိုပြန်သိမ်းယူရန် တိုက်ဆင် ၈၀၀၊မြင်းသည် နှစ်သောင်း ၊အင်အား
တစ်သိန်းနှစ်သောင်း နှင့်ချီလာလေသည်။ရာဇာဓိရာဇ် လည်း ကြည်းရေ တပ်များဖွဲ့ ပြီး ကူထွက်ကိုချီလေသည်။

ရေတပ်တွင် ဟံသာဝတီမှ အနည်းငယ်အသာရပြီး၊ ကြည်းတွင်မူ တစ်ဖက်နှင့်တစ်ဖက် အနိုင်မရနိုင်ဘဲရှိလေရာ ရေတပ်မှ အမတ်ကြီးများဖြစ်ကြသော အမတ်မဟာသမွန်၊အမတ်ပွန်စီ၊အဲကောင်ဗိန် နှင့်ဗြထဗိုက် တို့ကကူထွပ်နှင့်အလွဲ တို့ကို အင်းဝအားပြန်ပေးပြီး သုရှင်အားစစ်ပြေငြိမ်းကြောင်း ရာဇသံ ဆက်ရန်နှင့်သံတမန်များစေလွတ်ရန် အကြံပြုလျှောက်ထားသဖြင့် သုရှင်က သဘောတူလေသည်။

ထို့နောက် ရာဇာဓိရာဇ် နှင့် မင်းကြီးစွာစော်ကဲတို့လဲ အသီးသီး စစ်ပြေငြိမ်းလျက် ပြန်လေသည်။ ထိုနှစ်တွင် မိဖုရားကြီး မွေမနိတ်(ပီယရာဇာဒေ၀ီ)လွန်သည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင် နန်းတက်လေ၏။ တစ်နှစ်အကြာတွင် တကောင်းစား ငနောက်စံ လုပ်ကြံ၍ လွန်သော် ညီဖြစ်သူ မင်းဆွေက မင်းခေါင် အမည်ယူကာနန်းတက်လေသည်။

ထိုသို့ရှိရာ ပုဂံနှင့်အင်းဝသားများ ညီညွတ်မှုမရှိဘဲ မင်းခေါင်၏ညီတော် မင်းသိဒ္ဒတ် သည် ရာဇာဓိရာဇ် ထံသို့ ခိုဝင်ခစားလာသည်။
ဤအချိန်တွင် သုရှင်ရာဇာဓိရာဇ်က အချက်ပိုင်ပိုင်ဖြင့် အင်းဝထိချီတက် သိမ်းပိုက်ရန် စစ်ပြင်လေတော့သည်။ကြည်းတပ်ရှေ့ဆုံး
စစ်ဖျားချီတပ်တွင် လဂွန်းအိန် ကိုထားသည်။ပြည်မြို့ကိုရောက်သော် ပြည်စားလက်ယာပျံချီ (မြောင်းမြစားလောက်ဖျား၏သား
တရဖျား၊အင်းဝတွင်ခစားသဖြင့် ပြည်မြို့တွင် မြို့စားခန့်ထားသူ)မှထွက်မတိုက်သောကြောင့် အရံသာထား၍ဆက်လက်ချီတက်လေ
သည်။စစ်ကိုင်းရောက်သော် အင်းဝမှ လည်း ပြည်နည်းတူ မြို့တွင်းမှတွက်ပြီးမတိုက်သဖြင့် တကောင်းအထိချီတက်သိမ်းယူလေသည်။
ပြည်တွင်အရံထားခဲ့သော သားမက်တော် စောမဟာရာဇ်၏ ညံ့ဖျင်းမှုကြောင့် တပ်ပျက်ပြီး သမီးတော် တလမေကျော်(တလမည်ကျော်)ကို လက်ယာပျံချီ ရ၍ အင်းဝသို့ ပို့လေရာ မင်းခေါင်က သားတော် သိင်္ဂသူ(သီဟသူ)နှင့် စုံဖက်စေသည်။အင်းဝသည် သုရှင်ရာဇာဓိရာဇ်၏
စစ်ကို ထွက်မတိုက်ပဲ ပညာရှိအပေါင်းတို့ကို ခေါ်ယူဆွေးနွေးရာ ပင်းယစကြိုသူမြတ်(ပန်းယသကြိုသူမြတ်)အမည်ရ သံဃာတော် တစ်ပါး
မှ တာဝန်ယူကာ စစ်ငြိမ်းရန် ကြံဆောင်ပါမယ်ဟု ဂတိပြုလေသည်။

ထို့နောက်တွင် ဘုရင်မင်းခေါင်၏ရာဇသ၀န်လွှာ၊လက်ဆောင်ပဏ္ဏာများနှင့် သူမြတ်သည် ရာဇာဓိရာဇ်ထံဝင်၍လျှောက်ထားလေသည်။
ထို့ကြောင့် ရာဇာဓိရာဇ် လည်း ထို ပင်းယသူကြိုသူမြတ် နှင့် စကားပြိုင်ဆိုင် ပြီးအခြေတင် အရေးဆိုကာ နောက်ဆုံးတွင် အင်းဝအနီး
တစ်ဝိုက်၌ သာဿနာရေးအဆောက်အဦးများ တည်ထားပြီး ပြန်လေသည်။ပြန်လှည့်ရာတွင် အင်းဝသားများက သုရှင်ကောင်းမှုတို့အား မီးတင်တိုက်လေသောကြောင့် ဒေါသဖြင့်ပြန်လှည့်ရန်မိန့်သော်လည်း ပင်းယသူကြိုသူမြတ်၊အမတ်ဒိန်၊သမိန်ဗြာဇ္ဇတို့ကတောင်းပန်
လေသဖြင့်ဆက်စုန်လေသည်။သမီးတော် အင်းဝသို့ပါကြောင်းကိုမူ ဒလ(ယခု တွံတေးမြို့နေရာ)ရောက်မှ သိသဖြင့် သားမက်တော်
စောမဟာရာဇ်အားခြေလက်တို့ကိုဖျက်စေရာ သွေးပျက်ပြီးရေသို့ခုန်ချသေလေသည်။

နောက်နှစ်တွင် သုရှင်သည် ဘုရင်မင်းခေါင်အား အမျက်မပြေနိုင်သောကြောင့် စစ်ချီပြန်သည်။မင်းခေါင်လည်းစစ်ကူသုံးသောင်းကို ပြည်မြို့သို့အမြန်ချီစေသည်။ရေတပ်တွင် သုရှင်ချီ၍ ကြည်းတွင် သမိန်ဗြာဇ္ဇ က တပ် ၇တပ်ကီုးဆောင်ချီသည်။ တပ်ဖျားတွင် လဂွန်းအိန် ကိုချီစေသည်။ သာဝတ္ထိသို့ရောက်သော် ….

သမိန်ဗြာဇ္ဇမှ အမိန့်ပေးလေသည်။ဟေ့..လဂွန်းအိန် ..မင်းတပ်သည်ရှေ့ဖျားစစ်ဖြစ်သည်။ အလျင်မလိုနှင့် ..။ခိုင်ခံ့စေရန်အသင့်ပြင်ထားလေ။ ရန်သူ့အသွားအလာကို ကြည့်၍ငါအချက်ပေးမှ တိုက်မည်။ ငါအချက်မပေးလျင်မတိုက်နှင့် …

ကျုပ်လဲ အစွမ်းပြချင်နေတဲ့အကျင့်ကမပျောက်လေတော့ ကန့်လန့်ပဲတွေးမိတယ်လေ။ ရန်သူစစ်ကိုမြင်တောင်မတိုက်ရလောက်အောင်ပဲ ကျုပ်ကသွေးနည်းနေတာမှ အဟုတ်တာ။ရန်သူကိုတိုက်ရအောင် သုရှင်က ကျုပ်တို့ကု ဒီအရောက်စေလွတ်လိုက်တာမဟုတ်လား။ကျုပ်မနေတော့ဘူး။ အခုပဲထွက်တိုက်မယ်။

ဤသို့ဖြင့် လဂွန်းအိန်သည် တပ်မှုးချုပ် ၏အမိန့်ကို ဖီဆန်ပြီး လွင်ပြင်သို့ အင်းဝတပ်အရောက်တွင် တစ်ရှိန်ထိုး ထွက်၍တိုက်လေသည်။ လဂွန်းအိန် ထွက်သည်ကို မြင်လျှင် ဥပါကောင်း၊ဘောကျော်နှင့် ဗြထဗိုက်တို့ ၃တပ်လည်း ထွက်တိုက်၏။ အင်းဝတပ် များအပြင်းပြန်တိုက်လေသောကြောင့် ရှေးဦးစွာ လဂွန်းအိန် တပ်တွင် စစ်သည်အများအပြားကျ ၍ဆုတ်ရ၏။ နောက် မှလိုက်လာကျသော် တပ်၃တပ်လည်း အခြေအနေ အကောင်းသောကြောင့် တောတွင်းသို့ရှောင်ရလေ၏။

တပ်၎ တပ်တော့ပျက်ချေပြီ။ ကျွန်ုပ်တို့ ခွာလျှင်သင့်မည်လော။ ဆက်တိုက်လျှင်သင့်မည်လော။ ..ဟု သမိန်အ၀နံနိုင်
(သမိန်အင်းဝနံနိုင်) ရေးကြီး သုပ်ပြာမေးလေသည်။ မိမိတို့၏ တပ်၎တပ်မှ ရန်သူထိုးစစ်ကြောင့် တပ်ပျက်ကာ တောတွင်းသို့ ရှောင်ရလေပြီမဟုတ်လော။ ထိုအခါ .. သမိန်ဗြာဇ္ဇ က … `ကျွန်ုပ်တို့ ပြေးမည်ဆိုပါက အရှင့်ဘုန်းရိပ်ကို အကျိုးမဲ့ ခိုလုံရာရောက်ပေတော့မယ်။ငါတို့လက်လျှော့ရန်မရှိ။ ရန်သူကိုသာ မနိုင်မချင်း ဆင်ထက်မှ တိုက်တော့မည်။´ ဟုဆိုကာတိုက်လေရာ အင်းဝစစ် ပျက်လေသည်။ အင်းဝစစ်အပျက်တွင် လဂွန်းအိန် သည် တောတွင်းမှ
ပြန်ထွက်၍ ဗိုလ်မင်းသမိန်ဗြာဇ္ဖ တိုက်၍မပြီးမှီ သုံပန်း ဆင်မြင်း အများအပြားကို အရယူပြီး သုရှင်ထံဦးစွာ ပြန်ပြီး ဆက်သလေသည်။

ဤသည်ကို သမိန်ဗြာဇ္ဖ ပြန်အရောက်တွင်ကြားလေရာ သုရှင်ထံအခစားမ၀င်၊အကြောင်းမလျှောက်ပဲနေလေရာ သုရှင်က အခေါ်လွတ်ပြီး အဘယ့်ကြောင့်အခစားမ၀င်သနည်း..´ ဟုမေးလေသည်။သမိန်ဗြာဇ္ဖလည်း

`လူအရည်အသွေးကို မကြည့်ပဲ တပ်ပျက်သူ လဂွန်းအိန် ကိုမြှောက်စား သည်ကို ကြားသောကြောင့် မ၀င်ခြင်းဖြစ်သည်။
ကျွန်တော်မျိုးရှက်လှသည်။´ဟူ၍ ပြန်လျှောက်လေ၏။

ကျုပ်လည်း .. `ကျွန်ုပ် အလျှင် ထွက်တိုက်ခြင်းဖြစ်ပါသည်။ နောက်မှ အကူအထောက်မရောက် ရာ ရန်သူစစ်လည်းကြီးသောကြောင့် တောသို့ဝင်ရပါသည်။နော် ဗိုလ်ပါအမျာိးကု ပြန်လည်စုရုံး၍ ပြန်ထွက်တိုက်ခဲ့ပြီး ရသော သုံပန်း၊ဆင်၊မြင်းတို့ကို ဆက်သခြင်းဖြစ်သည်..။`လို့ပြန်လျှောက်တော့ .. သုရှင်က လက်ခုပ်တီး၊ရီတော်မူပြီး….

`ဟယ်.. လဂွန်းအိန် သင့်စကားမှာလူကြီးကိုမရိုသေရာကျသည်။အမတ်သူရဲစကားမဟုတ်။နွားကျောင်းသားပြောသောစကား
နှင့်သာတူသည်။ဒီတစ်ကြိမ်ရှိစေ။နောက်တစ်ကြိမ်ဆိုလျှင် တပ်မှုးချုပ်လက်အပ်ကာ အပြစ်ပေးစေမယ်။` လို့မိန့်ပြီး သမိန်ဗြဇ္ဖ ကိုလည်း စိတ်ပြေကြောင်းဆုလာဘ်များပေးတော်မူတယ်လေ။ အမတ်ကြီး ကိုကြည့်ရတာ မကျန်းမာပုံပဲ ။ကျုပ်ကိုတော့ ဗွေယူပုံမပေါ်ပါဘူး။ သူမကျန်းမာကြောင်းသုရှင်သိတဲ့အတွက် ညီလာခံမှာ အုံးဝန်း (မှီအုံး)ပေးမှီဖို့ရာသုရှင်ကခွင့်ပြုတော်မူတယ်။

နောက်များမကြာမှီ အမတ်ကြီးသမိန်ဗြဇ္ဇလျှောက်တင်ချက်ကြောင့် သုရှင်သည် အနေအထားမကောင်းသော န၀င်းဆိပ်ကို ခွာလျက် တလည်းဆီးတွင် တပ်တည်ရန် စီစဉ်လေသည်။ထိုနေရာကို ဗာရာဏသီ ဟူ၍ခေါ်တွင်စေသည်။ န၀င်းတွင် တပ် ၃တပ်ကိုသာချန်လေ၏ ။ဘုရင်မင်းခေါင်လည်း `ငါမချီလျှင် ပြည်ကို မွန်တို့ရတော့မည်´ဟုဆိုကာ အင်အား ခုနှစ်သောင်း၊ဆင်နှစ်ရာ၊မြင်းသုံးထောင်ဖြင့်ချီလာလေ၏။

အမတ်ကြီးတို့က ထို၃တပ်ကိုပါပြန်ခေါ်ရန် လျှောက်သော်လည်း .. ထို၃တပ် ဗိုလ်မင်းများဖြစ်ကြသော တူတော်ဘော်ကျော်(ဒလစားမညီကံကောင်း၏သား)၊ဗြထဗိုက်နှင့် သမိန်ဇိပ်ဗြဲတို့ ရဲဝံ့စွာ ခံတိုက်ပါမည်ဟုကြွေးကြော်လေရာ သုရှင်လည်း သဘောတူ၍ ထို ၃တပ်ကို ပြန်မရုတ် ပဲထားလေ၏။

သာဝတ္ထိတွင် ပျက်ကာပြေးသော တပ် ၅တပ်မှာ မြေထဲအရောက်တွင် ဘုရင်မင်းခေါင်နှင့် ဆုံ၏။ထိုအခါ ပြန် ပြီးအနိုင်ယူရန် အာမခံပြီး တစ်ဖန် မင်းခေါင်တပ်များနှင့် ချီလာပြန်သည်။နောက် န၀င်းရှိတပ်၃တပ်ကို မနက်စောစော တွင် ရွပ်ရွပ် ချွံချွံ တိုက်ရာ န၀င်းရှိမွန်တပ်များပျက်ပြီး ကြုံးဝါးထားသည့်အတိုင်း အသေခံတိုက်သဖြင့်ဘောကျော် နှင့် ဗြထဗိုက်တို့ကျကာ သမိန်ဇိပ်ဗြဲကို ဖမ်းမိလေသည်။မသေပဲကျန်သော မွန်စစ်သည်တို့ လည်းချောင်းကိုဖြတ်ကူးကာ တစ်ဖက်ကမ်းရှိ ဗာရာဏသီတပ်သို့ကူးကြလေ၏။
ထိုအကြောင်းတို့ကိုသုရှင်သိသောကြောင့် ချောင်းကိုဖြတ်သူတို့အား ကမ်းနဖူးမှသတ်စေဟု အဲမွန်ဒယာအားစေလေသည်။ ထိုအခါ အမတ်ဒိန်နှင့် သမိန်ဗြာဇ္ဖ တို့က မိမိစစ်သည်တို့ကို သတ်ခြင်းမှာ ရန်သူကိုအားပံပေးခြင်းနှင့်တူသည်ဟုဝိုင်းလျှောက်သဖြင့် အမိန့်ကို ပြန်ရုတ်လေသည်။

နောက်တစ်ရက် ညီလာခံတွင် သမိန်ဗြာဇ္ဖက ယခုအင်းဝချီလာသောစစ်တွင် ရိက္ခာအလုံအလောက်မပါ။ထို့ကြောင့် ရိက္ခာရှိနိုင်ရနိုင်သော အထက်ဒေသမှ မြို့ရွာများကို တိုက်ခိုက်ဖျက်စီးလျှင် ရိက္ခာပြတ်လိမ့်မည်အကြောင်းလျှောက်ရာ အကြံကိုကြေိုက်ကြသဖြင့် ပဲခူးမှ သူရဲအများကို စေလွတ်ဖျက်စီးစေ၏။များမကြာမှီ ဘုရင်မင်းခေါင်လည်း တပ်တွင်ရိက္ခာမရသောကြောင့် ငတ်မွတ်လေသဖြင့် တမန်တော်စေကာရာဇာဓိရာဇ်အားစစ်ပြေငြိမ်းမည့်အရေး ဆိုလာလေသည်။ထို့ပြင် အမတ်ကြီး သမိန်ဗြာဇ္ဖကိုလည်း တွေ့မြင်လိုသည်ဟု
လည်းတွေ့ခွင့်တောင်းလေ၏။ရာဇာဓိရာဇ်လည်း”ငါ့ညီတော်ဘုရင်မင်းခေါင်သည်ပညာရှိပီသလှပေသည်။နှုတ်ရေးဖြင့်ငါ့ကိုအနိုင်ယူသည်။
စစ်ပြေငြိမ်းကြောင်းကိုဆွေးနွေးရန် ငါသဘောတူပြီ။” ဟုဆိုကာသမိန်ဗြာဇ္ဖကို သံအဖြစ်ပြန်စေလွတ်သည်။

ဘုရင်မင်းခေါင်လည်း အမတ်ကြီးသမိန်ဗြာဇ္ဖကိုတွေ့လျှင် ချီးမွမ်းတော်မူပြီး “ငါ့အစ်ကို ပိန်စွတကား”ဟုပြောလေရာ သမိန်ဗြာဇ္ဖကလည်းမ ကျန်းမာကြောင်းလျှောက်တင်၏။နောက် “အမတ်ကြီး သည်ဆင်ကျော့(ဆင်ဖမ်း) အလွန်ကောင်းကြောင်းပြောကြသည်။’ဟုပြောရာ သမိန်ဗြာဇ္ဖက “ဆင်ယဉ်ကိုကျော့ပြသည်မှာ အကျိုးမရှိ၊တောဆင်ရိုင်းရှိလျှင်ကျော့ပြနိုင်သည်။”ဟုပြန်လျှောက်ရာသဘောကျလေသဖြင့် အမတ်ကြီးကိုချီးမွမ်းပြီး ဆုလာဘ်များ၊လက်ဆောင်များလည်းပေးပြန်သည်။နောက် မင်းနှစ်ပါးတို့ မြသီတင်းဘုရားတွင်အတူတစ်ကွ သစ္စာဆိုကြလေသည်။လက်ဆောင်များအပြန်အလှန် ဆက်ကာချစ်ကြည်ရင်းနှီးကြလေသည်။ ထို့အပြင် ဗဒင်ရမ္မတောင် နှင့် ကြုံလှာ ကိုနယ်ခြားထားကာ အထက်ကို အင်းဝပိုင် ၊အောက်ကို ပဲခူးပိုင် အဖြစ်သဘောတူလေ၏။ရာဇာဓိရာဇ်ကဘုရင်မင်းခေါင်တွင် မိမိသမီးတော်တလမေကျော်ရှိပြီးဖြစ်သောကြောင့်မိမိနှင့်မင်းခေါင်နှမတော် မင်းလှမြတ်ကို စုံဖတ်ပေးစေလိုကြောင်း၊အပြန်အလှန်အားဖြင့် ပုသိမ်သဘောင်္ဆိပ်မှ နှစ်စဉ်ရသောအခွန်တို့ကို အင်းဝသို့ဆက်မည့်အကြောင်း၊ဗာရာဏာသီတွင်ရှိသောတပ်ကိုမိမိဂုဏ်သိက္ခာမညိုးနွမ်း
ရန်ချက်ချင်း မရုတ်သိမ်းသေးလိုကြောင်း၊အချိန်အနည်းငယ်ထားလိုသေးကြောင်းပြောရာဘုရင်မင်းခေါင်လည်းသဘောတူပြန်သည်။
နောက် တပ်ကို ရုတ်ကာအင်းဝနှင့် ဟံသာဝတီ သို့အသီးသီးပြန်ကြလေ၏။

……………………………………………………………………………………………………………………………………………………….

အခန်း(၇)

မကြာမှီ ဘုရင်မင်းခေါင်က မှုးမတ်များအား ဗာရာဏသီတပ်အကြောင်းမေးရာ တပ်မရုတ်သေးကြောင်းသိလေသဖြင့် ရာဇာဓိရာဇ်ကို အမျက်ထွက်ကာ ဇင်းမယ်(ချင်းမိုင်)မင်းထံ မဟာမိတ်ဖွဲ့မည့်အကြောင်း၊မိမိဦးစွာ ရခိုင်နှင့် ဗန်းမော်ရှမ်းတို့အားချီတက်တိုက်ခိုက်မည့်
အကြောင်း၊ပြီးလျှင်မိမိတို့မင်းနှစ်ပါး ဟံသာဝတီကို စစ်နှစ်ဖက်ညှပ်တိုက်ခိုက်ကာ အရယူမည့်အကြောင်း ရာဇသံတွင်ရေးပြီးပို့လေသည်။
ထိုတမန်တော်တို့ကို မွန်ကင်းတပ်သားများက မသက်ာရှိပြီးဖမ်းကာစစ်ရာ အကြောင်းစုံကို သိပြီး သုရှင်ထံသို့ပို့လေ၏။

ရာဇာဓိရာဇ်လည်း မင်းခေါင်သည် သစ္စာမရှိဟုအမျက်ထွက်ကာ တမန်တော်များကို ကွပ်စေသည်။နောက် ဘုရင်မင်းခေါင် ရခိုင်သို့ချီ မချီ စုံစမ်းစေပြီး ချီကြောင်းကိုသိလျှင် ပုသိမ်သို့ချီတက်တပ်စွဲကာ အပြန်တွင်လမ်းမှ ဖြတ်တိုက်မည်ဟုကြံလေသည်။ဘုရင်မင်းခေါင် လည်း ရခိုင်ရှိသံတွဲနှင့် မြောက်ဦး ကိုသိမ်းပိုက်ပြီး သမက်တော် ဂါမဏိ နှင့်သမီးတော် စောပြည့်ချမ်းသာ တို့ကို အစောင့်ထားကာ ဗန်းမော်သို့ ကုန်းကြောင်းမှ အမြန်ချီတက်သွားလေသည်။ ရခိုင်ဘုရင့်သား နရမိတ်လှ လည်းမွန်တို့ထံ ခိုဝင်လာပြီးအကူအညီတောင်းရာ သုရှင်က “သူ့သားငါ့သားနှယ်မဟူ။အတူတူပင်ဖြစ်တော့သည်။ မင်းအဖ၏ အရိုက်အရာကို ငါပြန်ယူပြီးမင်းကို ချမ်းသာပြန်ရစေမည်။”ဟုအာမခံကာ တပ်နှစ်တပ် တွင် သမိန်ငေါခွင် နှင့် သမိန်ဗိုက်ညက် တို့ကို အကြီးအမှုးခံပြီး စေလွှတ်တိုက်ခိုက်စေ၏။ရခိုင်သားတို့လည်း မိမိတို့အရှင်သခင်၏သား ပြန်လာလေပြီဟုကြားကာ အများအပြားပင် လာရောက် ခစားအမှုထမ်းကြလေသောကြောင့် သံတွဲကိုအလွယ်
တကူရကာ မြောက်ဦးသို့ဆက်လက်ချီတက်လေ၏။ နောက် မြောက်ဦးတွင်လည်း အနိုင်ရပြန်ရာ အင်းဝဘုရင်၏ သားမက်နှင့်သမီးတော်
တို့ကို ဖမ်းဆီးရမိကာသုရှင်ထံသို့အစောင့်များဖြင့်ပို့သည်။ မြောက်ဦးတွင် နရမိတ်လှအား နန်းတင်ပြီးမွန်တို့လည်းပြန်လေ၏။

ဘုရင်မင်းခေါင်၏သားမက်တော် ဂါမဏိ လည်းပုသိမ်တွင်အဆိပ်သောက်၍သေလေသည်တွင် စောပြည့်ချမ်းသာအား သုရှင်မှ မိဖုရားမြှောက်၏။ရခိုင်ပျက်ပြီး သမီး၊သားမက်တို့ကို ရာဇာဓိရာဇ် ရသည့်အကြောင်းကို ဗန်းမော်ရှမ်းတို့အား တိုက်ခိုက်လျှက်ရှိသော ဘုရင်မင်းခေါင်သိလျှင်`သည်ဗန်းမော်ရှမ်းတို့ပုန်ကန်သောကြောင့်ငါလာနှိမ်နှင်းရသည်။ငါ့သမီးတော်နှင့်သားမက် တို့ကိုရန်သူရလေပြီ။
ဒီဗန်းမော်ရှမ်းတို့ကြောင့်သာ။သင်းတို့အားလုံးကိုခုတ်၍ရေမှာဖျောက်စေ။..´ဟုမိန့်လေရာရဲမတ်တို့လဲ ရှမ်းတို့ကိုကွပ်လေ၏။နောက် `ဗညားနွဲ့ကိုမရလျှင်ငါမပြန်၊ရအောင်ယူမည်။…..´ဟုဆိုကာအင်အား တစ်သိန်းငါးသောင်း၊ဆင၊်မြင်းအပြည့်အစုံဖြင့်တောင်ငူကြောင်း
မှချီလေသည်။

ရာဇာဓိရာဇ်လည်း မင်းခေါင်စစ်ချီလာသည်ကိုကြားလျှင် စစ်တောင်းသို့ချီတက်တပ်စွဲလျက်နေလေသည်။နောက် အင်းဝစစ်အခြေအနေ
ကိုသိရရန် လဂွန်းအိန် အားချီတက်ထောက်လှမ်းစေသည်…။တောင်ငူအရောက်တွင် ….

ကျုပ်တို့တစ်ညကြာခရီးအပြင်းနှင်လာတဲ့နောက်တောင်ငူနားတစ်နေရာအရောက်မှာတော့ ..စစ်ချီတက်လာတဲ့အုန်းအုန်းကျွတ်ကျွတ်
အသံတွေကြားတာနဲ့ ရဲမက်တစ်ယောက်ကို သစ်ပင်ထက်ကိုတက်ပြီး စူးစမ်းစေတော့..အင်းဝစစ်ဟာကျုပ်တပ်နဲ့ရှေ့မနီးမဝေးမှာ ရောက်နေတယ်တဲ့လေ။ ကျုပ်လည်း ပါလာတဲ့ စစ်သည်၅၀၀ကို နှစ်စုခွဲပြီး တော်တွင်းမှာပုန်းနေစေတယ်။ကျုပ်တို့ပုန်းအောင်းနေတဲ့ အနားကိုရောက်မှသေချာကြည့်မိတယ်။ရှေ့ဖျားကချီတဲ့ရှမ်းစစ်သည်တွေကိုပဲ မနည်းတာတွေ့ရတာနဲ့ကျုပ်ရဲမက်တွေကိုအပြင်းပဲတိုက်
စေလိုက်တယ်။အစဦးတော့ ရန်သူတွေလည်းအငိုက်မိပြီး ၀ရုန်းသုန်းကားဖြစ်သွားကြပေမယ့်နောက်ကစစ်မကြီးလိုက်မှီလာတဲ့ အချိန်ကြတော့ ကျုပ်တို့မခံနိုင်လို့ တောလမ်းကပဲပြန်ဆုတ်လာခဲ့ရတယ်။

သုရှင်လဲကျုပ်အခစားဝင်တော့`သူ့စစ်ကိုမင်းမြင်ခဲ့သလော။မည်မျှရှိသနည်း။..´မေးတော့ကျုပ်လဲ အကြောင်းစုံကိုလျှောက်ပါတယ်။
ရှမ်းချည်းသပ်သပ်ချီသောအင်အားကိုမသေးကြောင်း၊နောက်တပ်မကြီးအပါအ၀င်ဆိုလျှင် တစ်သိန်းကျော်မျှရှိနိုင်ကြောင်း တွေကိုပေါ့။ သုရှင်လည်း ကျုပ်ကိုအနားပေးပြီး အမတ်ကြီး သမိန်ဗြာဇ္ဖကို မိန့်တယ်။ `ဒီတစ်ခါ ငါ့မြေကို မင်းဆွေ(မင်းခေါင်၏ငယ်နာမည်) မနင်းစေရ။သူ့ကိုငါစီးကြိုကာတိုက်မည်။အမတ်ကြီးအသင့်ပြင်ဆင်လော့။…´ဟုဆိုပြီးတောတွင်းမှဖြတ်တိုက်ရန်စီစဉ်စေတယ်။နောက်အ
မတ်ကြီးကကျုပ်ကိုခေါ်ပြီးရန်သူစစ်ရဲ့အခြေအနေ၊ဆင်၊မြင်းအင်အားအစရှိသည်တို့ကိုမေးလေတော့ကျုပ်ကမြင်းတပ်များပြီးဆင်တပ်နည်း
လှကြောင်းကိုပြန်ဖြေတော့ အမတ်ကြီးက ´ယခု အင်းဝချီလာသောစစ်သည် အင်အားအထူးပင်များလှသည်။ တောတွင်းမှ တိုက်မည်ဆိုသော်လည်း ရန်သူစစ်ဦး၊ကျွန်ုပ်တို့စစ်ဦးတို့မှာ စစ်ဦးဘီလူး ဟူသကဲ့သို့ရှိနေသောကြောင့် တိုက်လျှင် နှစ်ဖက်လုံးပင်ပန်းချိမ့်မည်။ထို့ကြောင့် သူ့စစ်ကို တောတွင်း၌သာနေစေပြီး၊ကျွန်ုပ်တို့ တပ်များကိုမြို့တွင်းသာနေစေမည်။အားရှစေမည်။ ထိုနောက်မှ ရန်သူကိုတိုက်လျှင် အလွယ်တကူနိုင် နိုင်လိမ့်မည်။ပင်ပင်ပန်းပန်းတိုက် ကာနိုင်လျှင်အကျိုးမရှိ..။´လို့ပြောတော့ သုရှင်က သဘောတူပြီးတပ်ကို စစ်တောင်းသို့ပြန်ဆုတ်ခဲ့တယ်။

ဘုရင်မင်းခေါင်လည်းတောတွင်းတွင်ဟံသာဝတီတပ်ရှိနေမည်အထင်နှင့်တောကိုမဖြတ်သေးဘဲ လွင်၌တစ်ပတ်မျှ အနားယူစေသည်။
ရာဇာဓိရာဇ်လည်း စစ်တောင်းတွင် ရှိသော ရိက္ခာ၊စပါး တို့ကို မီးတိုက်ဖျက်စီးစေပြီး ပန်းကျော် ထိဆုတ်ကာတပ်တည်လေသည်။နောက်
ဘုရင်မင်းခေါင်မှီလာသော် စစ်နှစ်ဖက် မျက်နှာချင်းဆိုင်ကာ တပ်များတည်ပြီး ပဲခူးတပ်နှင့်တည့်တည့်တွင် ရှမ်းတို့ကိုထားလေသည်။ ပဲခူးသားတို့မှာရေကျွမ်းကျင်ပြီး၊ရေကျရေတက် (ဒီရေအတက်အကျ)ကိုနားလည်သူများဖြစ်သဖြင့်ထိုအရာကိုနားမလည်သောရှမ်းတို့ကို
လှည့်စားကာရေမတက်ခင်တွင်ချောင်းလုံးပြည့်မျှဆင်းကာစိန်ခေါ်ပြီးရေတက်လာလျှင် အလျင်အမြန် ကမ်းပေါ်သို့တက်ပြေးသောကြောင့်
မသိသောရှမ်းသူရဲများ လည်း ရေနှစ်ကာ သေကြလေသည်။

နောက်ရက်အတန်ငယ်ကြာလျှင်ယခင်အကြိမ်အတိုင်း အင်းဝတပ်ရိက္ခာလမ်းကြောင်းကိုသမိန်အ၀နံနိုင် ကိုတိုက်ခိုက်ဖျက်စီးစေရာ၊အင်းဝ
တပ်တွင် ရိက္ခာ အခက်ကြုံပြန်လေသည်။ ရာဇာဓိရာဇ် လည်းသမိန်အ၀နံနိုင်ကိုချီးမွမ်းတော်မူပြီး သမိန်အ၀မင်းကြီး ဟုဘွဲ့တိုးချီးမြှင့်လေ
၏။ ဤတွင် ဘုရင်မင်းခေါင်က အင်းပဲသူကြီးကိုစေလွတ်ကာ သမီးတော်ကို သင့်တော်သော် ရာဇာဓိရာဇ်၏ သားတော်များအနက် တစ်ပါးပါးနှင့် စုံဖက်စေပါက စစ် နုတ်ကာပြန်ပါမည့်အကြောင်းအရေးဆိုလာတော့သည်။ရာဇာဓိရာဇ်လည်း အကောက်ကြံလျက် နှစ်ဖက် အမှုးအမတ်များ ကိုသစ္စာပြုစေမည့်အကြောင်း ပြီးလျှင် စစ်ပြေငြိမ်းမည့်အကြောင်း၊သစ္စာပြုမည့်အချိန်နေရာတို့ကိုအင်းပဲသူကြီး ကိုပြန်မိန့်ကာ မင်းခါင်အားလျှောက်စေသည်။ ရာဇာဓိရာဇ် ကြံသည်မှာ သစ္စာပြု ပြီးလျှင် အမှုးအမတ်တို့မှာ တစ်ဖက် ဘုရင်များစီသို့သွားကာ အခစားဝင်ဖူးမျှော်ကြမည်။ထို့ကြောင့် မွန်တို့ အင်းဝဘုရင်ထံသွားမည့်လမ်းတွင် လက်နက်၊ဓါးလှံများကိုဝှက်ထားပြီး အခစားဝင်ဟန်နှင့် မင်းခေါင်အားလုပ်ကြံစေမည်။ နောက် မွန်တပ်သို့လာကြသောအင်းဝ မြန်မာ အမှုးအမတ်တို့ ကိုတပ်တွင်းအရောက်တွင် ဖမ်းကာသတ်မည် ဟူ၍ဖြစ်လေသည်။ နောက် အကြံအတိုင်း အစီအစဉ်ကို အမတ်၊စစ်သူကြီး များအားပြောကာ သစ္စာပြုမည့် သဲသောင်ပြင်အနီးတွင် လက်နက်တို့ကိုဝှက်ထားစေ၏။ နောက် အချိန်တန်လေသော်အခါမွန်၊မြန်မာ အမတ်သေနာပတိပေါင်း ၆၀ တို့သည် ၂ယောက်တွဲ တွဲကာ သစ္စာပြုရန်နေရာတွင်နေရာယူလေသည်။အတွဲပေါင်း၃၀ တိတိဖြစ်သည်။ ရှေ့ဆုံးတွင် မွန်ဖက်မှ သမိန်ဗြာဇ္ဖ နှင့် မြန်မာမှ မြင်စိုင်းစာ မင်းသား သရေစည်သူ ၊နောက်တွင် အမတ်မဟာသမွန် နှင့် မင်းမဟာရာဇာ(မင်းရာဇာ)အစရှိသည်ဖြင့် ကြီးစဉ်ငယ်လိုက်စီရာ နောက်ဆုံးတွင် အငယ်ဆုံးဖြစ်ကြသော လဂွန်းအိန်နှင့် မိုးညှင်းသတိုး တို့ဖြစ်ကြလေသည်။

အမတ်ကြီးများက ကျုပ်တို့အတွဲကိုကြည့်ပြီးရယ်သွမ်းကြတယ်။ရီချင်လည်းရီချင်စရာပေပဲလေ။ ကျုပ်က လက်ခွင်ပြီး၊သတိုးက ခြေခွင်နေတာကိုးဗျာ။နောက် အမတ်တွေ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လက်ဆောင်တွေလဲလှယ်ကြပြီး စကားတွေပြောနေချိန်ကြတော့
သတိုးကကျုပ်ကိုလှမ်းမေတယ်။`ဟေ့..သွေးသောက်၊မင်းလည်းသူရဲကောင်း၊ငါလည်းသူရဲကောင်း။ယခုပြုမည့်သစ္စာမှာအဖြောင့်အမှန်
လော။နောက်ဖောက်ပြန်ကြဦးမည်လော…။´တဲ့…။

ကျုပ်လည်း နဂိုကမှ သုရှင်နဲ့အကြံကို သိပ်သဘောမကြလှတာနဲ့`ဟယ်..သတိုး၊အရှုး၊စစ်တို့၏သဘောတွင်သစ္စာမှန်သည်ဟုရှိဘူး
သလော။ ငါ့ကိုနင်ရလျှင်လည်းသတ်မည်။နင့်ကိုငါရလျှင်လည်းသတ်မည်သာပင်စစ်အတွင်းပြုသည့်သစ္စာကို မှန်သည်ဟုမင်းယုံသ
လော..။`လို့ပြောလိုက်တော့ သတိုးလည်း ရှေ့ဆုံးက သရေစည်သူ စီကိုပြေးသွားပြီး ပြောတာနဲ့ သစ္စာပြုပွဲပျက်လို့ပြန်ကြတယ်။
နောက်စခန်းပြန်ရောက်လျှင် သုရှင်မေးသော် လဂွန်းအိန်ကြောင့် သစ္စာဆိုပွဲပျက်ကြောင်းသိလျှင် အလွန်အမျက်ထွက်၍ `လဂွန်းအိန်အား ခြေလက်တို့ကိုဖျက်၍သတ်စေ။´ ဟုသေဒဏ်ပေးလေသည်။အဲမွန်ဒယာအားသတ်စေ၏။

အဲမွန်ဒယာလည်းကျုပ်ကို ဆွဲထုတ်လာပြီး ..´သွေးသောက်.. ကျွန်ုပ်လည်းယခုချိန်တွင် သုရှင်အမျက်ကြီးနေချိန်ဖြစ်သောကြောင့် သုရှင်အားမလျှောက်ရဲ…။သို့ကြောင့် သွေးသောက်ကသုရှင်ကိုကျေနပ်အောင်ချေပ နိုင်လျှင်ငါမသတ်၊အချေနိုင်လျှင်တော့သတ်ရမည်သာ..´လို့ပြောပြီးကျုပ်ကိုမသတ်သေးပဲချန်ထားပေးတယ်။

အမတ်ကြီး သမိန်ဗြာဇ္ဇ နှင့်အမတ်ဒိန်တို့လည်း.. `လဂွန်းအိန် သည်ထူးချွန်သော စစ်သူရဲဖြစ်သည်။ယခုကဲ့သို့ ရန်သူနှင့် စစ်ရင်ဆိုင်ချိန်တွင်သတ်ပါက အစားထိုးရန်ခက်လှသည်။တစ်ဖက်ရန်သူကို အားပံ့သည်နှင့်အတူတူ။´ဟုဝိုင်းလျှောက်ကြရာ ရာဇာဓိရာဇ် က `အခြားသူရဲကောင်း အစားထိုးရန်မရှိလျှင် ၊ငါကိုယ်တိုင် သူ့နေရာဝင်မည်။သတ်တော့။´ ဟုမိန့်၏။

အမတ်ကြီးနှစ်ပါး လည်းလဂွန်းအိန်ကို မသတ်စေလို၍..`အရှင်မင်းကြီး ၊လဂွန်းအိန်သည် ဤမျှလောက်ကြီးသော အကြံကိုဖျက်သည်မှာ သူ့တွင် အကြောင်းယုတ္တိ တစ်ခုခုရှိလိမ့်မည်။သူ့ကိုယခုခဏခေါ်ကာကျွန်တော်မျိုးတို့မေးပါဦးမည်။အကယ်၍ အကြောင်းဥပဒေ နှင့်ညီညွတ်လျှင် အသက်မှလွတ်သင့်ပေသည်။ အကယ်၍အကြောင်းမှန်မရှိလျှင် ကျွန်တော်မျိုးတို့ကိုယ်တိုင် စီရင်ပါမည်။´ ဟုဝိုင်းလျှောက်ကြလေသည်..။ရာဇာဓိရာဇ်လည်းမည်သို့မှ မဆိုပဲ ဆိတ်ဆိတ်နေရာ အမတ်ကြီး နှစ်ပါးတို့လဲ လဂွန်းအိန်ရှိရာ င်္သချိုင်းသို့လိုက်လေ၏။

……………………………………………………………………………………………………………………………………………………

အခန်း(၈)

ကျုပ်လဲ .. သေခါနီး ဘုရား၊တရား အာရုံပြုနေချိန်မှာ အမတ်ကြီးနှစ်ပါး ရောက်လာပြီး ကျုပ်ကို ပြန်လာခေါ်တော့ အံ့သြသွားပါတယ်။
နောက် တပ်ကိုပြန်ခေါ်သွားပြီး သုရှင်ရှေ့ကို ပြန်သွင်းပြီးမေးတော့ ကျုပ်လည်း ဘာမှ ပြောမထွက်ဘူးဖြစ်နေတယ်။အဲဒီအချိန်မှာ အမတ်ဒိန်က ` အမတ်ကြီး.. သုရှင်ရှေ့မှာ ဒီလိုစစ်လျှင် သူဆိုတတ်မည်လော။ အမတ်ကြီးတပ်ကိုခေါ်သွားစစ်ဆေးပြီးမှ ကျွန်ုပ်တို့
သုရှင်ကိုပြန်လာလျှောက်မှ တော့မည်။´လို့ပြောပြီး ကျုပ်ကို သမိန်ဗြာဇ္ဇ တပ်ကိုခေေါ်လာပြီးရေချိုးစေတယ်။ခဏနားပြီးတော့မှ
အမတ်ကြီးနှစ်ယောက်လဲ ကျုပ်ကို အကျိုးအကြောင်းမေး တော့တယ်။ကျုပ်လည်း…

` သတိုးကမေးချိန်တွင် ကျွန်ုပ်စဉ်းစားမိသည်။ မြန်မာတို့သည် ရိက္ခာပြတ်နေလေပြီ။မကြာမှီစစ်ရှူံးတော့မည်။ သူတို့စစ်ရှူံး၍နောက်မှ
အလွယ်တကူ လိုက်တိုက်ကာအနိုင်ယူလျှင်တရားသည်။ ယခုတွင် မဖြောင့်မမှန်သစ္စာပြုယောင်ဆောင်ကာ အနိုင်ယူလိုပြီးကျွန်ုပ်တို့ကြံ
သည်။ ရှေးက ဟံသာဝတီတွင် သိကြားမင်းဖန်ဆင်းသည့် အောင်မြေလည်းရှိသည်။ တရံအခါကလဲ အသားမင်းသားသည် ရန်သူ ကို တရားသောနည်းလမ်းဖြင့် အနိုင်ယူရန်မစဉ်းစားပဲ ဥပါယ်အကောက်ကြံ ပြုကာ အနိုင်ယူခဲ့သည်။ထို့ကြောင့် ဥပါယ်ဂို့ (ဥပါယ်ဖြင့်
အောင်မြင်သည့်မြို့/နောင်တွင်ထိုအသံထွက်မှပဂိုး(ပဲခူး)ဟုဆင်းသက်သည်ဟုယုံကြည်ကြသည်။)ဟုခေါ်သွင်ကြသည်။ယခုလည်း ရန်သူအင်းဝစစ်ကို စဉ်းလဲကာ ဥပါယ်ပြုပြီးအနိုင်ယူလျှင် ပဂိုး(ပဲခူး)အမည်ကိုဖျက်၍ မည်သို့၊မည်သည်ဆက်ပြီးခေါ်ရမည်ပင်မသိ။ ယင်းကဲ့သို့ ကျွန်ုပ်တွေးမိ၍ လျို့ဝှက်ချက်ကိုဖျက်ရခြင်းဖြစ်ပါသည်။´..လို့ကျုပ်ပြောတော့ အမတ်ကြီးနှစ်ပါးလဲ ´သို့ဆိုလျှင် အင်းဝစစ်ကိုတရားသော အကြံဖြင့် နိုင်ရန် မင်းတာဝန်ယူမည်လော။`လို့မေးတော့ ကျုပ်လည်း ..`ကျွန်ုပ်တစ်ဦးတည်းဆိုလျှင်မစွမ်း
နိုင်ပါ..´လို့ပြန်ဖြေတဲ့အခါ အမတ်ကြီးတို့ကလဲ `ဒီလိုဆိုမင်းအသက်မကျွင်းတော့ပြီ။´လို့ပြောတယ်။ကျုပ်လည်း ` အမတ်ကြီးနှစ်ပါးတို့ အကြံညွှန်ပြလျှင် တစ်ဝေမတိမ်း ကျွန်ုပ်လိုက်ပါမည်။သို့မှမဟုတ်လျှင် ကျွန်ုပ် မှာသေလူပင်ဖြစ်တော့သည်။´ လို့ပြန်ပြောတယ်။

ဒီအချိန်မှာ အမတ်ဒိန်က `ယင်းဆိုလျှင် မင်းကို သူရဲလေးရာပေးမည်။ မင်းကိုယ်တိုင်ဆင်စီး၍ မောလင်တော တွင်ပုန်းချေ။ အင်းဝရွှေနန်း
ရှင်သည် ညစဉ်ညတိုင်း အဖိုးဒနီရဲ ချောင်းတိုင်အောင် ကင်းလှည့်လေ့ရှိသည်။ ဆင်မြင်း အပေါ့အလျော့နှင့်သာလာလေ့ရှိသည်။သူရဲ
သူခက်များစွာမခေါ်လာတတ်။မောလင်တော အရောက်တွင်မင်းထွက်တိုက်ပါ။မင်းခေါင်ကို မင်းရလိမ့်မည်။ ..`လို့အအစီအစဉ်ချပေး
ပါတယ်။ ကျုပ်လည်းဆင်ဖြူတော်ဗကမတ်(အသိဏ္ဏရာဇ်/အဒရောင်ဟူ၍လည်းမူကွဲများရှိပါသည်။မည်သည့်မူအမှန်ဆိုသည်ကိုမသိပါ။)
ကိုစီးရလျှင် အာမခံသည်။´လို့ပြန်ပြောပါတယ်။

နောက်ကျုပ်ကို သုရှင်ရာဇာဓိရာဇ် ရှေ့ကိုပြန်ခေါ်သွားပေးပြီး အကြောင်းစုံကိုပြန်လျှောက်တော့ သုရှင်လည်းပြုံးတော်မူပြီး`ဆင်ဖြူတော်
အသိဏ္ဏရာဇ် ကိုပေးစေ။ လဂွန်းအိန် ရှေ့ကတိုက်၊ ငါကိုယ်တော်တိုင်လည်း နောက်မှတပ်ဖြင့် လိုက်ချီမည်။တံပိုးခရာမှုတ်လျှင် ငါမင်း
ထံစစ်ကူချီလာမည်။..´လို့မိန့်တယ်။နောက်ဆင်ဖြူတော်ကို ယူဖို့ရာသွားတော့ ဆင်ဖြူတော် ကမုန်ယိုနေချိန်နဲ့တိုးပါတော့တယ်။
ကျုပ်လဲ သုရှင်ကိုဦးချရှစ်ခိုးပြီးတာနဲ့ ကြံပိုင်းကိုယူပြီး ဆင်ဖြူတော် အနားကပ်သွားပြီး ကြံကျွေးတယ်။ ဆင်ဖြူတော်က လဲကျုပ်
ကိုယ်နံကိုမှတ်မိလေတော့ အသာတစ်ကြည်ပဲ ကြံကိုစားတယ်။ နောက် ကျုပ်က ဆင်တော်ကို ထူးဖြုတ်ခိုင်းတော့ ဆင်ဦးစီး တွေလဲ အနားမနေရဲပဲ ထူးဖြုတ်ပြီးတာနဲ့ အဝေးမှာပဲနေ ကြတယ်။ ကျုပ်လဲ `စွပ်၊စွပ်´ လို့အသံပေးပြီး ဆင်တော်ပေါ်ကိုခုန်တက်တော့ မုန်ယိုနေတဲ့အတွက် ကျုပ်ကို အတက်မခံဖြစ်နေတယ်။ခါချတယ်ပေါ့ဗျာ။ ဒါနဲ့ကျုပ်လဲ ချွန်းနဲ့ခပ်ကြမ်းကြမ်းလေး ၅/၆ချက်လောက် နာအောင်ဆက်ခါဆက်ခါပေါက်တော့မှ ငြိမ်သွားတော့တယ်။

ကျုပ်လည်း ဆင်တော်ကို ၃/၄ ပတ်လောက် သုရှင်ရှေ့မှာစီးပြလိုက်တော့ သုရှင်လည်းကျေနပ်ပြီး ..`သက်ချေတော့..။´လို့မိန့်လို့
ကျုပ်ဆင်ပေါ်ကဆင်းပြီးဦးခိုက်တယ်။ နောက် ကျုပ်လဲ ..`ယခု အင်းဝစစ်သည်များသည် သျှိသျှားသစ်သီးများ မြေတွင် ပြန့်ကျဲနေသ
ကဲ့သို့ပင် သေသူ၊နာသူများ၍ စိတ်ဓါတ်လည်းကျနေပေပြီ။ကျုပ် မသံလုံ တိုက်လျှင် ခံနိုင်မည်လော..´လို့ကြွေးကြော်တော့ သုရှင်လည်း အားရလွန်းတာနဲ့ ကျုပ်ကို မဟာစောလဂွန်းအိန် ဆိုတဲ့ဘွဲ့ကို တိုးမြင့်ချီးမြှောက်တော်မူတယ်။ရွေပြားခတ်ဖို့ရာအချိန်မမှီတော့ သုရှင်ကိုယ်တိုင် လက်နှင့်နဖူးပေါ်မှာရေးပေးတော့ ကျုပ်က`သုရှင်၏လက်ရေးတော်ကို နဖူးထက်တွင်တင်ရပြီ။ကျွန်ုပ်အတွက်ရွှေပြားခတ်
ရန်မလိုပြီ..။´လို့လျှောက်တယ်။ နောက် သုရှင်က ကိုယ်တော်မှာစွဲထားတဲ့ ရခိုင်ငှက်ပျောသီးအရွယ်ရှိတဲ့ ရှေးဟောင်းဝက်စွယ်ကို ကျုပ်ကိုယ်မှာစွဲပေးပြီး .. `ဤ၀က်စွယ်ကိုမင်းစွဲလျှင် မင်းမပြောနှင့် မင်းစီသောဆင်မြင်းကိုပင်ရန်သူက မခုတ်မရှနိုင်စေရ..။`လို့
မိန့်တယ် နောက်ကျုပ်မယား နှင်းကေသရာ ကိုလည်း အင်းဝကိုပါတဲ့ သုရှင်ရဲ့သမီးတော် တလမေကျော် အမည်နဲ့ ဘွဲ့ချီးမြင့်သေးတယ်။

စစ်ထွက်ခါနီးကျ ကျုပ်က မင်းခေါင်ကိုမသိ၊မမြင်ဘူးလို့ သိသူကိုကျုပ်နဲ့ထည့်ပေးဖို့လျှောက်တော့ သုရှင်က မင်းသိဒ္ဓတ်ကို ခေါ်ပြီး ..`မင်းသိဒ္ဓတ်..မင်းကို အကျိုးပေးချိန်တန်ပြီ။မင်းနောင်တော်ကို လဂွန်းအိန်ဖမ်းပေးမည်လို့အာမခံသည်။သို့ရာမင်းခေါင်ကိုသူမသိ။
မင်းကိုယ်တိုင် ကုန်းလယ်မှ စီးပြီး မင်းခေါင်ကိုပြပါ။ဤအကြံကြီးအောင်လျှင် ကိုယ်တိုင် အင်းဝထိချီပြီး မင်းကို ရွှေနန်းထက်သို့တင်မည်။
ပြီးလျှင် ဘုရားစုံဖူးကာ ငါပြန်မည်။..´လို့မိန့်ပြီး မင်းသိဒ္ဓတ်ကို ကျုပ်နဲ့ ဆင်တစ်စီးတည်း လိုက်ပါစေတယ်

ထိုသို့ဖြင့် လဂွန်းအိန် တပ်ထွက် သည့်နောက်တွင် ရာဇာဓိရာဇ် ကအနံလောင်ဆင်ကိုစီးပြီး သူရဲရှစ်ရာနှင့်လိုက်သည်။အမှုးအမတ်များ
လည်း ချောင်းကမ်းပါးအနီးထိတပ်များချီလျှက်လိုက်ကြည့်ကြသည်။ညချမ်းတွင်ဘုရင်မင်းခေါင်လည်းအန္တရာယ်ရှိသည်ကိုမသိဘဲမြင်း
စီးပြီးထွက်မြဲအတိုင်းထွက်တော်မူလေသည်။ဆင်တော် ရဲမြတ်စွာ နှင့်မှုးမတ်တော်တို့လည်း နောက်မှ ဖြည်းညှင်းစွာသာလိုက်လေ၏။

ကျုပ်တို့တပ်နားကို ဘုရင်မင်းခေါင် အပေါ့အလျှော့နဲ့တပ်သိပ်မပါဘဲကပ်လာတော့ ကျုပ်လည်း ဆင်တော်ဗကမတ် ကိုချွန်းဖွင့်ပြီး စည်မောင်းတီးလို့ကြွေးကြော်ပြီးတောအကွယ်ကနေအမြန်ထွက်တိုက်တယ်။ဘုရင်မင်းခေါင်လည်း ကျုပ်တပ်ထွက်တာလဲတွေ့ရော၊
ဆင်တော်ရဲမြတ်စွာပေါ်ကိုအမြန်တက်ပြီး ညှာသံပြေးလို့ အပြင်းပဲချွန်းဖွင့်ပြီးလာတယ်။ ဒီအချိန်မှာ ဘယ်ကထွက်လာမှန်းမသိတဲ့ အင်းဝကဆင်စီးအမတ်တစ်ယောက် ကကျုပ်ကိုကြားကဖြတ်တိုက်ပါတော့တယ်။ ကျုပ်လည်းအားကောင်းတဲ့ဆင်ကိုစီးနေရတော့ အဲဒီ ရန်သူဆင်ကို ဦးလှည့်ပြီးဆင်ချင်းဝှေ့စေတော့မှ ပြည်စားတရဖျားမှန်းသိတော့တယ်။ဒါပေမယ့် သင်းဆင်က အားချင်းယှဉ်လို့မှ ကျုပ်စီးတဲ့ ဗကမတ်ကို မနိုင်လေတော့ သူ့ဆင်လဲတာပေါ့။သူ့ဆင်လဲတာနဲ့ ဘုရင်မင်းခေါင်ဆင်က ဆက်ကာဝင်လာတော့ ကျုပ်လည်းတိုက်မယ်ဆိုပြီးချွန်းဖွင့်ချိန်လေးမှာပဲ ကျုပ်ဆင်ပေါ်က မင်းသိဒ္ဒတ် ကမြန်မာလိုလှမ်းပြီး အော်ဟစ်ပါတယ်။ကျုပ်လည်း မြန်မာစကားကို အရမ်းမဟုတ်တောင် နည်းနည်းပါးပါးတော့နားလည်တော့ သူပြောတာ သိတယ်။ “မင်းဧကရာဇ်ဖြစ်ရက်နဲ့ မှုးမတ်သူရဲနှင့်သာတိုက်လေသလော။နောက်တပ်တွင်အကူများသည်။တိုက်နိုင်မည်မဟုတ်။ခွာတော့။”…တဲ့။စကားအဆုံးမှာမင်းခေါင်လည်း
လှည့်ပြေးပါတော့တယ်။ကျုပ်လည်းအံ့သြသွားတာပေါ့။ဒါပေမယ့် ရှေ့က ရန်သူဘုရင်မင်းခေါင်ကိုပဲ မဲပြီးလိုက်နေတော့ နောက်က မင်းသိဒ္ဒတ်ကို လှည့်ပြီးမပြောနိုင်ဖြစ်နေတယ်။နောက်မှီလာခါနီးကျပြန်တော့လည်းကျုပ်ကမင်းခေါင်ဆင်ပေါ်က ထီးဖြူကို မှတ်ပြီးလိုက်မှန်းသိပြန်တော့မင်းသိဒ္ဒတ်က”အင်းဝတွင်အ၀တ်ဖြူရှားရလေသလော။..”လို့ထပ်အော်ပြန်တယ်။မင်းခေါင်လည်းအခြားထီးဖြူ
ဆောင်းတဲ့မြို့စားတွေရှိရာကို ၀င်သွားတော့ ကျုပ်လည်း မင်းခေါင်ဆင်ကို မှတ်မရနိုင်တော့တဲ့အပြင်၊အဲဒီတပ်တွေကဖိဝင်လာတာကြောင့် မခံနိုင်တော့ဘဲပြန်ဆုတ်ပြေးရတော့တယ်။

ကျုပ်တပ်ဆုတ်ပြေးလာတာကိုမြင်တဲ့ သုရှင်တပ်ရဲ့ရှေ့ဖျားမှာချီတဲ့ သမိန်ဗိုက်ည က”ဟယ်..လဂွန်းအိန်၊ပသို့ကြောင့်ကြောက်အားလန့်
အားနှင့်ပြန်ဆုတ်ရသနည်း..” လို့လှမ်းမေးတော့ ကျုပ်လည်း မင်းသိဒ္ဒတ် သစ္စာမဲ့လို့ဖြစ်ရကြောင်းပြန်ဖြေလိုက်တယ်။သမိန်ဗိုက်ည လည်း အကြောင်းစုံကို သုရှင်ဆီလျှောက်တင်လေတော့ အမျက်ပြင်းစွာထွက်တော့တယ်။

“မင့်ခမည်းတော်ရဲ့အရိုက်အရာကိုငါပေးလို့အင်ဝနန်းမှာမင်းကိုတင်မည်လို့ငါပြောပါရက်နှင့် အဘယ့်ကြောင့်ယခုလိုပြုရသနည်း…။”
ရာဇာဓိရာဇ် ၏အသံသည် ဒေါသကြောင့် တုန်ခါနေသည်။မင်းသိဒ္ဒတ်လည်း “ကျွန်ုပ်သည် ညီအစ်ကိုရင်းဖြစ်သော သူ့ကို အသက်ပျက်စီး
မှုမဖြစ်စေလိုသောကြောင့် သတိပေးရဖြင်းဖြစ်သည်။နောင်တွင် အင်းဝသားတို့ကျွန်ုပ်ကို နောင်တော်အားသတ်ကာမင်းပြုသည်ဟု ဆိုစမှတ်ပြုလိမ့်မည်ကိုလည်းစိုးသည်။” ဟုပြန်လျှောက်ရာ ရာဇာဓိရာဇ်က “မင်း အင်းဝတွင်အနေမသင့် ၊မင်းနောင်တော်က သတ်မည်ကြံသော် ငါ့ဆီမှာခစားသည်။ငါကလည်းမင်းကို ဘုန်းစည်းစိမ်ပေးမည်ကြံသည်။မင်းကတော့ မင်းနောင်တော်ကို ငါပေးမည့်စည်းစိမ်ထက်ပိုချစ်သကိုး။…”ဟဆြိုပီး အာဏာပါးကွပ်သားတို့ကို ခေါ်ပြီး မင်းသိဒ္ဒတ်ကို ကွပ်ရန်မိန့်လေသည်။

နောက်သုရှင်ကကျုပ်ဖက်ကိုလှည့်လာပြီး..”လဂွန်းအိန် ..မင်းအသက်မှလွတ်ရန်အကြောင်းမရှိသေး။မင်းခေါင်နှင့်မင်းစီချင်းမတိုက်ခဲ့ရ။
မင်းအသက်ကိုလွှတ်ရန်မင်းမစွမ်းဆောင်နိုင်သေး။”လို့မိန့်ပြန်တယ်။ကျုပ်လည်း..”ကျွန်ုပ်အသက်ကိုလွတ်တော်မူပါ။ညကိုဘုရင်မင်းခေါင်
တဲနန်းသို့သွားကာ လုပ်ကြံပါမည်။ခွင့်ပြုတော်မူပါ။…”လို့လျှောက်ပြန်တော့ သုရှင်က..”သွားချေ။”..လို့ပြန်ပြောတယ်။ဒီလိုနဲ့ကျုပ်လည်း တပ်ကိုပြန်သွားပြီး ကျုပ်တပ်က အစွမ်းအစ၊သတ္တိ ကောင်းတယ်ဆိုတဲ့ သူရဲကောင်း ၁၂ ယောက်ကို ရွေးလို့ညချင်းပဲ ဘုရင်မင်းခေါင်
တပ်ကို တိတ်တဆိတ်ချဉ်းကပ်ပါတယ်။သေချာလှည့်လည်ကြည့်ပြီးတဲ့နောက် မြောက်ဘက်ခြမ်းမှာ လူနည်းတာတွေ့တာနဲ့ တစ်ကြောင်း၊ ပုန်းကွယ်စရာဥနဲပင်ကြီးရှိနေတာနဲ့တစ်ကြောင်းအဲဒီမှာနားပြီး ဥနဲပင်ကွယ်လို့တပ်တိုင်တွေကိုနုတ်ပါတယ်။တစ်ကိုယ်စာဝင်ပေါက်ရတာ
နဲ့ သုံးယောက်ကို အဲဒီအပေါက်မှာအစောင့်ထားပြီးကျန်တဲ့လူတွေအထဲကိုဝင်တယ်။စစ်ကဲအလံထောင်ထားတဲ့ တဲမှာ နှစ်ယောကိကိုထပ်
အစောင့်ချခဲ့တယ်။ဆင်တင်းကုတ်မှာနှစ်ယောက်ထပ်စောင့်စေပြီးကျန်တဲ့ငါးယောက်နဲ့ကျုပ်က ဘုရင့်တဲနန်းကိုကပ်သွားတယ်။နောက်
ကျုပ်က ကျုပ်လူတစ်ယောက်ပုခုံးပေါ်နင်းပြီး ဘုရင့်တဲနန်းကြမ်းကို ဓါးနဲ့ခွဲလို့အထဲကို ၀င်ပါတယ်။ အထဲမှာတော့ ဘုရင်မင်းခေါင်ဟာ မောင်းမတော် တွေနဲ့ ခြံရံလို့စက်တော်ခေါ်နေတာကို မီးရောင်မှိန်မှိန်အောက်မှာတွေ့လိုက်ရတယ်လေ။အဲဒီအချိန်မှာ အအိပ်ဆက်တယ်လို့ထင်ရတဲ့မောင်းမတစ်ယောက်ကရုတ်တရက်ထ ပြီး…”မွန်သူခိုး၊မွန်သူခိုး…ထလော့၊ထကြလော့…လာကြလော့၊
ဒီမှာရန်သူ….”လို့အော်တာနဲ့ကျုပ်လည်းဆောင်ဓါးနဲ့ခုတ်ပြစ်လိုက်တယ်။ဘုရင်မင်းခေါင်လည်း လန့်အနိုးကျုပ်လည်းနီးရာနားက ..ဘုရင်မင်းခေါင်ရဲ့ ကွမ်းအစ် နဲ့ ပတ္တမြားကျောက်စီဓါးကို အမြန်ယူပြီး အပေါက်ကပြန်ထွက်လို့အမြန်ပြေးကြရတယ်။

ဒါပေမယ့်ကျုပ်တပ်သားတွေကအခြေအနေကိုပုံမပျက်အောင်ကျုပ်စီမံပေးတဲ့အတိုင်းပဲစစ်ကဲကို စစ်စည်၊စစ်မောင်းမတီးနိုင်အောင်သတ်
တယ်။ ဆင်တင်းကုတ်က ဆင်တွေနာအောင်ထိုးရှပြီး လွတ်ပစ်ပြီး ရန်သူတွေအလွယ်တကူစုစည်းမရနိုင်အောင် လုပ်ခဲ့ကြတယ်။နောက်ဝင်လာတဲ့ဥနဲပင်အောက်မှာ ၁၃ ယောက်လုံးပြန်စုမိပြီးမှ သုရှင်တပ်ဆီကိုပြန်ဝင်ကြပါတယ်။

……………………………………………………………………………………………………………………………………………………

အခန်း(၉)

သုရှင်ရာဇာဓိရာဇ်လည်း လဂွန်းအိန်ထံမှ သတင်းကောင်းကိုရရန်တဲနန်းတွင်းမှ စောင့်နေလေသည်။ ဒီသူရဲကောင်းသည် စတင်ကာအနီး
တွင်ခစားရကတည်းက ပုန်ကန်သူမြို့စား မဂြိုင်းခေါင်းကို တစ်ကိုယ်တည်းသွားရောတ်ဖြတ်ယူကာဆက်သခြင်းဖြင့်မိမိ ၏အလေးပေးမှု
ကိုခံခဲ့ရသည်။မိမိ နှစ်သက်သောသူရဲကောင်းဖြစ်သည်ကြောင့်လဲ စည်းစိမ်ဥစ္စာ၊ကတော်မယား ကအစမိမိက ချီးမြှင့်သည်။သို့သော်သူက မကြာမကြာ စိတ်များတတ်သည်။ရံဖန်ရ့ခါလွန်စွာတော်သော်လည်း ရံဖန်ရံခါတွင် အလွန်လက်ပေါက်ကပ်လှသည်။မိမိ၏မိဖုရားကိုပါ
တောင်းရဲသည်အထိ တော်တော်သတ္တိကောင်းသည်။မိမိက သာအခြားဘုရင်များကဲ့သို့အမျက်ဒေါသကြီးလျှင်တော့ သင်းမလွယ်။
သေတာကြာလှရှိပေမည်။ဒီလိုအတွေးတွေ နဲ့စဉ်းစားနေချိန်တွင် လဂွန်းအိန် ပြန်ရောက်လာကြောင်း အခစားဝင်ခွင့်ပြုရန်တင်
လျှောက်ကြောင်းကိုကြားရတော့ ရာဇာဓိရာဇ်လည်း စိတ်လောကြီးစွာဝင်ခွင့်ပြုလိုက်သည်။

ရှေ့တော်သို့ရောက်သော် သုရှင်ရာဇာဓိရာဇ်လည်း “ကိစ္စပြီးမြောက်ခဲ့ပြီလော”…လို့ကျုပ်ကိုမေးလေတယ်..။ကျုပ်လည်း ..”ဘုရင်မင်းခေါင်
ကို လုပ်ကြံသတ်ဖြတ်ရန် ကျွန်တော်မျိုး အခွင့်ရခဲ့ပါသည်။သို့သော် မင်းဧကရာဇ်ကိုသတ်သော သူသည် အသက်မရှည်၊ဘုန်းမကြီး ဟု ရှေးလူကြီးများမိန့်သည်ကို ကြားဖူးသောကြောင့် ကျွန်တော်မျိုးမှာ သုရှင်၏ အမှုတော်ကို အရှည်သရွေ့ထမ်းလိုသည်ဖြစ်ကာ မလုပ်ကြံခဲ့။
သို့သော် သူ၏ဆောင်ဓါးနှင့် ကွမ်းအစ်ကိုမူကျွန်တော်မျိုး ရအောင်ယူခဲ့ပါသည်…။”လို့လျှောက်တော့ သုရှင်လည်း အဲဒီ ပစ္စည်းနှစ်မျိုးကို မင်းခေါင်ရဲကသမီးတော် စောပြည့်ချမ်းသာ(ရခိုင်မှရလာသူ)ကိုပြစေတော့ စောပြည့်ချမ်းသာလည်း သူ့ခမည်းတော်အဆောင်အယောင်
ပစ္စည်းများဟုတ်မှန်ကြောင်းကိုငိုယိုပြီး ပြန်ဖြေတယ်။ဒီတော့မှ သုရျင်လည်း ကျုပ်ဖက်ကိုလှည့်လာပြီး .. “ဒီတစ်ကြိမ် မင်းအသက်ကိုငါ
လွတ်ပြီ..။မင်းအသက်ရှင်ပြီ..။”လို့မိန့်တယ်။

နောက်တစ်နေ့မနက်တါင် ရာဇာဓိရာဇ်က သမိန်ဥဒေအားသမန်အဖြစ်စေကာ ပတ္တမြားစီဓါးနှင့် ရွှေကွမ်းအစ်တို့ကိုပြန်သွားဆက်သစေ၏။
ဘုရင်မင်းခေါင်ကိုလည်းအကြောင်းစုံသိရရန်လျှောက်စေသည်။ဘုရင်မင်းခေါင်လည်း ..”မသံလုံ ဆိုသည်မှာမည်သူနည်း..။”ဟုမေးရာ သမိန်ဥဒေ လည်း .. “မသံလုံဆိုသည်မှာ လဂွန်းအိန် တည်း..။” ဟုတ်ပြန်လျှောက်၏။ဘုရင်မင်းခေါင်လည်း သမိန်ဥဒေမှ တစ်ဆင့် ရာဇာဓိရာဇ် အား စစ်အားဆက်လက်ပြုပါမည့်အကြောင်း၊ စစ်ရပ်စဲရန်အကြောင်းမရှိပါကြောင်း ရာဇသံပြန်ပါးလေ၏။

အမှန်တွင်မူ ဘုရင်မင်းခေါင်တပ်တွင် ရိက္ခာလည်းမလောက်၊စစ်သည်များလည်း စိတ်ခြောက်ခြားကာ စိတ်ဓါတ်လည်းကျနေပြီဖြစ်သည်။
ဘုရင်မင်းခေါင်ကိုယ်တိုင်ပင်အနီးအပါးသို့ကိုမွန်များရောက်လာသည့်အတွက် မငြိမ်းအေးနိုင်ဖြစ်နေရလေသည်။ထို့ကြောင့်မှုးမတ်များနှင့်
တိုင်ပင်ပြီး စစ်ကိုနှုတ်၊နောက်ပြန်ဆုတ်ရန် မိန့်လေသည်။

ဘုရင်မင်းခေါင်တပ်ဆုတ်ခွာကြောင်းကို သိလျှင်ရာဇာဓိရာဇ်လည်း ဆင်တော်ဗကမတ် ကိုစီးနှင်းလျက် အမြန်လိုက်ရာနောက်မှသမိန်ဗြာဇ္ဖ လိုက်ခေါ်ကာရန်သူနောက်ချန်တပ်များ ရန်ရှိကြောင်းလျှောက်မှ သတိဝင်ကာ သူရဲသူခက်တို့ကို ရှေ့ပြေးကြည့်စေမှ သမိန်ဗြာဇ္ဖမှန်ကြောင်း
သိလေ၏။ကျေးဇူးတင်လွန်းသောကြောင့် လက်ဆယ်ချောင်းတွင်ဝတ်ဆင်ထားသည့် လက်စွတ်များကိုချွတ်ကာချီးမြှင့်လေသည်။နောက် သမိန်ဗြာဇ္ဖအကြံအတိုင်းစစ်ကိုဖြန့်တိုက်ရန် စီစဉ်လေသည်။ လဂွန်းအိန်မှာ ရှေ့ဆုံးမှချီရလေ၏။လဂွန်းအိန်တပ်ကျော်သည်နှင့်တောတွင်းရှိ
ရန်သူနောက်ချန်တပ်မှာ အင်အားသုံးရာခန့်နှင့်ထွက်တိုက်လေသည်။ထိုတပ်ကို လဂွန်းအိန်နှင့်နောက်မှလိုက်လာသော် ဥပါကောင်း
(ရာဇာဓိရာဇ်၏သားမက်)တို့က တိုက်သောကြောင့်ပျက်ရာအင်းဝမှကလေးစားတပ်နောက်ထက်ဝင်တိုက်ရာ လဂွန်းအိန် တို့နှစ်တပ်လုံး
ဆုတ်ရလေသည်။ထို့နောက် သမိန်ဗြာဇ္ဖတပ်ကို ထပ်တိုက်ရာ ပဲခူးတပ်များလိုက်မှီလာသောကြောင့် အင်းဝတပ်များပြန်ဆုတ်ကာဘုရင်
မင်းခေါင်တပ်နှင့်ပေါင်းရလေသည်။

နောက်ဘုရင်မင်းခေါင်လည်း အအင်အားအနည်းငယ်မျှနှင့်ဆုတ်ခွာရာ ဟံသာဝတီဖက်မှ ဘုရင်မင်းခေါင်၏ ကိုယ်လုပ်မိဖုရားမှအစ သုံပန်းများစွာရလေသည်။မိဖုရားကြီးဖြစ်သော ရှင်မိနောက်(မင်းရဲကျော်စွာ၏မယ်တော်)လည်းပဲခူးမှရ၏။သက္ကရာဇ် ၇၇၁ တွင်ဘုရင်မင်းခေါင်မှ နောက်တစ်ကြိမ် စစ်ပြုပြန် ရာအနိုင်အရှုံးမပေါ်ပဲနှစ်ဖက်လုံးစစ်ပြန်သိမ်းရပြန်သည်။

……………………………………………………………………………………………………………………………………………………….

အခန်း(၁၀)

သက္ကရာဇ် ၇၇၂ တွင် ဘုရင်မင်းခေါင်၏သားတော်မင်းရဲကျော်စွာ(မြန်မာ့သမိုင်းတွင်ထင်ရှားသူဖြစ်သည်။ဘုရင်မင်းခေါင် ရာဇာဓိရာဇ်ကို မနိုင်သမျှသူကပြန်အနိုင်ယူလုနီးပါးဖြစ်ခဲ့သည်။)သည်အသက်၁၇နှစ်အရွယ်ရှိလာရာဟံသာဝတီကို အရယူရန်စစ်ချီလိုပါကြောင်းလျှောက်
ရာ ဘုရင်မင်းခေါင်လည်းခွင့်ပြုလေသည်။သို့ဖြင့် မင်းရဲကျော်စွာလည်း ကြည်းရေနှစ်တပ်ဖွဲ့ပြီး ဧရာဝတီ မြစ်ကြောင်းအတိုင်းချီလေသည်။(ထိုအချိန်ကာလကစစ်ချီလမ်းကြောင်းမှာ ရေကြောင်းအဓိကဖြစ်ပြီး၊ယခုကဲ့သို့ကုန်းလမ်းမျိုးမဟုတ်ပါ။
ဧရာဝတီမြစ်ကိုအားပြုရသည်။ထို့ကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ မြို့ရွာများမှာ အမြဲပင်စစ်ဒဏ်ကိုခံရသည်။အထူးသဖြင့် ကူထွက်
(မြန်အောင်)၊မကွေး၊စလေ၊ပုဂံ၊ပြည်၊ဒဂုံ(ရန်ကုန်)၊သံလျှင် ထိုမှပဲခူးဖြစ်သည်။ အရှေ့ဖက်ကျသောတောင်ငူမှာစစ်ဒဏ်ကို ကြီးမားစွာခံရ
သည်မရှိသောကြောင့်စည်ပင်သာယာလေသဖြင့်နောင်တစ်ချိန်တွင်အင်အားကြီးမားလာကာဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကိုဦးဆောင်
တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။)နောက်သမိန်ဗြာဇ္ဖစားသောမြောင်းမြ၊အမတ်ဒိန်စားသောပုသိမ်၊သမိန်သံကြယ်စားသော ခဲပေါင်တို့ကို
ချီတက်လုပ်ကြံလေသည်။ တစ်မြို့ကိုမှ မအောင်မြင်၊မသိမ်းပိုက်နိုင်သော်လည်း ရာဇာဓိရာဇ်အား အကြီးအကျယ်ချောက်ခြားစေလေ၏။

နောက်မှုးမတ်များနှင့်တိုင်ပင်ကာ ရခိုင်ကို အရင်ရအောင်သိမ်းပိုက်မည်ဟုဆိုကာ ရခိုင်သို့ချီလေသည်။ ရခိုင်ဘုရင် နရမိတ်လှ (ရာဇာဓိရာဇ်မှ နန်းတင်ပေးခဲ့သူ)မှ အခုခံနိုင်သောကြောင့် ရခိုင်ကို အလွယ်တကူရသည်။ မြောက်ဦးတွင် လကျာ်ကြီး၊သံတွဲတွင် စုက္ကတေး တို့ကို အစောင့်ထားပြီး ဆင်မြင်း၊သုံပန်းများစွာကို ယူကာအင်းဝသို့ပြန်လေသည်။ဘုရင်မင်းခေါင်လည်းသားတော်ကို အားရ၀မ်းသာချီးမွမ်းတော်မူ၏။

နောက်ရခိုင်ကို အင်းဝမှ သိမ်းယူသည့်အောကာင်း ရာဇာဓိရာဇ် သိလျှင် စစ်တပ်ကြီး စီရင်ကာ ချီတက်တိုက်ခိုက်စေသည်။မွန်တို့သံတွဲကို ရပြန်ရာ တပ်ချလျက်နေသည်။ထိုသတင်းကို ဘုရင်မင်းခေါင်ကြားလျှင် မင်းရဲကျော်စွာအား ရခိုင်သို့ ချီစေသည်။ အင်းဝတပ်များရခိုင်ရောက်သော် မွန်တို့ကို ၀န်းရံပြီး နေရာ မြို့တွင်းရှိမွန်၊ရခိုင်တို့လည်းငတ်မွတ်လေသည်။ နောက်မွန်တပ်မှုးတို့လည်း ပရိယာယ် သုံးကာ ရာဇာဓိရာဇ်ကိုယ်တိုင်ချီတက်လာတော့မည့်ဟတ်ဖြင့် သတင်းလွင့်ရာ အင်းဝတပ်လည်း စစ်နှစ်ဆက်ညှပ်မည်စိုးသောကြောင့် ဆုတ်လေသည်။

ထိုသို့ မင်းရဲကျော်စွာ ဆုတ်ခွာသွားပြီးနောက် မွန် နှင့်ရခိုင်သားတို့လည်း မြောက်ဦးကို သိမ်းကာ နရမိတ်လှ အားထပ်တစ်ခါနန်းတင်၍ပြန်လေ၏။ မင်းရဲကျော်စါာလည်း အင်းဝပြန်ရောက်ပြီးနောက် များမကြာမှီပင် သိန္နီစော်ဘွား သည် အင်အားများစွာနှင့် အင်းဝ သို့စစ်ချီလာကြောင်းကို သိလျှင် ကိုယ်တိုင်ဗိုလ်မှုးချုပ် အဖြစ်ဦးဆောင်ကာတိုက်လေသည်။ သိန္နီစော်ဘွားလည်း ဆင်ထက်တွင်ပင် မင်းရဲကျော်စွာလက်ချက်ဖြင့် သေပြီး သိန္နီတပ်လည်း ပျက်ကာပြေးရာ ဆင်မြင်း သုံပန်းများစွာကို မင်းရဲကျော်စွရလေသည်။ ထို့နောက် မင်းရဲကျော်စွာလည်း အင်အားစုစည်းပြီး သိန္နီသို့ချီတက်ကာ သိန္နီကို တိုက်လေတော့သည်။သိန္နီက တရုတ်ထံ မှ စစ်ကူတောင်းသောကြောင့်တရုတ်စစ်ချီလာသည်ကို တောတွင်းမှ တပ်ချကာအလစ်တွင် တိုက်ကာ အောင်လေသည်။ နောက် သိန္နီကို ၀ိုင်းရံမြဲဝိုင်းနေလေ၏။

ရာဇာဓိရာဇ် လည်း မင်းရဲကျော်စွာ သိန္နီသို့ချီ သည့်သတင်းကိုကြားလျှင် ပြည်မြို့ကို တိုက်လေ၏။ပြည်စား လကျာင်္ပျံချီ အခုအခံကောင်းလှသောကြောင့် မရနိုင်ဘဲ တစ်လကျော်မျှ ၀ိုင်းထားရပြန်သည်။ ထိုစဉ် မုတ္တမ ကို ယိုးဒယား တို့က ကျူးကျော်ကြောင်းကို သိ၍ သားတော် ဗညားပုသိမ် ကိုတပ်မှုးချုပ်ခန့်ကာ စစ်သည် ငါးသောင်း နှင့် ပြည်ကို ဆက် ၀ိုင်းရံစေခဲ့ပြီး ဟံသာဝတီသို့ပြန်ကာ အင်အားစု၍ မုတ္တမသို့ဆက်လက်ချီတက်လေသည်။

နောက်တစ်လကျော်ထပ်ကြာသော် ပြည်မြို့လည်းငတ်မွတ်သည်ရှိ၍ ဘုရင်မင်းခေါင်လည်း သားတော် ကိုမစောင့်နိုင်တော့ဘဲ ကိုယ်တော်တိုင် စစ်အင်အား ခုနှစ်သောင်းနှင့် ပြည်သို့စုန်လေသည်။ ထိုသတင်းကို ကြားသော မင်းရဲကျော်စွာလည်း အင်းဝသို့အမြန်ပြန်လာကာ လှေတပ်ကြီးအမြန်ဖွဲ့ပြီး အင်အားတစ်သိန်းကျော်နှင့်ခမည်းတော် ဘုရင်မင်းခေါင်နောက်သို့လိုက်
လေ၏။ပြည်တွင် ရှိသောမွန်တပ်များလည်း ဘုရင်မင်းခေါင် သည် မင်းဧကရာဇ်တပ်ဖြစ်သည်။ငါတို့ဒီနေရာမှ မခံသင့်ဟုတိုင်ပင်ပြီး တစ်ဖက်ကမ်းရှိ တလည်ဆီးသို့တပ်ပြောင်းရွေ့သည်။

မင်းရဲကျော်စွာလည်း ပြည်သို့ရောက်လျှင် မွန်တပ်ရှိရာသို၊့သွားကာ အကဲခပ်လေ၏။ ကျုံးသိမ်ပြီးလှေတပ်နည်းသည့်ဖက်ကို တွေ့လျှင် မိမိလှေတပ်ကြည်းတပ်များနှင့် တိုက်ရာမွန်တပ်လည်း တပ်တိုင်များပြို၏။ သုရှင်၏သားမက်တော် သမိန်ဥပါကောင်း လည်းဆင်နှင့်ထွက်ကာ အင်းဝတပ်ကို တိုက်လေသည်တွင် မွန်တို့က ပြိုလေသောတပ်တိုင်များကို အလျင်အမြန်ပင် ပြန်ထူကာပြင်ဆင်လေ၏။ သမိန်ဥပါကောင်းလည်း နာမည်ကြီးလေ၏။ထိုကြောင့် မင်းရဲကျော်စွာလည်း ဗညားပုသိမ် ထံစာပို့ပြီး ဥပါကောင်း အားတွေ့လိုကြောင်း တောင်းဆိုသည်။ သမိန်ဥပါကောင်း လည်း လက်ဆောင်ပုဏ္လာ များနှင့် မင်းရဲကျော်စွာရှေ့သို့အခစားဝင်လေသည်။ မင်းရဲကျော်စွာလည်း ချီးမွမ်းပြီး အကယ်၍မိမိတွင်ခစားပါက ပြည်စားလကျာင်္ပျံချီနင့်တန်းတူ မြှောက်စားမည်ဟုပြောရာ ဥပါကောင်းလည်း ငြင်းဆန်ပြီးပြန်လေသည်။နောက် အင်းဝတပ် ၀ိုင်းရံလေသောကြောင့် ဗညားကပုသိမ်တပ်လည်း ငတ်မွတ်လေသည်။ထို့ကြောင့် မုတ္တမတွင် ယိုးဒယားတို့ကို နှိပ်နှင်းပြီး ဟံသာဝတီသို့ပြန်ရောက်လာသော ခမည်းတော် ရာဇာဓိရာဇ်ထံသို့လူလွတ်၍ စစ်ကူချီရန်တောင်းဆိုလေသည်။ ရာဇာဓိရာဇ်လည်း အင်အားများစွာနှင့် ချီတက်ရန်စီစဉ်လေသည်။

…………………………………………………………………………………………………………………………………………………….

အခန်း(၁၁)

သုရှင်ချီတက်ရန်မြို့စား၊ရွာစားများအားဆင့်ခေါ်ရာ သုံးရက်ကြာမှ အဝေးအနီးမှ မှုးမတ်များစုံလင်စွာရောက်ရှိလေသည်။ မြောင်းမြမှ သမိန်ဗြာဇ္ဖလည်း ကျန်းမာခြင်းမရှိ ။ထိုသတင်းကိုကြားသော သုရှင်လည်း အမတ်ကြီးထံသို့ကိုယ်တိုက်ကြွ၍ အားပေးလေးသည်။

အမတ်ကြီးသည်သုရှင်လာသည်ကို တွေ့လျှင် ဦးခိုက်ပြီးမ ရှိခိုးနိုင် ။အိပ်ရာထက်၌သာ လက်အုပ်ချီနိုင်တော့သည်။ `အရှင်မင်းကြီး ၊ ကျွန်တော်မျိုးမှာ သစ္စာမြဲမြံစွာနှင့်အမှုတော်များစွာထမ်းခဲ့ပြီးလေပြီ။ ဒီတစ်ကြိမ်တွင်တော့ အမှုတော်ကို ထမ်းနိုင်တော့ဖွယ်မမြင်တော့ဘဲသုရှင်နှင့်ခွဲခွာရပေတော့မည်။အပြစ်ကြီးငယ်ရှိလျှင်ခွင့်လွတ်တော်မူုပါ´ဟုလျှောက်တင်လေ
သည်။သုရှင်လည်း`ကောင်းပြီ။အားလုံးကိုငါခွင့်လွတ်သည်။´ဟုမိန့်ကာ စိတ်မကောင်းခြင်းကြီးစွာနှင့် မိမိတဲနန်းသို့ပြန်လေ၏။

ကျုပ်လည်း စိတ်မကောင်းကြီးစွာနဲ့အမတ်ကြီးဆီကို ၀င်တွေ့တော့ အမတ်ကြီးက ကျုပ်ကိုအနားခေါ်ပြီး မိန့်မှာတယ်..` လဂွန်းအိန်.. မင်းတို့ကို ဒီတစ်ကြိမ် ငါတစ်ကယ်ပစ်သွားရတော့မည်။ယခုတစ်ခေါက်ချီရသောစစ်ကိုလည်း ငါစိုးရိမ်လှသည်။ငါမရှိလျှင် မင်းနှင့် အမတ်ဒိန်၊သမိန်အ၀နံနိုင်တို့သာကျန်တော့မည်။ယခုနှစ်သည် သုရှင်၏ ဇာတာတော် မသန့်ဟု ပုဏ္ဏားတော်တို့က ဆိုသည်။သုရှင်လည်းသားတော်ဗညားပုသိမ် ကိုစိုးရိမ်သောကြောင့်သာချီရသည်။ မင်းယခင်လို မစွန့်စားလွန်းနှင့်။မင်းရဲကျော်စွာမှာမင်းပျိုမင်းလွင်ဖြစ်သည်။စိတ်ဓါတ်မာကျောကြံခိုင်သည်။ စစ်အင်အားလည်းကြီးလှသည်။
အကယ်၍ သုရှင် သည် သားတော်ဗညားပုသိမ်ကို ပြန်ကယ်တင်၍ရလျှင် တပ်ပြန်ဆုတ်မည်။ထိုအခါ မင်းရဲကျော်စွာ မလိုက်ပဲမနေ။မင်းတို့အစွမ်းရှိရန်သာအရေးကြီးလှသည်။စစ်ကိုမှန်ကန်စွာဆုတ်နိုင်ပါမှ လွယ်မည်။မမှန်လျှင် ရှင်ဘုရင့်အရေးပျက်ချေမည်။မင်းတို့ သူရဲကောင်းတွေ မှားလျှင် သုရှင် အသရေ ညိုးနွမ်းလေတော့မည်။´လို့မှာတမ်းရှည်ကြီး ချွေပါတယ်။ဒီစကားတွေဟာ သူ့ရဲ့နောက်ဆုံး နှုတ်ဆက်စကားဆိုတာ ကျုပ်ရင်ထဲမှာသိနေတယ်ဗျာ။ တစ်ကယ်ပဲနောက် သုံးရက် အကြာမှာ ကျုပ်တို့မကြားခြင်ဆုံးသတင်းကို ကြားရတော့တာပါပဲ။ အမတ်ကြီးကို စစ်အခမ်းအနားနဲ့ ထီးဖြူမိုးလို့မီးသဂြိုလ် ပြီး အရိုးတွေကို ရွှေမော်ဓော ဘုရားခြေရင်းမှာဂူသွင်း မြုပ်စေတယ်လေ။

နောက်တစ်နေ့မနက်မှာ ကျုပ်တို့တပ်တွေ ပြည်ကို ချီတက်တိုက်ခိုက်ပြီး စစ်ကို စတင်ပါတော့တယ်။တလည်ဆီးရှိ ဗညားပုသိမ်
ရဲ့ တပ်တွေလည်း နောက်ကိုဆုတ်ပြီး ကာမဆိပ် မှာတပ်စွဲထားတယ်။မင်းရဲကျော်စွာလည်း တလည်ဆီးမှာ ၀င်နေပြီးတပ်စွဲတယ်။ကြားတာတော့ မင်းရဲကျော်စွာဟာ အမတ်ကြီး သမိန်ဗြာဇ္ဇ လွန်တာကိုကြားတော့ အလွန်အမင်းဝမ်းမြောက်တယ်တဲ့လေ။ နောက်များမကြာမှီ…..

ရာဇာဓိရာဇ် ၏မျက်နှာတော်မှာ လွန်စွာမှ ဆုံးဖြတ်ရန်ခက်ခဲခြင်းဖြင့် မျက်မှောင်ကြုံ့လျက်နေသည်။လက်ထဲတွင် ရာဇသံစာ တစ်စောင်ကို ကိုင်ထားလျက် သလွန်ပေါ်တွင် နေမထိထိုင်မသာပင်ရှိလျက်..`မင်းရဲကျော်စါာက သူရဲကောင်းတစ်ဦးချင်း လှေစီးချင်းထိုးရန် စာစေပြီး အရေးဆိုလာသည်..။စစ်အတွင်းတွင် ငါ့သူရဲတစ်ယောက်ကို ငါမလွတ်လို..´ဟုနှုတ်ကလည်းမိန့်လေသည်။ ဤသည်ကိုကြားသော လဂွန်းအိန် သည် ရှေ့တော်သို့ထွက်ကာ ဦး သုံးကြိမ်ချပြီး.. ` ကျွန်ုပ် ယောကျာင်္းဖြစ်သည်မှ ဆင်စီးချင်း၊မြင်းစီးချင်း၊ လှေစီးချင်း၊တစ်ဦးချင်းစစ်ထိုးရန် ဤမြေပေါ်တွင် မည်သူကိုမျှမကြောက်။သူရဲတစ်ဦးချင်းမှန်ပါက ကျွန်ုပ် ထွက်တိုက်မည့်အကြောင်းကို ရွှေနန်းရှင်သားတော်ထံသို့ ပြန်ကြားတော်မူပါ..´

ရာဇာဓိရာဇ်လည်းတမန်တော်ကို စာပြန်ကြားစေပြီး နောက်တစ်နေ့မိုးသောက်လျှင် တိုက်စေမည့်အကြောင်း အချိန်းအချက်ပြုစေသည်။ထိုသတင်းကိုရသောမင်းရဲကျော်စွာသည် ၀မ်းသာစွာဖြင့် ..` ဟံသာဝတီပြည့်ရှင်တွင် သမိန်ဗြာဇ္ဇ နှင့် လဂွန်းအိန်တို့သာ သုရှင် ၏လက်ဝဲ၊လက်ယာ ရံဖြစ်သည်။ယခု သမိန်ဇြာဇ္ဇမှာလွန်ပြီးလေပြီ။လဂွန်းအိန်သာကျန်တော့သည်။ လဂွန်းအိန်ကိုသာ ငါရလိုက်လျှင် ငါတို့လက်ချက်ကို မွန်တို့ခံနိုင်ရန်မရှိတော့။ လဂွန်းအိန် သည်လှေတစ်စီးချင်းသာ တိုက်နိုင်မည်။ လှေလေးစီးလာလျှင် ခံနိုင်မည်လော။…´ဟုပြောကာ တိုက်လှေလေးစီး ကို စီစဉ်သည်။ အံ့စရာလှေ တွင် စုက္ကတေး ၊မြေးများဖွားလှေတွင် မင်းစည်သူ၊သားများမိလှေတွင် ဥဇနာ ၊ရှမ်းမွန်လှေတွင် စတုရင်င်္ဂသူ တို့အားအသီးသီးစီးစေပြီး သူရဲသူခက်အပြည့်တင်စေသည်။ နောက် အံ့စရာလှေကို သာထီးဖြူမိုးလျက် ထွက်စေသည်။ ကျန်လှေသုံးစီးကိုမူ လျို့ဝှက်ကာပြုလုပ်ထားသည့် မြောင်းအတွင်းတွင် ပုန်းနေစေသည်။

…………………………………………………………………………………………………………………………………………………….

အခန်း(၁၂) – လဂွန်းအိန်၏ဇာတ်သိမ်းခန်း

နောက်တစ်နေ့မိုးသောက်သော် …..

ကျုပ်လည်း သုရှင်ပေးသနားတဲ့ သေနာပတိ တို့ရဲ့ အဆောင်အယောင် အ၀တ်အစားများကို ၀တ်ဆင်တယ်။ ပြီးတော့ရွှေရင်စည်း၊ရွှေစလွယ်၊ရွှေလက်ကျပ်၊ရာမနားတောင်း၊ကျောက်စီလက်စွတ် တွေကို လက်ဆယ်ချောင်းအပြည့် ၀တ်ဆင်ပြီး သုရှင် ရာဇာဓိရာဇ် ထံကို အခစားဝင်လို့ဦးခိုက်ရှိခိုးတယ်။ဒီတစ်ကြိမ်အခစားဝင်တာဟာ ကျုပ်အနေနဲ့ သုရှင်ကို နောက်ဆုံးအကြိမ် အသက်ရှင်လျက် အခစားဝင်ရတယ်ဆိုတာ မသိခဲ့ပါဘူး။နောက် သုရှင်က စီချင်းတိုက်ရင်စီးဖို့ရာ မိကျောင်းလှေ ကို ပေးပြီး ကျုပ်ရဲ့ သူရဲသူခက် သုံးရာကို လှေပေါ်တင်လို့ စီးချင်းထိုးဖို့တပ်က နေထွက်လာကြတယ်။

အင်းဝဖက် ကလှေကတော့အံစရာ တဲ့။ဦးဆောင်တဲ့သူကတော့ စုက္ကတေး။လှေက ကျုပ်လှေထက် နှစ်ဆနီးပါးလောက်မြင့်တယ်ဗျ။ကျုပ်ဖက်က ထိုးခုတ်တိုက်ခိုက်ဖို့ခက်တာတော့အမှန်ဘဲ။ဒါပေမယ့် ကျုပ်လည်း ဥာဏ်ကိုသုံးပြီး သံကြိုး ၊သံကွင်း တွေကို ရန်သူလှေပေါ်ကို ပစ်တင်စေပြီးလှေချင်းပူးကပ်နိုင်အောင်ကြိုးစားပါတယ်။အဲဒီအချိန်မှာပဲ …. ရုတ်တရက်ဆို ဘယ်ကမှန်းမသိတဲ့ အင်းဝဖက်က လှေတစ်စီး ဗြုံန်းစားထွက်လာပြီး ကျုပ်လှေနားကပ်ပြီး နှစ်စီးတစ်စီးညှပ်ပြီး အတင်းတိုက်ပါတော့တယ်။ကျုပ်နဲ့ကျုပ်ရဲ့ စစ်သူရဲတွေလည်း အားမလျော့ပဲ အတင်းထိုးခုတ်တိုက်ခိုက်တော့ အချိန်ကြာတော့ ရန်သူဖက်က လှေနှစ်စီးမှာ အကျအဆုံးများလာတော့တယ်။နောက်ထွက်လာတဲ့လှေပေါ်က ဦးစီး မင်းစည်သူပဲ။ဒီလိုနဲ့နှစ်စီးတစ်စီး တိုက်ခိုက်တဲ့ကြားက ကျုပ်ဖက်ကအရေးသာနေချိန်မှာပဲ အင်းဝဖက်က နောက်ထပ်လှေနှစ်စီး ထပ် ထွက်လာပြီးကျုပ်လှေကို ၀ိုင်းတိုက်ကြပါတော့တယ်။ကျုပ်စစ်သည်တွေဟာ ရန်သူလှေလေးစီးကို တစ်စီးတည်းနဲ့ပြန်တိုက်ရတဲ့အတွက် အကျအဆုံးတွေရှိလာတယ်ဗျာ။ အရေမတွက်အားပေမယ့် သူတို့ရပ်တည်ရတဲ့ နေရာတွေကို ကြည့်ခြင်းဖြင့်ကျုပ်စစ်သည် တစ်ရာနီးပါးတော့ ကျဆုံးသွားကြပြီး နှစ်ရာလောက်ပဲ ကျန်တယ်ဆိုတာကိုသိလိုက်ရတယ်။ ကျုပ်လည်း ကိုယ်တိုင် တိုက်သလို တစ်ဖက်ကလည်းကျုပ်သူရဲတွေကို အမိန့်ပေးရင်း ပင်ပန်းကြီးစွာနဲ့တိုက်ရတာပေါ့။နောက်တိုးလာတဲ့အင်းဝလှေနှစ်စီးက ဥဇနာ နဲ့ စတုရင်င်္ဂသူတို့လှေတွေပါ။ နောက်ဆုံးတော့ကျုပ်ဖက်က အရည်အချင်းမှာသာပေမယ့်၊လှေ အရေအတွက်နဲ့ စစ်သူရဲအရေအတွက်မှာတော့ အင်းဝဖက်က သာလွန်းမကသာနေတာကြောင့် ကျုပ်လှေပေါ်ကို ရန်သူဖက်က အရတက်လာကြပြီး ကျုပ်တို့နဲ့ လက်တစ်ကမ်းတိုက်ပွဲတွေတိုက်ခိုက်ကြရပါတော့တယ်။ကျုပ်စိတ်ထဲမှာ ကျုပ်ရှုံးပြီဆိုတာနားလည်ပေမယ့် သုရှင်ကိုပေးထားတဲ့ ဂတိတစ်ခုအတွက်နဲ့ အသက်စွန့်ပြီး တိုက်မယ်ဆိုတဲ့ စိတ်၊သေမှ အရှုံးပေးမယ်ဆိုတဲ့ စိတ်နဲ့ တိုက်ပွဲဝင်ခဲ့တယ်ဗျာ။ ဒီလိုအချိန်လေးအျွှင်းမှာပဲ ရန်သူဖက်က ပစ်လိုက်တဲ့ လှံတံဟာ ကျုပ် ပေါင်ကိုလာမှန်ပါတော့တယ်။မှန်ယုံမျှမကလို့ထုပ်ချင်းပါပေါက်သွားပါတယ်လေ။ ကျုပ်လည်း ဒဏ်ရာကို အ၀တ်နဲ့စည်းပြီး ဆက်တိုက်ခိုက်ဖို့ကြိုးစားပေမယ့် ရန်သူတွေက လှေပေါ် ကှုပ်စစ်သည်တွေကို အနိုင်ယူပြီး ကျုပ်ကို ၀င်နပန်းလုံးပြီးဖမ်းဆီးလိုက်ပါတယ်။အဲဒီအချိန်မှာ ကြားလိုက်ရတဲ့ ကမ်းပေါ်ကအော်သံကတော့ ..”လဂွန်းအိန်ကို မသေစေနှင့်..”တဲ့။လှမ်းကြည့်လိုက်တော့ကမ်းပေါ်ကနေ ရှုစားနေတဲ့ ရွှေနန်းရှင်ရဲ့သားတော် မင်းရဲကျော်စွာ။နောက်ကျုပ်ကမ်းပေါ်ကို ရောက်အောင်ဝိုင်းထမ်းပြီးခေါ်သွားလို့ မင်းရဲကျော်စွာနဲ့ တွေ့တော့ သူကကျုပ်ဒဏ်ရာကို မြင်တော့ ..”မရှင်နိုင်တော့ပြီ..”တဲ့။ကျုပ်လည်း မရှင်ချင်တော့ပါဘူးလေ။ ကျုပ်က စစ်ပွဲမှာ အရှုံးနဲ့ပြန်ပြီး သုရှင်ဆီ အခစားမ၀င်ချင်တာကိုး။ နောက် ဘုရင်မင်းခေါင် ကိုယ်တော်တိုင် ကြွလာပြီး ကျုပ်ကို ကြည့်ရှုပါတယ်။ နောက် မင်းရဲကျော်စွာကို ..”ငါတို့ မင်းဧကရာဇ်အချင်းချင်း စစ်ပြုခင်းကျင်းသည်တွင် သူရဲကောင်းတို့ကို မသတ်၊ခု လဂွန်းအိန် ကိုသေလောက်အောင် ထိုးခုတ်သည်မှာ မသင့်။ ပန်းကျော်တွင်ငါတပ်ချစဉ်က လဂွန်းအိန် ကျေးဇူးရှိခဲ့ဖူးပေသည်။သူ့ကိုမသေအောင် ကုရမည်။..”ဟုပစ်တင်လေတယ်။(ပန်းကျော်တွင်မင်းခေါင်အား လဂွန်းအိန် တဲနန်းအတွင်းထိဝင်ရောက်ကာသတ်ခွင့်ရသော်လည်းမသတ်ပဲ ကွမ်းအစ်နှင့် ကျော်စီဓါးကိုသာယူကာပြန်သည်ကို ဆိုလိုသည်။)နောက် ဘုရင့်သမားတော် တန္တ၀ါရီ ကိုခေါ်ကာကျုပ် ကိုကုစေတယ်။

နောက်ကျုပ်ကို မင်းရဲကျော်စွာက ..” မင်းမစိုးရိမ်နှင့် မင်းအသက်ရှင်အောင်ကုပြီး မင်းကိုငါသူကောင်းပြုမည်။..”လို့လည်းအားပေးပြန်တယ်။ကျုပ်လည်း .. “ကျွန်ုပ် လူမဖြစ်နိုင်တော့ ပြီ။အနာမှာသည်းလှသည်။..”လို့ပြန်လျှောက်တော့မင်းရဲကျော်စွာ မျက်နှာညိုးပြီး ..”ထမင်းစားမည်လော။..”လို့မေးပြန်တယ်။ကျုပ်လည်း ..””အရှင်တစ်ပါး၏ ထမင်းသာ ကျွန်ုပ်ဝမ်းသို့င်စေမည်။ အရှင်နှစ်ပါး၏ထမင်းကို ကျွန်ုပ် ၀မ်းသို့မသွင်း။..”ဆိုပြီးငြင်းပယ်တော့ မင်းရဲကျော်စွာကကျေနပ်စွာနဲ့ ခေါင်းငြိမ့်ပြီး ..”သို့ဆိုလျှင် ရေသောက်မည်လော။..”လို့မေးပြန်တယ်။ …ကျုပ်က ..” ရေနှင့်ကွမ်းကိုသာပေးတော်မူပါ..”လို့ပြောတော့ ရေတကောင်းနဲ့ရေကို ခပ်ပေးပြီး ၊ သူ့ ကွမ်းအစ်မှကွမ်းကိုကိုယ်တော်တိုင်ပဲ ယူလို့ကျွေးပါတယ်။

အဲဒီလို ကျုပ် ကိုကျုပ်မရှင်နိုင်တော့တာ သေချာသိရတဲ့အချိန်မှာ ကျုပ် သုရှင်ကို တွေ့ချင်စိတ်က အရမ်းကို ပြင်းပြလှပါတယ်။ ကျုပ်ကို ဘ၀လှအောင် မစတဲ့ အရှင်သခင်၊ကျော်ကြားခြင်းဆိုတဲ့ ဂုဏ်ကို ပေးတဲ့ အရှင်သခင်တစ်ပါးပဲမဟုတ်လား။ကျုပ်အတွက်ကတော်မယား၊မြို့စားစည်းစိမ်၊နေဖို့ရာ နန်းဆောင် တို့ လိုလေသေးမရှိအောင် ဖြည့်စည်းပေးတဲ့ မင်းဧကရာဇ်တစ်ပါးငကို ကျုပ်နောက်ဆုံး ဖူးတွေ့ပြီးကျုပ်အမှားတွေပြုခဲ့မိရင်ခွင့်လွတ်ဖို့ တောင်းပန်ရှိခိုးချင်ပါသေးတယ်ဗျာ။ဒါပေမယ့်ခုတော့ မဖြစ်နိုင်တော့ပါဘူး။ကျုပ်ဒီညကိုကျော်ပြီး ရှင်နိုင်စရာမရှိတော့တာသေချာပါတယ်။ သမားတော်ကိုယ်တိုင် မရတော့ဘူးဆိုပြီး ကျုပ်ကိုပြောပြီးပြီမဟုတ်လား။

ဒီအချိန်မှာကျုပ်အတွေးတစ်ခုဝင်လာတယ်။မင်းရဲကျော်စွာဟာ ကျုပ်ကို အကောက်ကြံပြီး အရယူခဲ့တာကို ကျုပ်နှုတ်အားဖြင့်တော့ပြန်အနိုင်ယူရမယ်။ ဒါမှမဟုတ် သုရှင်ကိုကြောက်ရွံစေဖို့ရာ စကားနဲ့ ခြိမ်းခြောက် ခဲ့ရမယ်။ ဒီလိုတွေးပြီး..” ရွှေနန်းရှင်၏သားတော်ပေးသောရေနှင့် ကွမ်းကို စားရသည်။ ကျေးဇူးတော်ကို တစ်ပွဲတစ်လမ်းမှ မဆပ်ရ။ဆပ်နိုင်တော့မည်လည်းမဟုတ်။သို့သော် နောင်ရေးကို အကျိုးရှိစေရန်း ရွှေနန်းရှင်၏သားတော်ကို ကျွန်ုပ်လျှောက်တင်မှာကြားပါရစေ။အရှင့်သားတော်မနာယူလိုသော် ကျန်အမှုးအမတ်တို့နာယူကြကုန်။ နောင်ကို သုရှင်ရာဇာဓိရာဇ်နှင့် စစ်ထိုးခဲ့လျှင် ဆင်ချင်း၊မြင်းချင်း၊လှေချင်း၊ လူချင်း တစ်ဦး ချင်းတွေ့ရန်မကြိုးစားလေနှင့်။ သုရှင်သည် ထိုကဲ့သို့ တစ်ဦးချင်းစီးချင်းထိုးရာတွင်နည်းနည်းကောင်းသည်မဟုတ်။ထို့ပြင်လက်ဝဲ၊လက်ယာ တွင်ရံကြသောဆင်စီးသူရဲများမှာ သူစိမ်းများမရှိကြ။အားလုံးဆွေမျိုးသားချင်းများသာ။ ရန်သူကိုပမာမခန့်၊ကြောက်ခြင်းအလျင်းမရှိကြ။ လူနှင့်မတူပဲဘီလူးသူရဲဟုဆိုလျှင်လည်း ယုံကြမည်သာ။အကယ်လို့ကျွန်ုပ် မှာကြားသည်ကို မယုံသော် နောင်ကြုံတွေ့မှ သိကြလေမည်။..လို့လျှောက်တော့ .. မင်းရဲကျော်စွာက ရယ်မောပြီး…”လဂွန်းအိန်သည် သေခါနီးတွင်ပင် သု့သခင်အတွက် အရေးဆိုကာငါတို့အား ကြောက်ရွံစေရန် ပြောနိုင်သေးသည်။ သေလျက်ပင်အဆိပ်မပြယ်သေး။မြွေကဲ့သို့ပင်..”လို့ပြောတယ်။..’ဒီလိုနဲ့ သန်းကောင်နားနီးတော့ ကျုပ် ၇ဲ့ခြေလက်တွေ အေးစက်လာပြီး မျက်မြင်အာရုံတွေတစ်ဖြည်းဖြည်း မှုန်ဝါးပြီး..ကျုပ်..ကျုပ်…ဟာ..သုရှင်ရာဇာဓိရာဇ်၊ မေနှင်းကေသရာ..။အမတ်ကြီး သမိန်ဗြာဇ္ဖ…. ကျုပ်မိဘ နှစ်ပါး..။ နောက် …. ဘာမှကိုမသိနိုင်တော့ဘဲ အမှောင်တကာ့အမှောင်ဆုံးတွင်းနက်ကြီးထဲကို ကျုပ်ကျသါားတယ်လို့ပဲခံစားလိုက်ရတယ်လေ..။

……………………………………………………………………………………………………………………………………………………

အခန်း(၁၃) နောက်ဆက်တွဲ..

ထိုကဲ့သို့ မွန်သူရဲကောင်း လဂွန်းအိန် သည် မင်းရဲကျော်စွာ၏အကောက်ကြံကာ စီးချင်းထိုးစေသည့်အတွက် ကျဆုံးခဲ့ရပြီး နောက်တစ်နေ့နံနက်တွင် ငှက်ပျောဖောင်ထက်တင်ကာ အ၀တ်ဖြူဖြင့်အုပ်လျက် ဟံသာဝတီတပ်ရှိရာ မြစ်အောက်ဖက်သို့မျှောလေသည်။ ရာဇာဓိရာဇ်လည်း လဂွန်းအိန် အလောင်းကောင်ကို ကိုယ်တိုင်ကြည့်ကာ စိတ်မကောင်းကြီးစွာဖြစ်၏။ နောက်သူရဲကောင်းတို့ကို သဂြိုလ်သည့် အစဉ်အလာအတိုင်း မီးသဂြိုလ်ကာ အရိုးကို ရွှေမော်ဓော ဘုရားခြေရင်းတွင် မြုပ်နှံစေသည်။

မကြာမှီ ရာဇာဓိရာဇ် လည်း သားတော် ဗညားပုသိမ်တပ်နှင့်ပြန်ပေါင်းမိကာ တပ်ကို ညအချိန်တွင် ရေကြောင်းမှ ဆုတ်လေသည်။ကြည်းကြောင်းမှဆုတ်သော တပ်များအနက် သမိန်ဗရမ်းကို နောက်မှလိုက်လာသောအင်းဝတပ်က မိကာ ငှင်းစီးသော ဆင်ဖြူတော်ဗကမတ်ကိုပါမိ၏(သမိန်ဗရမ်းမှာ ရာဇာဓိရာဇ်၏ သားမက်တော်သူဖြစ်သည်။နောင်အင်းဝသို့ပါသွားပြီး အကျဉ်းကျနေချိန်တွင်တရုတ်တို့က အင်းဝကိုလာရောက်ပြီး သူရဲကောင်းတစ်ယောက်ချင်း စီးချင်းထိုးရန်စိန်ခေါ်လာသောအခါ အင်းဝဖက်မှ သူရဲကောင်းအဖြစ် ခံယူပြီး တရုတ်သူရဲကောင်း ဂါမဏိကို အနိုင်ယူခဲ့သူဖြစ်ပါသည်။)

ထို့နောက် ရာဇာဓိရာဇ်လည်း ဇာတာမသန့်ဟု ဟူးရား၊ပုဏားတို့က ဟောကြားသောကြောင့် သားတော်ကြီး ဗညာကျန်းကို ထီးနန်းယာယီလွဲအပ်ကာ မုတ္တမသို့ သွားရောက် နေထိုင်သည်။မင်းရဲကျော်စွာလည်းထိုသတင်းကိုကြားရာ ဟံသာဝတီထိချီတက်ကာ မြိုကို ၀ိုင်းရံထားသည်။ နောက်ရာဇာဓိရာဇ်လည်းဇာတာသန့်ချိန်ရောက်သော်ကိုယ်တော်တိုင်ချီတက်လာပြီး မင်းရဲကျော်စွာနှင့်ဆင်စီးထိုးရာ မင်းရဲကျော်စွာ ကျဆုံးလေသည်။

……………………………………………………………………………………………………………………………………………………..

အခန်း(၁၄)- ရှင်းလင်းချက်

စာအားဖြင့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ဟု ခေါ်သော်လည်း အမှန်တွင် နှစ်၅၀ ကျော်ကြာတိုက်ခဲ့ရသည်။ ထိုကဲ့သို့စစ်ကာလကြာရှည်လွန်းသဖြင့် နှစ်ဖက်လုံးတွင် စီးပွးရေး၊လူမှုရေး၊ အတွေးအခေါ် နှင့် စာပေပညာများပါမကျန် နေရာပေါင်းစုံ၊ဘက်ပေါင်းစုံမှ ကျဆင်းခဲ့ရပြီး စစ်လမ်းကြောင်းမှ ဝေးကွာသော(သို့မဟုတ်) စစ်ဒဏ်ကို အနည်းအကျဉ်းသာခံစားရသောတောင်ငူသည် အေးချမ်းသာယာပြီးမင်းကြီးညို(တပင်ရွှေထီး၏ဖခမည်းတော်)လက်ထက်တွင် အင်အားကြီးမားလာကာ အင်းဝတွင် နရပတိမင်း ၊ ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ မင်း တို့လက်ထက်တွင် မင်းတရားရွှေထီး(တစ်ပင်ရွှေထီး)မှဟံသာဝတီကိုသိမ်းပိုက်ခဲ့ပြီး၊ဟံသာဝတီဆင်ဖြူများရှင်(ဘုရင့်နောင်)လက်ထက်တွင်အင်းဝကို
သိမ်းယူခဲ့ပြီး “ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး”ကိုထူထောင်နိုင်ခဲ့ပါတော့သည်။

ရာဇာဓိရာဇ်သည်မဂဒူးမင်းဆက်ကိုထူထောင်သူဝါရီရူးမင်း(ဗညားဝါရူးမင်းမှစတင်ရေတွက်လျှင်)(၉)ဆက်မြောက်မင်း
ဖြစ်သည်။သူ့နောက်တွင်ဗညားကျန်း၊ဗညားရံ(ရှင်စောပု၏နောင်တော်များဖြစ်သည်။ဗညားရံမှာနှုတ်ရေးအလွန်ကောင်း
သည်ဟုကြော်ကြားသည်။)၊သမိန်ဖရူ(ဗညားဖရူဟုလည်းခေါ်သည်/ရှင်စောပု၏သား)၊လိပ်မွန်ထော၊ဗညားထော(ဘုရင်မ
ကြီးရှင်စောပု)၊ဓမ္မစေတီ(ရှင်စောပု၏ သားမက်)၊ဗညားရံ(ဓမ္မစေတီ၏ သား)၊ထိုနောက် သုရှင်တကာရွတ်ပိလက်ထက်
တွင်အင်အားယုတ်လျော့ကာ တောင်ငူဘုရင် တပင်ရွှေထီး ကအနိုင်ယူကာသိမ်းပိုက်ခြင်းဖြင့် ဇာတ်သိမ်းခဲ့ရသည်။

ဆက်ရန်……

လေအဟုန်ပြင်းပါတဲ့ ကစ်ချက်ကပြင်း
နာဂစ်မွှေ လူတွေသေပါလို့
အိမ်ယာပျောက်ငိုသူကများ။

ဒီအချိန် ကမ္ဘာမိသားစုရယ်များ
ကူညီမယ် လူလူချင်းပေမို့
စောင့်နေသူတွေမရှား။

စာနာစွာကမ်းတဲ့လက် ဖျက်ဖို့သူကြံ
ဒီနိုင်ငံ သူသာပိုင်ဟန်နဲ့
ပြန်ပါဟဲ့ ပြောတဲ့စကား။

သေပါစေ ပြည်သူများလေမို့
နေပါလေ ကိုဘန်ကီမွန်းရယ်
ဒို့ အမျိုးနဲ့ ဝေး။

မြန်မကြာ ဒေါ်လာသံကြားခါမှ
လာအမြန် သူပန်ကြားပြီတဲ့
ငမ်းချင်တဲ့ ငွေချော။

အော်သံက အမျိုးသားရေးပေပဲ
ဆောင်ဟန်က အမျိုးများအရေးပေမို့
ပေါ်ပါတယ် ထူးတဲ့ဖန်ကွက်။

နိုင်ပါတယ် ဒီမုန်တိုင်းကိုတော့
ငွေကိုတာ မြန်မြန်ပေးပါလို့
တောင်းရမ်းပုံကြမ်း။

ပြည်သူတွေ ကြံကုန်ပေးကာရယ်
သံဃာတွေ လွန်ကုန်ကြိုးပါလို့
ပြည့်တဲ့ဒီဝမ်း။

လာပြန်တယ် ဒီအမျိုးသားရေး
ရွှေကျောင်းကပြောင်ပေမယ့်
ပြည်ဝမ်းတော့ခေါင်မယ်မဝေး။
တွေးစရင်လေး..။

ဟယ်လို .. ဒါလင်လား ၊ဟန်နီပါ..။ မောင်ပို့လိုက်တဲ့ ပိုက်ဆံကုန်တော့ မယ်။မောင့်မိဘတွေကိုလဲ ပေးလိုက်သေးတယ်လေ။
……။ မောင် စလုံးမှာအဆင်ပြေလား..။ညနေစာရော..စားပြီးပြီလား..။စားသောက်တာတွေရော .. ။ ………။
အင်း …. အင်း…. သြော် … ။ …………..။ ဒါပေါ့..ဒါပေါ့ ။ စိတ်မကောင်းမဖြစ်ပါနဲ့ မောင်ရယ်။ ကြိုးစားပေါ့။ဟုတ်တယ်မလား..။နောက်ကောင်းသွားမှာပါ…။….. ……… .. ။မောင် အဆင်ပြေပါစေနော်.. မောင်။ ပိုက်ဆံလဲလွှဲဖို့မမေ့နဲ့ဦးနော်..။မောင်..ပြောရဦးမယ်…****@@@###%%%%&&&***။ဟုတ်တယ် .. အဲဒါကိုပဲ ဟန်နီကပြောတော့မလို့။ သိပ်ကို တရားလွန်လွန်းတယ် မောင်ရယ်..။ ဒီလူတွေနဲ့ နောက်ဆို ထပ်မပတ်သတ်တော့ဘူးလို့စဉ်းစားထားတယ်…မောင် ။အင်း.. အင်း..။ဒါပဲနော်မောင်..။
နောက်မှပြန်ဆက်လိုက်မယ်..။မှာတာလဲ မမေ့နဲ့နော်..။

…………………………………………………………………………………………………………………………………………………

သားလား.. အေး ။သား..အမေပါ..။ သားနေကောင်းလား..။ အမေ ဟိုတစ်နေ့က သားမှာတဲ့ ဘာလချောင်ကြော် တွေ လူကြုံရှိလို့ ပို့ပေးလိုက်တယ်နော် .. သား။သားအဆင်ပြေလား..။ နေကောင်းအောင်နေနော် ..။
အင်း .. အမေတို့ဆီကို ပိုက်ဆံတွေ ခဏ၊ခဏ မပို့နဲ့သား၊ အမေ တို့မှာရှိပါတယ်..။ နော်.. သား.. ။…….. ။ ရပါတယ်သားရယ်..။ သားမှာက လဲအိုးနဲ့ အိမ်နဲ့ မလား.။သူများသားသမီး ယူထားပြီး.. လုံလောက်အောင်ထားပေးရမှာပေါ့..။
နော်.. ဒါတွေမပြောပါနဲ့တော့ သားရယ်..။သားပဲစိတ်ညစ်ရမှာပေါ့..။အင်း … အင်း..။…..အေး…..။
သြော်..သား..မင်းညီလဲ ခု နောက်ဆုံးနှစ်ဆိုတော့ .. ကျောင်းပြီးရင် သူကလဲ မင်းနောက်လိုက်လာချင်တယ်တဲ့..။
……………………..။အေးပါ..အေးပါ။သားလဲ ကြိုးစားထားဦး.. နော်။ မင်းလဲနောက်ဆို အဖေ ဖြစ်တော့မှာ..
။…….။အမေလဲမြေးချီရတာပေါ့..။ဟင်း..ဟင်း..ဟင်း..။ဒါပဲနော် သား.. အမေပြန်တော့မယ်..။နေ ကောင်းအောင်နေဦး..။

…………………………………………………………………………………………………………………………………………………

ဟုတ် အစ်ကိုလား.. ဟုတ်…ဟုတ်။ ကျွန်တော် ဒါဆို ဘာတွေဆက်လုပ်ရဦးမလဲခင်ဗျ။ ဟုတ်..။……………….။ ဟုတ် ကြားရတယ်ခင်ဗျာ။ပြောပါ…။………….။ဟုတ်.. ကျွန်တော် အဲဒါကို အရင်လုပ်ရမှာလားခင်ဗျာ..။………………….။
သြော်..ဟုတ်ကဲ့..ဟုတ်ကဲ့..။ဟုတ်….။ဟုတ် ..အဲဒါပြီးတော့ ရောအစ်ကို..။…………………..။ဟုတ်..ဟုတ်။အားကိုးပါတယ် အစ်ကို..။ဟုတ်ကဲ့ခင်ဗျ..။ဟုတ် .. ဒါဆို အဲဒီဟာ အရင်လုပ်ပြီးမှ အစ်ကို့ဆီကို ဖုံးပြန်ဆက်ပေးပါ့မယ်..။ဟုတ်..။…………..။
လာမယ့် ဗုဒ္ဒဟူးနေ့..ဟုတ်ကဲ့ ..။ဒါဆို ဒါပဲနော် အစ်ကို..။ဟုတ်ကဲ့ ..ဟုတ်ကဲ့ပါ..။

…………………………………………………………………………………………………………………………………………………..

သမီးလေးလား..။ဖေကြီးပါ..။ နေကောင်းလား..သမီး..။မင်းကိုကို ကတော့ကွယ်..။ပြောရရင်လဲမကောင်းပါဘူးကွာ.။
အထဲဝင်သွားပြန်ပြီ..။မင်းမေမေလဲ ဒီစိတ်နဲ့ ပဲ အိပ်ရာထဲ လဲနေပြန်ပြီ..။ ………………။ဒါပေါ့ကွယ်..။သမီးရယ်..။ ဒီသမီးလေး လိမ္မာ လို့ ပေါ့.. အဖေတို့ ခံသာနေတာ..။ သမီးလေး ..စာတွေရောလိုက်နိုင် ရဲ့လား..။ ကြိုးစားနော်..သမီး။.. …… … ……… ။
အင်း.. နေကောင်းအောင်လဲနေဦးနော်..။ အိပ်ရေးအပျက်မခံနဲ့ ..သိလား….။အတူနေတဲ့ ကလေးမလေးတွေနဲ့ရော .. အဆင်ပြေရဲ့လား..။ … …. ………….။ သည်းငြီးခံနေပေါ့ကွယ်..။ ……………။အင်း..သမီးကနားလည်တတ်ပါတယ်..။
…………………. … ……..။ အင်း…အင်း…အေး..အေး..အေး..။အေးကွယ် .. ကြိုးစားပါနော်..သမီး..။ဘုရား၊တရားလဲမမေ့နဲ့ဦး။ နေကောင်းအောင်လဲနေဦး..။ သြော်ဒါနဲ့.. …သမီးလေး သုံးဖို့ရောရှိသေးလား..။အင်း..အင်း.. ကောင်းပါတယ်ကွယ်..။
သာဓု..သာဓု…။ဒါပဲနော်..ဖေကြီးနောက်မှ ပြန်ဆက်မယ်..ဒါပဲနော် သမီး.။

ဒါကတော့ လူရွင်တော်အငြိမ့်လေးတွေပါ ။ အပျင်းပြေ ရယ်မောကြဖို့ ရည်ရွယ်ပါတယ် ။

ကားလိပ်အဖွင့် … အခန်း(၁)

လူရွင်တော်အ၀တ်အစားများဖြင့် လူ ၄ ယောက် ရပ်နေ၊ ကားလိပ်ကုန်သည်အထိ လက်နောက်ပစ်ပြီးရပ်ကြ၊ ကားလိပ်ကုန်လျှင် တစ်ယောက်ကစပြော ..

ကဲ .. ကျုပ်တို့ လူရွင်တော် အဖွဲ့ က နှုတ်ခွန်းဆက်ကြရအောင် .. (၄ယောက်သားသံပြိုင်)

ဘာမထီ တဲ့ ငါတို့သည်၊ တစ်လောကလုံးနဲ့တစ်ယောက်လဲ ရင်ဆိုင်မည်။မြန်ပြည်တစ်ခွင်ပြဲပြဲစင်
ငါတို့ရမ်းကားမည်။

ကဲ ကို ဖျောက်ပြေးရေ …
ဘ ပန်းသေလားဗျ…

ကို ဘိန်းဇိမ် ..
ရှိပါတယ်။ ဘပန်းသေ ..

ကို အူကျရွှေပန်း လေးရော
ရှိပါတယ်ဗျာ ..ဘပန်းသေ

ပန်းသေ။ ။ကောင်းပါပြီ..။ဒီလို မင်္ဂလာရှိတဲ့ ညချမ်းမှာ တို့ရဲ့ ကျပ်ပြေး နေ၀င်အငြိမ့်အဖွဲ့ကြီးအနေနဲ့ ကပြဖျော်ဖြေ ရတာ တယ်ပဲ ပျော်ရွင်ရပါတယ် ။

ဖျောင်ပြေး။ ။ဟုတ်ပါတယ်ဗျာ။ခုဆိုရင် ကျွန်တော်တို့ စုစည်းနေထိုင်တဲ့… အဲ ..အဲ စုမပါဘူး..ဟဲဟဲ..။ကျွန်တော်တို့ ပေါင်းစည်းနေထိုင်တဲ့ ဟောဒီ ကျပ်ပြေးမြို့တော်ကြီးဟာဆိုရင်ဖြင့် ပြည်သူအများပို့သတဲ့ မေတ္တာနဲ့ တစ်နေ့တစ်ခြား စည်ပင်လို့လာနေတာ အားလုံးလဲအသိမဟုတ်လား။ဒါတွေက ဘပန်းသေ၇ဲ့ အမျှော်အမြင် ရှိရှိဆောင်ရွက်
ခဲ့တဲ့ကျေးဇူးများပေပဲ။

ဘိန်းဇိမ်။ ။ဟုတ်ပါ့ဗျာ ကိုဖျောင်ပြေးရေ။ခုဆိုရင် ကျုပ် တို့ရဲ့ မြို့တော်သစ်ကြီးဟာ အမှောင်တွေကြားမှာ မီးပြောင်ပြောင် နဲ့
ကမ္ဘာတစ်လွှား လွန်ကြော်ကြားနေပြီပဲမဟုတ်လား။ ဒါတွေဟာကျုပ်တို့ အတွက် အလွန်မှ ပဲ ဂုဏ်တက်စရာပါပဲ။ ဘပန်းသေ
လဲသေခါနီးမှာ အိမ်ကြီးခမ်းနားစွာနဲ့ ရိက္ခာယူနေနိုင်၊ကျုပ်တို့အဆွေအမျိုးတွေလဲ မြို့တော်သစ်တည်ဆောက်ရေးမှာ ကန်ထရိုက်တွေ ချပေးလိုက်တာ မည်သည့်ခေတ်နဲ့မှ မတူတော့လောက်အောင် ကြီးပွားကုန်ကြပြီမဟုတ်လားဗျာ..
ကိုအူကျရွှေပန်းရေ။

အူကျရွှေပန်း။ ။ဟုတ်ပါတယ်ခင်ဗျာ။ ဘဘပန်းသာမရှိခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့မှာ တစ်သွေးတစ်မွေးနဲ့ ဒီလိုဖြစ်လာမှာမဟုတ်ဘူးနော်..။ သူရှိပေလို့ကျွန်တော်တို့တစ်တွေ မည်သို့မည်ပုံ သိုရ၊၀ှက်ရ၊
သတ်ရ၊တိုက်ရမယ်ဆိုတာ သိလာမှာမဟုတ်ဘူး။ ခုသူ့လို အာစရိယဂုဏ်ပြောင်တဲ့ ပိုင်အိုးနီးယားဆန်ဆန် သွန်သင်ပေးလို့ ကျုပ်တို့ တစ်တွေ ဒီလို အားပြည့်အင်ပြည့်နဲ့ ဗြောင်ကျကျ လိမ်နိုင်၊ညာနေနိုင်တာကလားဗျာ။

ပန်းသေ။ ။ဟဲဟဲ .. သိပ်လဲမြှောက်မနေကျပါနဲ့ဦးလေ။ ဟဲဟဲ .. ကျုပ်ကဒီလောက်လဲမစွမ်းပါဘူးဗျာ။ ဟဲဟဲ ..ဆက်ပြောကြပါဦး။ဟဲဟဲ..။

ဘိန်းဇိမ်။ ။ကျုပ်တို့ဒီလိုနေနိုင်တာ ကျုပ်တို့ ပြုသမျှနု၊ လုပ်သမျှ ခံမယ့် ပြည်သူတွေရဲ့ ကျေးဇူးကလဲမသေးပေဘူးဗျာ။
ဒီတော့ ကျုပ်တို့က ကျုပ်တို့ သဘောထားအမှန်၊စေတနာမှန်ကို ပြသတတ်ရမယ်။ ဟုတ်ပါရဲ့လားကိုေ၇ွှပန်းရေ။

ရွှေပန်း။ ။ ဟုတ်ပါတယ်ဗျာ။ဟုတ်ပါတယ်။ ခုဆိုတပ်မတော်ရဲ့စေတနာမှန်ကိုပြသတဲ့အနေနဲ့ နာဂစ်လေဘေးရေဘေးဒဏ်
ခံပြည်သူတွေအတွက်အပြည်ပြည်ဆိုင်ရာကလှုဒန်းတဲ့ နိုင်ငံခြားဖြစ်ပစ္စည်းတွေကို ပြည်တွင်းဖြစ် တွေနဲ့ လဲလှယ်ဖြန့်ဝေခဲ့ပြီးပါပြီ။

ပန်းသေ။ ။ ဟေ့..ဟေ့.. ခုအဲဒီလဲ လို့ရလာတဲ့ ပစ္စည်းပစ္စယတွေရော၊မင်းတို့ ငါ့အိမ်ကိုပို့ပေးပြီးပြီလား။မပို့ရသေးဘူးဆိုရင် ခုပဲမြန်မြန်ပို့၊ဒါအမိန့်။

ဖျောင်ပြေး။ ။ ဟိုး ..ဟိုး .. စိတ်တွေမလောပါနဲ့ ဘပန်းရယ်။ ပို့လိုက်ပါပြီ။ပို့ပြီးပါပြီ။ လေဒီ ပန်းကိုယ်တော်တိုင် လက်ခံပြီးလို့ မယုံရင်မေးကြည့်နိုင်ပါတယ်။

ပန်းသေ။ ။ အေးကွယ်။သေခါနီးပြီဆိုတော့ တစ်ချက်တစ်ချက်ဒီလိုပဲ။ လူကြားထဲလဲ အိနြေ္ဒ မဆောင်နိုင်ဘဲ
ဖြစ်ဖြစ်သွားတတ်တယ်။ အဟွတ် ..အဟွတ် ..၊ခွင့်လွှတ်ကြပါ။ အဟွတ် ..အဟွတ် ..။

ရွှေပန်း။ ။ ဟ .. ဟ ၊လုပ်ကြပါဦး။ ပြောရင်းက ပဲ အမောကဖေါက်လာပြန်ပြီ။ ဆရာဝန်ခေါ်၊ဆရာဝန်အမြန်ခေါ်ကြပါဟဲ့။

ပန်းသေ။ ။ ရတယ်၊မခေါ်နဲ့ ။ဒီကဆရာဝန်တွေနဲ့မကုဘူး။ငါ့သားမက်ကြီးကို အဲဇလုံ လေယာဉ်ကြီး အမြန်ပြင်ဆင်ခိုင်းလိုက်၊
ငါစင်္ကာပူသွားမယ်။

ဘိန်းဇိမ်။ ။ ဟဲ့ဟဲ့ တွဲမယ့်လူအမြန်ခေါ်လေ။ဟဲ့စင်အောက်က လူတွေလာကြပါဦး။သြော်၊ကားလိပ်ချလိုက်၊ကားလိပ်ချလိုက်။

(ထိုစဉ်မှာပင် ကားလိပ်ချ)

……………… …………………… ……………………….. …………………………… ………………………… ………….

ပန်းသေ။ ။ အဟမ်း၊အဟမ်း … မင်းကြီးများ …

ကျန်၃ယောက်။ ။ဖလား….

ပန်းသေ။ ။အိမ်း.. ဒီတစ်ခါတော့ ဒို့များ တော်ဝင်ဆန်ဆန်လေး၊ထီးနန်းဆန်ဆန်လေး ဖျော်ဖြေရအောင်လားကွယ်။

ကျန်၃ယောက်။ ။မှန်လှပါ.. ဖလား …..

ပန်းသေ။ ။ကဲ ဒါဆိုရင်လဲ .. ငါကိုယ်တော် ဘောင်းတော်ငြိမ့်ရင်စိတ်တော်သိကြတဲ့ မှုးကြီးမတ်ကြီး၊ဘူးသီးဘတ်သီးများ

ကျန်၃ယောက်။ ။ဖလား…

ပန်းသေ။ ။အမယ်လေး .. ဘုရား ထူးတာလေးက ကျက်သရေရှိလိုက်လေခြင်း၊နားဝင်ချိုလိုက်လေချင်း … ဟိ .. ထူးစေချင်လွန်းလို့ ခဏ ခဏ ပြန်ပြောနေတာ …

ကျန်။ ။ တော်ပါတော့ ..ဖလား ……………..

ပန်းသေ။ ။ အင်းအင်း … တော်ခိုင်းရင်တော့ အများနဲ့တစ်ယောက်မို့တော် ပေးရမှာပေါ့ ။ ကဲ ..ကဲ .. မင်းကြီးများ အနေနဲ့
တိုင်းရေးပြည်ရာ အ၀၀ သော ကိစ္စများ ကို စိတ်မချမ်းမြေ့ စရာ၊ အလိမ်အညာ ကင်းကြောင်း များမှ လွဲ ပြီး .. မှန်ရာကို
မချွင်းမချန် လျှောက်တင်စေ….

ကျန်။ ။ ဒီလိုဆို ရင်တော့ လျှောက်တင်စရာ မရှိတော့ပါ ဖလား…..

ပန်း။ ။အိမ်း…. ဒါဆိုရင် ..ငါကိုယ်တော် ပိုင်ဆိုင်ရာ ရွှေပြည်ကြီးအတွင်း စိတ်မချမ်းမြေ့စရာတွေ၊ မတရားတာတွေ မရှိဘူးလို့မှတ်ယူတော်မူရလို့ အလွန်ပဲ စိတ်နှလုံးသာယာတော် မူပေတယ်။ ဒီလိုစိတ်ချမ်းသာ ဖွယ်ရာတွေဖြစ်အောင်
ကို လျှောက်တင်တတ်တဲ့ မင်းကြီး များကို ဆုတော်၊လာဘ်တော်များပေးသနားရန် ……

ကျန်။ ။ကျေးဇူးတော် ကို မမေ့ကြောင်းပါ….

ပန်း။ ။ ဟေ့ ..ဟေ့ .. ငါပြောတာမပြီးသေးဘူး..။ ဆုတော်၊လာဘ်တော်များပေးသနားရန် အိမ်က မိန်းမကြီးနဲ့ တိုင်ပင်လိုက်ဦးမယ် မင်းကြီးများ …

ကျန်။ ။(တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး) ကျေးဇူးတော်ကို မမေ့ကြောင်းပါ မယားကြောက်ကြီးနဲ့ သခင်မကြီးဖလား……

(ကားလိပ်ချ)

……………………… …………………………. ………………………………. ………………………………….. ……….

ပိုင်ဆိုင်ခွင့်အတွက် လမ်းတွေလျှောက်ခဲ့ဖူးပါတယ်။
နှလုံးသွေးတွေ၊ချစ်ခြင်းတရားတွေ ရင်းလို့ပေါ့။

ငိုခြင်း ရီခြင်းကင်းတဲ့ အရပ်မှာ ခဏလောက်ရှင်သန်ဖူးပါရစေ။
ငါ့ခံစားချက်တွေ ပြုန်းတီးကုန်မှာစိုးလို့ပါကွာ။

သေခြင်းတရားရဲ့တစ်ဖက်မှာ ဘာတွေရှိလဲ။
အိပ်မက်ရင်း၊အိပ်မက်ထဲမှာ ရှာဖွေပါရစေဦးလေ။

လှော်ရင်း ကျိုးခဲ့တဲ့ တက်ပဲ့ နဲ့ လောကကြီးကို ရွဲ့ ပစ်ဦးမယ်။
ငါ့တစ်သက်မှာ တစ်ခါတည်းသော အချစ်စစ်ပဲရှိတယ်ဟေ့။

အမှိုက် တစ်စအတွက် ပြသာဒ် မီးလောင်မလောင်တော့မသိဘူး။
လူပြိန်းတစ်ယောက်ရဲ့ အတ္တကြောင့် လူတွေ မငြိမ်းနိုင်ဘူးလေ။

လူဆိုတာ ပုံစံခွက်ထဲက မွေးတာ မဟုတ်ဘူးတဲ့..ပြောတဲ့လူရှိတယ်။
ဒါပေမယ့် ပုံစံခွက်နဲ့ လူတွေတော့ရှိပါတယ်ဆိုတာတော့ သက်သေပြနိုင်ပါတယ်။

စပယ်ယာဆိုတဲ့ လူတွေနဲ့တော့ ရန်မဖြစ်ဖူးလေတော့။
အိမ်ပြန်နောက်ကျတဲ့ ကားခတွေလဲ ဈေးတက်နေတာမဆန်းတော့သလိုပဲ။

လေလွင့် တိုက်စားနေတဲ့ စိတ်ဓာတ်တွေအတွက်
လဖ္ကက်ရည်တစ်ခွက်နဲ့ တော့ အစားဖြည့်နိုင်ပ့ါမလား။

လူတွေကြည့်တဲ့ ကိုရီးယား ကားတွေ ငါမကြည့်ဘူး။
အတွဲတွေသွားတတ်တဲ့ ကန်တော်ကြီးကို ပုံမှန်ငါမရောက်ဖြစ်ဘူး။

စာတွေများများ ဖတ်မိလို့ ခုဆိုမနက်တိုင်းအန်နေတတ်ပြီ။
ဒါပေမယ့် အန်လိုက်တိုင်း သတင်းစာ အပိုင်းအစတွေ ။

အုန်းသီးတွေထဲ ဘယ်သူရေထည့်သွားလဲ၊ငါတရားခံထွက်ရှာလိုက်ဦးမယ်။
တောက် …. တော်တော် လက်ကမြင်းတဲ့ကောင်၊တွေ့ရင်တော့လားကွာ။

ကိုယ့်လူတို့ရေ၊ခင်ဗျားပြဿနာကို မီးထွန်းမရှာပေမယ့်
ပြဿနာက ကိုယ့်ကို လာပတ်တာမျိုးကြုံဖူးကြလားဗျာ။

ချိုးငှက်တစ်ကောင်သူ့ဖာသာသူနေတာအကြောင်းမရှိပေမယ့်။
အနားမှာ လူဆိုတဲ့ အတ္တခဲများရောက်သွားရင်တော့ ဒီချိုးဟင်းတစ်ခွက်ဖြစ်မယ်နော်။

ရေကူးရင်း ရေငတ်နေလား၊ ဖောင်စီးရင်း ရေနှစ်နေလား။
ဒါတွေက ဖြစ်နေကျသင်ခန်းစာတွေရယ်ပါဗျာ။

နောက်ဆုံးတော့လဲငါသိလိုက်တယ် …. တစ်ကယ်တော့လေ … ဘ၀ ဆိုတာ
“နေတတ်မှ ကျေနပ်ဖို့ကောင်းတာပါတဲ့ …… “

ကြိုတင်ပြင်ဆင်ခြင်း

မုန်တိုင်းပြီးလို့တစ်လ အကြာ(ဇွန်လ၊ ၂ ရက်နေ့၊တနင်္လာနေ့) မှာ အလှုခရီးတစ်ခုထွက်ဖို့ ကျွန်တော်တို့စီစဉ်နိုင်ခဲ့ပါတယ်။ဒီတော့ ၀ယ်စရာရှိတာတွေဝယ်၊ခွဲစရာရှိတာတွေခွဲပေါ့။လူတွေက ဒုက္ခသည်တွေအတွက် စားစရာပေးဖို့မမေ့ကြပေမယ့်၊ထည့်စားဆို့ ခွက်ယောက်၊ပန်းကန်တွေ ပေးဖို့ကို မေ့နေတတ်ကြတယ်လို့ တွေးမိကြပြီး စတီး ပန်းကန်တွေ၊ဇွန်းတွေ ၀ယ်ကြတယ်။နောက် ကလေးတွေ အတွက်လည်း စားစရာ မုန့်လေးတွေရောပေါ့။နောက် ထုံးစံအတိုင်းဆန်၊ဆီ၊ဆား ပေါ့ကိုယ့်ဆရာရယ်။အဲ.. ဆန်ကတော့ ဒီမှာဈေးကြီးမယ်ဆိုပြီး ကျုံမငေး ရောက်တော့မှဝယ်ဖို့စီစဉ်တာပေါ့လေ။ နောက်ကျွန်တော်တို့လမ်းမှာစားမယ့် မုန့်တွေ၊ခေါက်ဆွဲခြောက်တွေ၊သောက်ဖို့ ရေသန့်ဗူးတွေ၊ အားလုံးစီစဉ်ပြီးတော့ ၂ ရက်နေ့ နံနက်စောစော စထွက်မယ်ဆိုပြီး အတည်ပြုလိုက်ပါတယ်။

အသွားခရီး(၁)

စထွက်မယ်ဆိုတဲ့ စုရပ်ကို ရောက်တော့ ၇ နာရီ နည်းနည်းတော့ ကျော်ပါပြီ။ လူတွေ ကတော့ အစုံမရောက်သေးဘူးပေါ့လေ။ လူတွေစောင့်ရင်း ပစ္စည်းတွေ ကို သွားမယ့် လိုက်ထရပ် ကားလေးပေါ်တင် ပြီး လူစုံတော့ ထွက်ကြပေါ့ဗျာ။ အဖွဲ့ ကိုဦးဆောင်တဲ့ ကို ထွန်းဦး ကိုယ်တိုင် ကားမောင်း ပြီး ကိုတရုတ် က ဘေးကလိုက်ပေးပါတယ် ။ ကျွန်တော်အပါအ၀င် ကျန်တဲ့လူတွေကတော့ နောက်ကထိုင်လိုက်ကြတာပေါ့ဗျာ။လူကတော့ အားလုံးပေါင်း ၁၀ ယောက်တိတိပေါ့။ ရန်ကုန်၊လှိုင်သာယာ ဂိတ်ကျော်တော့ ၈နာရီကျော်….။

စထွက်လို့မှ မကြာလို့ ကားက ရေ စဆူပါတော့တယ်။ ဒီတော့ ထိုင်ခုံလှန်ပြီး ရေတိုင်ကီကို စစ်ကြဆေးကြနဲ့ ဘာမှ မဖြစ်တော့မှရေလဲပြီး ဆက်မောင်ကြပေါ့ဗျာ။ နောက်ရန်ကုန် နဲ့ ဧရာဝတီ တိုင်းအစပ်နားရောက်တော့ နောက်တစ်ခေါက်ထပ်ဆူ ပါတယ်။ စိတ်ထဲက တော့ ခပ်ထင့်ထင့် ပဲ ကိုယ့်ဆရာရေ။ ကိုယ်က ကောင်းမှုကုသိုလ် ပြုဖို့ သွားတာပဲ၊ဘာမှ မဖြစ်နိုင်ပါဘူးဆို ပြီး ဖြေချလိုက်တယ်။ ဒီလိုနဲ့ ညောင်တုန်းကိုကျော်၊ဗိုလ်မြတ်ထွန်းတံတားကြီး ကိုဖြတ် ပြီတော့ ပန်းတနော် လမ်းခွဲကိုကျော်၊ဒီအထိကတော့ချောချောမောမော ပါပဲ။ ပြောစရာဆိုလို့ မိုးကဖွဲဖွဲရွာတာလေးဘဲရှိတယ်။ နောက်ပန်းတနော် လမ်းခွဲကိုကျော်လို့မှ သိပ်မကြာခင်မှာ ဇာတ်လမ်းစပါရောဆရာရေ။
လမ်းက မိုးရွာလို့ချောနေတာ ကို ဘီး ကစလစ်ဖြစ်ပြီး ကားတစ်စီးလုံးထိန်းမရသိမ်းမရ ဖြစ်သွား၊၃၆၀ဒီဂရီ မကအောင်ချာလပတ်လည်ပြီး လမ်းဘေးကို နောက်ပြန်ကြီး ကျတာဆရာ။ကံကောင်းတာက နောက်က လမ်းဘေးသစ်ပင်က ခံနေတော့ နောက်အမိုးကိုင်းနဲ့ အဲဒီ သစ်ပင်နဲ့တိုက်ပြီး ကားရရပ်သွားရောဗျာ။ အဲဒီနားမှာ သစ်ပင်က လဲ အဲဒီအပင်အပါအ၀င်၂ ပင်ထဲရှိတာ။ကံကြီးလို့ပေါ့ နော်။ မဟုတ်လို့ကတော့ မာလက၊ဈာန်ကြွလို့ ညောင်တုန်း ဆေးရုံလား၊ရင်ခွဲရုံလား တစ်ခုခုတော့ တစ်ခုခု ပဲဗျာ။ကားအမိုးကိုင်းနောက်အစွန်းလေးကတော့ တော်တော် ပိန့်သွားတယ်ဗျာ။

နောက် ကားမောင်းတဲ့ ကိုထွန်းဦး ကို စိတ်တွေ အရမ်းလှုပ်ရှားနေလို့ အနားပေးပြီး ကိုတရုတ်က ၀င်မောင်းပါတယ်။ ပန်းတနော်လမ်းဆုံကိုပြန်သွားပြီး ကားကိုပြန်စစ်တော့ နောက်ဘီးတွေက တစ်ဘီး လေနည်း၊တစ်ဘီးလေများ နေတယ်တဲ့။ဘက်မညီဘူးပေါ့ ကိုယ့်ဆရာရယ်။ဒီတော့ ဘီးတွေကိုလေချိန်၊ ခဏနား၊လဘ္ဖက်ရည်သောက် ပြီးတော့ ၀ါးခယ်မ ကို ဆက်ထွက်ကြတာပေါ့။ ပြောစရာကတော့ ကားလမ်းဘဲဗျာ။ တောက်လျောက်ကို ဆိုးဝါးနေတာ။လူတွေလဲ ကျောတွေ၊ရင်တွေကို နာလို့ပေါ့။ ၀ါးခယ်မ ကို မရောက်ခင် အားလုံးက နားပြီး ပါလာတဲ့ဒံပေါက်ထမင်းကို စားကြ နားကြပေါ့။ အချိန်ကတော့ ၁ နာရီခွဲ….။

ဝါးခယ်မ ကိုကျော်တော့ လမ်းကပိုတောင်ဆိုးလာသလားဘဲဆရာ။တောက်လျောက် ငြိမ်ငြိမ် ထိုင်လိုက်ရတယ်ဆိုလို့ ရွေလောင်း တံတား မှာဘဲရှိတယ်။ကျန်တာတွေကတော့ ဆိုးပ ဆိုတာထက်တောင်လွန်နေသေးတယ်ဗျာ။ရွှံဗွက် လမ်းတွေကလဲ ပါသေးတယ်ဗျာ။ဒီလိုနဲ့ ညနေ ၃ နာရီခွဲလောက်ကျတော့ ကျုံမငေး ကိုရောက်ပါတယ်။ ကျုံမငေးမြို့ကမြို့ငယ်လေးပါ။အဲဒီမှာ ရန်ကုန်ကလာတဲ့ တခြားအဖွဲ့နဲ့ဆုံပါတယ်။သူတို့လည်းကျွန်တော်တို့သွားမယ့် အလယ်ရေကျော်ရွာကိုပဲသွားမယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒီလိုနဲ့ ၂ ဖွဲ့ညှိပြီးနောက်နေ့မနက်စောစော ၄ နာရီလောက်ထွက်ဖို့ သဘောတူလိုက်ကြတယ်။

တည်းခိုစရာက လည်း တည်းခိုခန်းက ၂ ခုပဲရှိတာဆိုတော့သိပ်ရွေးနေစရာမလိုဘူးပေါ့ဗျာ။ကမ်းနားနဲ့နီးတဲ့တစ်ခုမှာတည်းပြီး ရေချိုး၊အနားယူ၊ပြီးတော့ ညနေစာစားကြပေါ့။

ကျုံမငေးရောက် ဒုက္ခသည်များ

တည်းခိုခန်းမှာရေချိုးပြီးတော့ နားနေကျတုန်းကျွန်တော်တို့ အဖွဲ့ ဆီကို ၀၀ဖိုင့်ဖိုင့်၊အသက် ခပ်ကြီးကြီး လူကြီးတစ်ယောက်ရောက်လာပြီး မေးတာပေါ့တယ်။ ငါ့လူတို့ကဘယ်ကလဲ၊ဘယ်ကိုလဲ၊ဘာလုပ်ကြမှာလဲပေါ့။ ကျွန်တော်တို့ကလဲ အလှုပေါ့၊အလယ်ရေကျော်ရွာကိုပါပေါ့။
နောက်တော့ အပြန်အလှန်မေးကြ ဖြေကြရင်းနဲ့ သူ့အကြောင်းတွေကို သိခွင့်ရလာတော့ တော်တော်ကိုသနားစရာကောင်းပါတယ်ကိုယ့်ဆရာ။ သူက ပြင်စလူ သားတဲ့၊ဆားကွင်းတွေ၊ဆားဖိုတွေ ပိုင်တယ်။လပွတ္တ မှာလဲအိမ်ကြီးရခိုင်နဲ့ပေါ့။ဒီနာဂစ်လာတော့ သူ့မိသားစုတွေအကုန်၊ မိန်းမ၊သား ၂ ယောက် ၊ချွေးမတစ်ယောက်၊ညီမ၊ သမီးတွေ၊မြေးတွေ အကုန်အကုန် ရေထဲပါသွားတယ်တဲ့ဗျာ။လပွတ္တက အိမ်ကလဲ ပြိုတယ်တဲ့။ဒီနောက်တော့ သူ့သားတစ်ယောက်က အသက်ကယ်အင်္ကျီ နဲ့ ပါသွားတယ်လို့သိရလို့ ကြားပြီး ၊ရှင်နေတုန်းဆိုတဲ့မျှော်လင့်ချက်လေးနဲ့ သူ့ခမျာ အိုကြီးအိုမ နဲ့ မြို့တကာပတ်၊ကယ်ဆယ်ရေးစခန်းတိုင်းကိုသွား ပြီးရှာပုံတော် ဖွင့်နေရှာတာတဲ့လေ။စိတ်မကောင်းဘူးဗျာ။သူကပြောရှာပါတယ”ငါ့မှာ ပိုက်ဆံတွေ ဘဏ်ထဲကျန်ပါသေးတယ်၊ငါချမ်းသာပါသေးတယ်။ဒါပေမယ့်ငါစိတ်ကလုံးဝကိုမချမ်းသာဘူးကွာ။မင်းတို့မိဘတွေ မင်းတို့ကိုချစ်သလိုမျိုး၊မိဘတွေက သားသမီးတွေကို အားရပါးရချစ်တာမျိုး၊ငါ့မှာချစ်ခွင့်မရှိတော့ဘူး”တဲ့။ကျွန်တော်တို့လဲ သနားတာနဲ့ သူ့ကို ညနေစာ အတူစားဖို့ ခေါ်ပြီး အတူစားကြ၊၀ိုင်းအားပေးကြပေါ့ဗျာ။

နောက်ထမင်းစားပြီးလို့ကမ်းနားမှာ ဟိုကြည့်ဒီကြည့်လိုပ်နေကြတုန်းမှာ လူတစ်ယောက်က “ကျွန်တော့သမီးလေးတော့ ဒုက္ခပါပဲ၊နားရွက်လေးတော့ အဖြတ်ခံရပြီထင်ပါတယ်။ကျွန်တော့သမီးလေး..ကျွန်တော့သမီးလေး” နဲ့ပြောနေတဲ့လူတစ်ယောက်ထပ်တွေ့ပါရောဗျာ။ကျွန်တော်တို့လဲ မေးကြမြန်းကြပေါ့။ဒီလူက ပိုဆိုးတယ်ဗျ။ စိတ်နဲ့လူနဲ့တောင်မကပ်တစ်ချက်ကပ်တစ်ချက်နဲ့၊ပြောရရင်တော့နည်းနည်းတော့ ကြောင်နေသလိုပဲ။ ဟုတ်ပေမပေါ့ဗျာ။ သူ့မှာက
တွယ်တာစရာဆိုလို့ဒီသမီးလေးတစ်ယောက်ပဲရှိတာတဲ့။မိန်းမက သမီးခပ်ငယ်ငယ် ကပဲသေသွား၊ဒီသမီးလေးကိုပဲ အရိပ်တစ်ကြည့်ကြည့်နဲ့ ချစ်နေရတာ၊ဒီသမီးလေးကသာသူ့ဘ၀တဲ့။ချစ်လွန်းလို့ရှိစုမဲ့စုလေး နဲ့ ရွှေနားကပ်လေး တစ်ရံဝယ်ပန်ပေးထားခဲ့တာ၊ခု သမီးလေးက ရေထဲပါသွားတယ်။နောက်အလောင်းတွေက ရွှေ တွေ ငွေတွေ ရှိရင် ချွတ်ယူတယ်၊မရရင်ဖြတ်ပြီးယူတယ်ကြားတော့ သူ့ခမျာခုလိုဖြစ်ရှာတာပေါ့ဗျာ။ကျွန်တော်တို့လဲသူ့ကိုချော့မော့ပြီး ပြန်ထွက်လာခဲ့ရတယ်။

ကျုံမငေးမှာ မြို့ခံတွေဆီက ကြားရတဲ့ တူညီတဲ့ သတင်းစကားတွေက တော့ အရောက်အပေါက်နည်းတဲ့ရွာသိမ်ရွာငယ်လေးတွေဆီထိရောက်အောင်သွားပေးကြပါ၊အဲဒီလိုဆိုပိုကောင်းပါတယ် ဆိုတာပါပဲ။နောက်တစ်ချက်ကတော့ ထုံးစံအတိုင်း ရိပ်စားဖြတ်စားတွေ အကြောင်းပေါ့။ညစ်ပါတယ် ကိုယ့်ဆရာရယ်။ဒါတွေက နေရာတိုင်းကိုကြားနေရတယ်ဗျာ။ညရောက်တော့ ကိုယ်တိုင်ျိကြုံရပါလေရောဗျာ။ လူတစ်ယောက်က တည်းခိုခန်းရှေ့ကျွန်တော်တို့ထိုင်နေတဲ့ နေရာနားမှာလာပြီး အထုပ်တစ်ထုပ်ကိုင်လို့ တစ်ကြွားကြွားနဲ့။ကြည့်လိုက်တော့ အိန္ဒိယ က အကူအညီပေးတဲ့ ပစ္စည်းထုပ်ဖြစ်နေတယ်။ မီးဖိုစင်အသေးလေး၊လောင်စာခဲလေး ၄/၅ တုံးနဲ့ ၊ပြီးတော့ မီးခြစ်ဗူးလေးတစ်ဘူး၊ကျန်တာတွေကတော့ ဂျုံနဲ့နယ်ထားတဲ့ စားစရာတွေလို့ပြောတာပဲ။ချာပါတီတို့၊ပူရီ တို့လိုများမသိဘူးဗျာ။
ဒီလူက အရက်လေးလဲနည်းနည်းဝင်ထားတယ်ဗျ၊နာမည်ကတော့ လှမင်းဆိုလား၊လှဝင်းဆိုလားပဲ။အဲ..ဒါနဲ့စောစောက သားပျောက်ရှာနေတဲ့ အဖိုးကြီးက မေးတာပေါ့။သူကလဲညစ်နေတာမဟုတ်လား။”ဒါတွေကဒုက္ခသည်စခန်းကပေးတာလား၊
မင်းကဘယ်စခန်းကလဲ”ဆိုပြီးမေးတော့ ဟိုလူကလဲ “ကျုပ်က ပြင်စလူကပါ”ဆိုတော့ အဖိုးကြီးက ဒေါတွေကန်ပြီး အဲဒီလူခါးကြားက လမ်းလျှောက်စကားပြောစက် ကို ဖျက်ကနဲ ဆွဲယူပြီး “ဒါကရော၊ဒုက္ခသည်စခန်းကပေးတာပဲလား” လို့ဘုမေးတော့ ဟိုကလူက ၀ူးဝူးဝါးဝါးတွေဖြစ်ကုန်ရော။ရုပ်ပျက်လွန်းပါတယ်ဆရာ။

၉နာရီလောက်ကျတော့ မနက်စောစောထရအောင် ဆိုပြီးအိပ်ရာဝင်ကြပါတယ်။ကျွန်တော်ကတော့ အိပ်သာအိပ်ရတာပါ။အိပ်မပျော်ဘူးဗျာ။ညနေကကြုံခဲ့တဲ့လူတွေရဲ့ ဒုက္ခ၊မဖြစ်သင့်တာတွေဖြစ်နေတာတွေ၊ကျွန်တော်အိပ်မရဘူးဗျာ။
လူ့အသက်ပေါင်းများစွာကိုဝါးမျိုခဲ့တဲ့ နာဂစ်ရဲ့လှိုင်းတွေက ကျွန်တော့ရဲ့ရင်ကို တ၀ုန်းဝုန်းနဲ့ ပုတ်နေလို့ပါကိုယ့်ဆရာရယ်။နောက်တော့ တစ်ချက်မှေးခနဲဖြစ်သွားပြီး၊ကိုထွန်းဦးလာနိုးသံကြားတော့မှ ပြန်နိုးလာတယ်။နာရီကြည့်တော့ ၂နာရီ ၄၅ …..။

အသွားခရီး(၂)

သဘောင်္ဆိပ်ကိုရောက်တော့ မှောင်နဲ့မဲမဲ ပဲရှိသေးတယ်ဗျ။ ကျွန်တော်တို့နဲ့အတူသွားမယ်ဆိုတဲ့ ဟိုဘာသာခြားအဖွဲ့ကိုလဲမတွေ့သေးဘူး။
ဒါနဲ့ပဲငုပ်တုပ်လေးတွေထိုင်စောင့်နေကြရင်းပဲ ၄နာရီခွဲသွားပါရော။သူတို့တွေရောက်လာကြတော့ သူတို့ ပစ္စည်းတွေပဲ့ထောင်ပေါ်တင်ကြပေါ့။ကျွန်တော်တို့ဆန်အိတ်တွေကတော့ တင်နှင့်ပြီးသားဆိုတော့ ဆက်ထိုင်စောင့်နေကြရုံပါပဲ။နောက်တယက်ထွက်ဖြစ်တဲ့အချိန်ကြတော့ ၅နာရီစွန်းစွန်းလေးဖြစ်နေပါပြီ။ပဲ့ထောင်ပေါ်မှာလဲ ညကကောင်းကောင်းမအိပ်ခဲ့ရတော့ ဆက်ပြီးမှိန်းလိုက်လာခဲ့လိုက်တာ၊အလယ်ရေကျော်ကိုရောက်တော့မှဘဲနိုးတော့တယ်။ ၃နာရီနီးပါးစီးလိုက်ရတာပေါ့ဗျာ။နာရီကြည့်တော့ ၈ နာရီနားမှာ….။

အခက်အခဲအချို့ နဲ့အစပြုခြင်း

သိတဲ့အတိုင်းပဲကိုယ့်ဆရာရေ။ဘယ်အလုပ်မဆိုကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ်ပေါ့။လုပ်မယ်ဆိုတိုင်းအနှောက်အယှက်၊အခက်အခဲလေးတွေ
တော့ ကြီးကြီး၊သေးသေး ရှိတတ်မြဲမဟုတ်လားဗျာ။ ကျွန်တော်တို့စီးလာတဲ့ပဲ့ထောင်နဲ့က မနေ့ ညနေကညှိတော့ ကောင်းပဲ၊ဒီလဲရောက်ရော၊မဟုတ်ဘူး .. ဟိုလိုမှ ဆိုပြီးဖြစ်သွားရောဗျာ။ကျွန်တော်တို့စီစဉ်တာက သိပ်မပျက်ဆီးလှတဲ့အလယ်ရေကျော်ရွာမကြီးမှာ သိပ်များများမလှုတော့ပဲ အနီးအနားက ရွာငယ်လေးတွေဆီကိုအဓိက ထားမယ်ဆိုပြီးတော့ပါ။သူက ဒီရောက်တော့မှ ဒီလမ်းကြောင်းဆို သူမလိုက်ဘူး၊သူပြတဲ့လမ်းကြောင်းကိုကျွန်တော်တို့သွားနိုင်မှဘဲ လိုက်မယ်ဆိုပြီးတော့ဖြစ်သွားတာဗျ။လူတွေကလဲ တော်တော်ကိုမကောင်းတာပါ။
သူထင်တာ ကျွန်တော်တို့က ဒီနေရာမှာ အစိမ်းသပ်သပ်လို့ထင်ပုံပဲ။ ကျွန်တော်တို့အဆက်အသွယ်၊အသိအကျွမ်းတွေ ဒီမှာရှိနေတာကို သူတို့သိပုံမရဘူးဗျ။ဒါနဲ့ စကားသိပ်များများပြောမနေတော့ပဲ၊ရွာခံအသိတွေကို မြန်မြန်သာဆက်သွယ်ပြီး
သူ့လောက်မကြီးတဲ့ပဲ့ထောင်လေးတစ်စီးငှားပြီးစကြရတယ်လေ။ ဒီနေရာမှတစ်ချက်ပြောချင်တာက တော့ ၊
ဒီရွာမှာလဲကျုံမငေးမှာတုန်းကလိုပဲ၊ ဘတ်ကီးဇာတ်လမ်းတွေ ကိုမကြားချင်တဲ့အဆုံးဗျာ။ရာအိမ်မှုး၊ဆယ်အိမ်မှုးတွေကလာသမျှကို
ရွာသားလက်မဝေဘဲ အိမ်ထဲထည့်သော့ခတ်ပြီး ၀လင်နေတဲ့အကြောင်းတွေပေါ့။ရွာခံ အိုအိုပျိုပျိုတွေက တိုးတိုး တစ်မျိုး၊ကျယ်ကျယ်တစ်ဖုံနဲ့ ကျွန်တော်တို့မကြား၊ကြားအောင်ကို ရွာလယ် အ၀င်လမ်းမ တစ်လျှောက် ကို ပြောနေတော့တာပါ။

ဒီလိုနဲ့ ပဲ့ထောင်လေးငှားရတော့ ရွာခံ ဦးပဇင်းတစ်ပါးက သူကူညီပြီးလိုက်ပေးမယ်တဲ့။ ဦးဇင်းက ရွာက ကျွန်တော်တို့အသိတွေနဲ့က ဆွေမျိုးမကင်းဘူးဆိုပါတော့ဗျာ။နောက်ပဲ့ထောင်လိုက်မောင်းပေးတဲ့ညီလေး၂ယောက်ရောပဲ၊အကုန်ရပ်ဆွေရပ်မျိုးတွေပဲတဲ့။
ကျေးဇူးတင်ပါတယ်ဗျာ။တကယ်ပါ။သူတို့ကလဲ သူတို့ဆီလာပြီးကူညီတဲ့သူတွေကို အားတက်သရောပဲပြန်ကူညီကြတာပေါ့။
ပဲ့ထောင်သွားခေါ်နေတုန်းရွာခံတွေက ရွာနားလယ်ကွင်းတွေဆီခေါ်သွားပြီးအ ရိုးစုတွေရှိတဲ့နေရာတွေကို ပြကြတယ်ဗျာ။ရင်ထဲမှာတော်တော်ကို မကောင်းဘူးဗျာ။ ဒီကြားထဲ အရိုးစုတစ်ခု ရှိနေတဲ့ ရေမြောင်းလေးထဲကို ကိုယ်ကမသိဘဲခြေဆင်းဆေးမိလိုက်သေးတယ်။ အရိုးစုကို ထန်းလက်တွေနဲ့ဖုံးထားတာလေဗျာ။နောက်တွေ့တဲ့လူက “ဟေ့..ညီလေး ၊ဒီထဲမှာလဲတစ်ခုရှိတယ်နော်” ဆိုတော့ မှသိတာ။ ဗိုက်ထဲမှာ ကလိကလိနဲ့ ၊ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ပြန်ငုံကြည့်ပြီး ကလိကလိ ဖြစ်ဖြစ်သွားတယ်ကိုယ့်ဆရာရေ။ဒီလိုနဲ့ ပဲ့ထောင်ကိုဆီဝယ်ထည့်၊
ကုန်တွေကိုပြန်ပြောင်းတင်နဲ့ လုပ်ကြတယ်လေ။စထွက်ဖြစ်တော့ ၁၁ခွဲကျော်……။

အလှုခရီး

စထွက်ထွက်ချင်း ၀င်ဖြစ်တာက ရေကမြင်း ၂ တဲ့။ရေကမြင်းက ၁ နဲ့ ၂ ဆိုပြီးရှိတာတဲ့။
ရွာကစေတီနဲ့ဘုန်းကြီးကျောင်းပျက်ပဲကျန်တယ်ဗျာ။ဘုန်းကြီးတွေကတော့ တော်တော် ကို အသက်ကြီးနေကြပါပြီ။
ကျောင်းထိုင်တဲ့ဆရာတော်ကြီးဆိုရင်ကို အသက်က ၈၀ ကျော်နေပြီတဲ့ဗျ။ဒီတော့ ဆရာတော်ကြီးဆီကို ဆန်တစ်အိတ်နဲ့ဝတ္တုငွေတစ်သောင်းအရင်လှု၊ပြီးတော့မှ အနီးအနားက တဲကုတ်လေးတွေကို အဖြစ်ထိုးပြီးနေတဲ့ဒုက္ခသည်တွေ ကိုဆန်ဝေ၊ပန်းကန်တွေဝေပေါ့။အိမ်ထောင်စုကသိပ်မများတော့ မြန်မြန်သွက်သွက်ပဲဝေ လိုက်နိုင်ပါတယ်။ လူတစ်ဦးကိုဆန်တစ်ပြည်နှုံးနဲ့ဝေ၊တစ်အိမ်ထောင်ကို ပန်းကန်ကြီးသေးတစ်စုံနဲ့၊ဇွန်းက ၂ ချောင်း ။ကလေးတွေအတွက်က တော့ပါသွားတဲ့ မုန့်(ဘီစကွတ်)ထုပ်လေးတွေဝေပေးနဲ့ ပေါ့ကိုယ့်ဆရာရေ။

နောက်တစ်ရွာက ကံစုတဲ့။ဒီမှာတော့ လူဦးရေကတော်တော်များသားလားဗျာ။ ရွာရှိတဲ့နေရာ တင်မကဘူး၊ချောင်းရိုးတစ်လျှောက်
တဲလေးတစ်ခုနှစ်ခုနဲ့ ခွဲနေ နေကြတဲ့အိမ်လေးတွေတွေ့တော့ ၊တွေ့သမျှ ကို “ရှေ့ကိုလာကြ၊ဘယ်ရွာကိုလာကြ၊ဆန်ပေးပါမယ်” ဆိုပြီးခေါ်ခဲ့တာ၊လူကြီးရောကလေးတွေပါမကျန်လှေလေးတွေကိုယ်စီလှော်လို့လာကြတယ်ဗျာ။တစ်ချို့ အရမ်းအလှမ်းဝေးတဲ့ အိမ်ကလူတွေကတော့ ရှိတဲ့လှေလေးတွေနဲ့ ကျွန်တော်တို့ပဲ့ထောင်လေးနားလာကပ်ပြီးယူသွားရှာတယ်။ နောက်လမ်းမှာ လူကြီးတွေ မရှိဘဲ ကလေးတွေပဲရှိနေတဲ့ တဲလေးတွေကိုတော့ မုန့်ထုတ်လေးတွေ ပဲလှေပေါ်ကနေ လှမ်းပစ်ပေးလိုက်နိုင်တယ်ဗျာ။ ကမ်းပေါ်မရောက်ပဲရေထဲပဲကျလို့ရှိရင်လဲ ရေထဲ ကို ဒိုင်ဗင်ထိုးဆင်းပြီး ရေကူးလို့ လိုက်ယူကြတာ ဗျာ။သနားစရာကောင်းပုံများ ကိုယ့်ဆရာတို့ကို မြင်စေချင်တာ။တစ်ကယ်ဗျာ။အဲ.. ပြောရင်း လိုရင်းကမရောက်တော့ဘူးဖြစ်နေပြီ။ အဲဒီကံစုမှာတင် ဆန်အိတ် ၈အိတ်၊၉အိတ်လောက် ဝေလိုက်၊လှုလိုက်ရတယ်။အချိန်လည်း၁ နာရီခွဲ ၂နာရီ နီးပါးလောက်ကုန်သွားတယ်။ဒီထက်ပိုထူးတာက လာတဲ့ကျွန်တော်တို့ကို ရွာက လူတွေက ၀ိုင်းရှစ်ခိုးကြတာပဲ။ပါးစပ်ကလဲ ဆုတွေတောင်းလို့ပေါ့။နောက်ပြီးတော့ ပြောသေးတယ်။
“ဘာကိုပဲလာပေးပေး၊ဘယ်လောက်ပဲလာပေးလာပေး၊ ကျေးဇူးတင်တယ်တဲ့။ကျွန်တော်၊ကျွန်မတို့ဘ၀က ဘာဆိုဘာမှရှိတော့တာမဟုတ်ဘူးတဲ့” ..ဗျာ။ဘယ်လောက်များ ဟတ်ထိတဲ့ စကားတွေလဲ ဗျာ။ကျွန်တော်တို့လှေပေါ်ပြန်တက်လို့ သွားမယ်ဆိုပြီးလက်ပြတော့လဲ အမယ်အိုကြီးတစ်ယောက်က အနားကမခွာပဲ လက်အုပ်လေးချီပြီး ပါလာတဲ့ဦးပဇင်းလေးကိုရှစ်ခိုးတုန်း။
ကျန်တဲ့လူတွေရော၊လှမ်းကြည့်လိုက်တော့ တော်တော်များများက လက်အုပ်လေးအချီမပြတ်ပါပဲ။

နောက်ဆက်ဝင်ဖြစ်တဲ့ရွာကတော့ ထင်းစုတဲ့ ။ဒီရွာကိုတော့လက်ရောက်မဝေဖြစ်တော့ပါဘူး။ တာဝန်ရှိတဲ့လူ ခေါ်၊ ပြီးတော့ ရပ်မိရပ်ဖတွေ ကိုလည်းခေါ် ပြီး အားလုံးရှေ့မှာဆန်အိတ်တွေ၊ ပန်းကန်ခွက်ယောက်နဲ့ဇွန်းတွေကို ခွဲတမ်းနဲ့ချပေးပြီး အပ်ခဲ့တာ၊ပြီးတော့ ရွာသားတွေအားလုံးရှေ့မှာပဲ ရာအိမ်မှုးဆိုတဲ့လူ ကို အကုန်ဝေပေးပါမယ်ဆိုတဲ့ ဂတိကို တောင်းပြီးတော့ ထားခဲ့ရတယ်ပေါ့ဗျာ။ အချိန်ကမရှိတော့ဘူးလေ။နောက်ရွာတွေလဲဝင်ရ၊ပေးရဦးမယ်မဟုတ်လား။အဲဒီက ထွက် လို့မှ ချောင်းကြီးကိုဝင်၊အဲဒီက ပြန်အထွက်မှာပဲ မိုးကြီးကလဲဗျာ၊ဘယ်အငြိုးနဲ့ ရွာတာလဲတော့ မသိတော့ဘူး။တစ်ဝုန်းဝုန်းနဲ့ဗျာ။ပဲ့ထောင်လေးကမှ အမိုးအကာကောင်းကောင်းမပါတော့ကျွန်တော်တို့မှာ ရွှဲရွှဲ ကိုစိုရောဗျာ။တစ်လမ်းလုံးပဲဆိုပါတော့။ ဒီနေရာမှာတော့ ဦးပဇင်း ကိုတော့ တော်တော် ကို ချီးကျူးရမှာပဲဗျာ။မိုးရွာထဲမှာပဲ ပါလာတဲ့မိုးကာနဲ့ ဆန်အိတ်တွေကို လိုက်ပြီးမိုးရွာကြီးထဲ လိုက်ဖုံးနေတာလေ။ အမှန် သူမလုပ်ပဲ ကျန်တဲ့ကျွန်တော်တို့ကို ခိုင်းလဲရ ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးလုံးဝမရှိဘဲ သူကိုတိုင် တက်တက်ကြွကြွ ပဲလုပ်စရာရှိတာတွေကို လိုက်လုပ်ပေးတယ်ဗျာ။ လေးစားမှုဆိုတာ ကိုယ်က လုပ်ယူပါမှ၊ကြိုးစားပါမှ ခံယူခွင့်ရှိတာမဟုတ်လားဗျာ။ ဘာမှမလုပ်ပဲ သတင်းစာတွေထဲက နေပြီး၊ငွေကျပ်သန်းပေါင်းဘယ်ရွေ့ ၊ဘယ်မျှ သုံးစွဲခွင့်ပြုပြီးကြောင်း အသံကောင်းဟစ်နေတဲ့ သူတွေနဲ့များကွာချင်တိုင်းကွာနေတာပေါ့ကိုယ့်ဆရာရယ်။သိရသလောက်တော့ သီတဂူဆရာတော်ကြီး၊ဓမ္မဓူရ ဆရာတော်၊ မေတ္တာရှင်ဆရာတော် အစရှိတဲ့အနယ်နယ်အရပ်ရပ်ကထေရ်ကြီး၊၀ါကြီး ဆရာတော်ကြီးများကလဲ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကိုယ်တော်တိုင်ပဲ တက်တက်ကြွပဲ ဦးစီးလို့လုပ်ကိုင်နေကြတယ်တဲ့။မြန်မာနိုင်ငံမှာသံဃာဂိုဏ်းဆိုတဲ့
ကယ်တင်ရှင်ဂိုဏ်းကြီးရှိနေလို့ပါပဲဗျာ။ဆရာတော်၊သံဃာတော်တွေရဲ့ကျေးဇူးကြောင့်သာပဲ။စစ်အစိုးရရဲ့ အသုံးမကျ၊ခြစားပြီး လောက်ထွက်နေတဲ့ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားနဲ့သာဆိုရင်တော့ဒီလိုဘေးဆိုး၊ကပ်ဆိုးကြီး မှာကယ်မယ့်ဆယ်မယ့်
သူမရှိဘဲ ငတ်သေမယ့် မသာတွေများ ဘယ်လောက်တောင်ရှိလာလိုက်မလဲမသိတော့ဘူးဗျာ။

နောက်ဆက်တိုက်ပဲ တွေ့တဲ့ရွာလေးတွေကို မိုးထဲရေထဲမှာပဲ ၀င်ပြီးခွဲတမ်းနဲ့ချပေးလိုက်တာ စုစုပေါင်း ရွာလေး၆ရွာတိတိ ကျွန်တော်တို့တွေ ကုသိုလ်ယူနိုင်လိုက်ပါတယ်။အဲ .. နောက်ဆက်ဝင်တဲ့ရွာလေးတွေက တော့ ချောင်းကြီး ၊မြင်းကကုန်း နဲ့ ရေကမြင်း၁ ဆိုတဲ့ရွာလေးတွေပါပဲ။ လမ်းတစ်လျှောက်ကတစ်ချို့နေရာတွေမှာ ဟိုတစ်ချိန်က တဲအိမ်လေးတွေရှိခဲ့ဖူးတဲ့ အမှတ်အသား လေးတွေ အဖြစ်နဲ့မြေပုံပုံလေးတွေ ၊ လူသေ အလောင်းတွေရှိတဲ့ လက္ခဏာအဖြစ်နဲ့ ပုတ်အတ်အတ် အနံတွေ မကြာမကြာ ပဲ တွေ့ရ ၊ခံစားနေရတယ်ကိုယ့်ဆရာရေ။ရင်ထဲမှာ တစ်ကယ်ကိုမကောင်းဘူးဗျာ။ရွာခံတစ်ချို့ကလဲ ဒီနဲ့၃နာရီခရီးလောက်မှာ ဒုက္ခရောက်နေတုန်းလူတွေ၊ရွာတွေရှိနေသေးတဲ့အကြောင်း၊တစ်ချို့ရေငန်ရောက်တဲ့ဒေသတွေမှာဆို အလောင်းကောင်တွေက ငါးခြောက်သိပ်သလို ဖြစ်ပြီး အကောင်အထည်မပျက်ရှိနေသေးတဲ့ အကြောင်းပြောပြကြသေးတယ် ဆရာ။ဒါတွေကြားရတော့ စိတ်ထဲမှာ
တို့နိုင်ငံကလူတွေ၊ပြည်သူတွေဟာ ရှင်နေတုန်းကမှ အခွင့်အရေးတွေကို လှစ်လျုရှု ခံရ၊ငြင်းပယ်ခံနေရတာမဟုတ်ပါလား၊
သေပြီးနောက်လဲ လူလူသူသူ မြေမြုပ်ပေးပြီးသဂြိုလ် ခံရတဲ့ အခွင့်အရေးကိုလဲ ငြင်းပယ်ခံနေရပါလားလို့တောင် အတွေးတွေဝင်လာတယ်ဗျာ။

မြင်ရကြားရမျှ

နောက်အလယ်ရေကျော်ရွာမကို ပြန်ရောက်တော့ ညနေ၃ နာရီခွဲကျော်နေပြီလေ။ အဲဒီတော့မှ ရေစိုအ၀တ်တွေကိုလဲ ပြီးတော့ရွာခံအသိတွေကျွန်တော်တို့အတွက်အသင့်ချက်ပေးထားတဲ့ ထမင်းနဲ့ဟင်းကို စားပြီး ခဏနားပေါ့။ ပြီးတဲ့နောက်မှ ရွာထဲကို အပျက်အစီးအခြေအနေလေးသိရအောင်စနည်းနာပေါ့ဗျာ။တွေ့၊ကြားခဲ့တာတွေကတော့ တစ်ရွာလုံးမှာရှိတဲ့ ဒုက္ခသည် ထောင်ကျော်အတွက် ရွက်ဖျင်တဲက တစ်လုံး၊ဆန်က၂အိတ်၊အမျိုးသမီးလစဉ်သုံးပစ္စည်းက ၂ ထုတ်၊ခြင်ထောင် ၅ လုံးတို့ဆိုတာမျိုးပေါ့ကိုယ့်ဆရာရယ်။နောက် ပြီး ရဟတ်ယာဉ်က အတည့်မဆင်းပဲ ဘာဖြစ်မှန်းမသိပဲ လယ်ကွင်းထဲကို ထယ်ထိုးသလို ဟတ်ထိုးကြီးဆင်း၊ အဲဒီတော့ သတ္တိခဲ ရဟတ်ယာဉ်မှုးက ပေါက်ကွဲတော့မယ်အမှတ်နဲ့ ဆင်းပြေးတာကို ရွာသားတွေက နောက်ကနေ ပြီး” ဗိုလ်ကြီး..ဘာမှမဖြစ်ဘူး၊ပြန်လာခဲ့..ပြန်လာခဲ့” ဆိုပြီးမမောတမ်းလိုက်ခေါ်ရတာ၊ဒါမျိုးတွေလဲ ဒုက္ခတွေကြားကရယ်စရာလေးတွေအဖြစ်၊ ငိုအားထက်ရယ်အားသန်ဆိုသလိုကြားခဲ့ရတယ်ဗျာ။နောက်ပြီး မြန်မာတို့က မျက်လှည့်အတတ်ပညာမှာ အနောက်နိုင်ငံများက ဒေးဗစ်ကော်ပါဖီးတို့ထက်သာတဲ့အကြောင်းတွေလဲပါတယ်ဗျ။ရှင်းအောင်ပြောပြပါ့မယ်။
ဒီလိုပါ။ ကယ်ဆယ်ရေးပစ္စည်းတွေကို လာပို့တယ်တဲ့ဗျာ။ အာဟာရ ဘီစကွတ်တို့ဘာတို့ဆိုပါတော့။ ဂျပ်ပုံးပေါ်မှာတော့ ဗီတာမင် အေ ကနေ ဇတ် အထိပါတဲ့ အမှန်အကန် အာဟာရဘီစကွတ်တွေပဲ ၊ အဲ….ဂျပ်ပုံးလဲဖွင့်ရောတွေ့လိုက်ရတာတွေက ရွှေကျီးတို့၊ မြို့တော်တို့၊ သဇင်တို့အစရှိတာတွေပေါ့ဗျာ။နောက် အိန္ဒိယကပေးတဲ့ လူတစ်ကိုယ်ရေအတွက် အထုတ်လေးတွေမှာလဲ အိတ်ခွံပေါ်မှာတော့ အိန္ဒိယ မှကူညီသည် ဆိုတဲ့ စာသားနဲ့ပဲ၊ နောက် အထဲမှာပါတာတော့ ဈေးပေါပေါ ၀မ်းတွင်းပုဆိုးတို့၊ စက်မှု(၁) ရဲ့ရေလျှော်မခံတဲ့(ရေလျှော်ရင်နှစ်ပိုင်းပြတ်တတ်တဲ့)စောင်တို့ပါလာတတ်ပါတယ်တဲ့။နောက် ထိုင်းကပေးတဲ့ မယ်လမင်း ပန်းကန်တွေဆိုလဲဒီလိုပါပဲတဲ့။ဗူးပေါ်မှာတော့ မယ်လမင်းပဲ၊အထဲမှာတော့ စက်မှု(၁) က ကြွေရည်သုတ်တွေ။ တစ်ချို့ဆို ဒေါသတွေထွက်ပြီး သူတို့ရှေ့မှာတင်ကို အဲဒီ ကြွေရည်သုတ်တွေကို မြေပေါ်ချပြီး ခဲနဲ့ထု၊ဖနောင့်နဲ့ဝိုင်းပေါက်ကြနဲ့ ပွဲတောင်ဖြစ်တယ်ဆိုပဲ။ဒါတွေပေါ့ ဗျာ။ကျွန်တော်တို့လဲ ကြားရတာ ရယ်လိုက်မောလိုက်၊စိတ်မကောင်းဖြစ်လိုက်နဲ့ ပေါ့ကိုယ့်ဆရာရေ။

အဲ..ပြောဖို့မေ့နေတာက ကျွန်တော်တို့နဲ့ အတူလာကြတဲ့ ဘာသာခြား တွေက ဒီရွာမှာရှိတဲ့ သူတို့ဘာသာဝင်တွေအတွက် ကို နွား၃ကောင်သတ်ပြီး ထမင်းကျွေးတာတဲ့ဗျာ။ကျွန်တော်တို့ မထွက်ခင်ကပဲ နွားကိုလည်လှီးနေတာ ကျွန်တော်တို့ရှေ့မှာတင်မို့ ကျွန်တော်တို့တွေ့လိုက်ရသေးတယ်။အဖွဲ့ထဲက ကိုမျိုးချစ်ကတော့ လယ်လုပ်သားမျိုးရိုးကဆင်းသက်လာတဲ့သူ၊
ငယ်ငယ်ကလဲလယ်ကွင်းတွေထဲ ပြေးဆော့ရင်းကြီးတဲ့သူဆိုတော့ ဘယ်လာမြင်ရက်ပါ့မလဲ။ပါးစပ်ကလဲ “သနားပါတယ်ဗျာ၊နွားကမှရှားပါးတဲ့ကြားထဲ” ဆိုပြီး မျက်နှာလွှဲသွားတာ။ နောက်ညနေပြန်ခါနီးရောက်တော့ အဲဒီဘာသာခြားတွေက ကျွန်တော်တို့ကို ညနေစာမစားရသေးရင်သူတို့ ၀တ်ပြုတဲ့ နေရာမှာ လိုက်လာစားပါ့လားလို့ဖိတ်တော့ ကျွန်တော်တို့တွေ ဘယ်စားရက်ပါ့မလဲဗျာ။ ကိုယ့်ဆရာပဲစဉ်းစားကြည့်လေ။ကိုယ့်ရှေ့မှာတင် လည်လှီးသတ်ထားတဲ့ မြင်သားကြီးဗျာ။သူတို့ကတော့ သူတို့ အချင်းချင်း ကျွေးတဲ့အပြင်ကို ကျန်တဲ့ရွာထဲက လူတွေ ကိုပါ ကျွေးသေးတယ်ဗျ။ကျွန်တော်တို့ကတော့ မစားဘဲ ရွာထဲကလဘ္ကက်ရည်ဆိုင်မှာပဲ ဖြစ်သလို မုန့်နဲ့ ကော်ဖီ၊လဘ္ကက်ရည်တွေနဲ့မျှောချပေါ့ကိုယ့်ဆရာရယ်။

ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့က သူတို့တွေ ကျွေးပြီးမွေးပြီး၊စားပြီးသောက်ပြီး တဲ့အချိန်ထိမော်တော်ပေါ်မှာငုတ်တုတ်လေးတွေ
ထိုင်စောင့်နေရတာပေါ့ဗျာ။ ခြင်ဆိုတဲ့ အကောင်မျိုးကလဲ ပေါပေါများများကိုရှိလေတော့ ကျွန်တော်တို့မှာငြိမ်ငြိမ်လေး
ကိုထိုင်မရအောင်ပါပဲ။ မတတ်သာတဲ့အဆုံးတော့ ရွာထဲပြန်သွား၊ခြင်ဆေးခွေဗူးတစ်ဗူးဝယ်ပြီး မော်တော်ပေါ်မှာလာထွန်းပြီးနေတော့မှပဲသက်သာတော့တယ်။၃ နာရီသာသာလောက်စောင့်ပြီး နာရီလက်တံတွေက ၈နာရီ ခွဲနားကို သီတော့မှပဲကိုယ်တော်များက ပေါ်တော်မူလာပါတော့တယ်ဗျာ။ ပစ္စည်းတွေ၊အိုးခွက်တွေပြန်တင်ပြီးချိန်ကျတော့ ၉နာရီစွန်းစွန်းကိုရောက်ရောပေါ့။ အဲဒီအချိန်မှ အလယ်ရေကျော် ဆိုတဲ့ ရွာကနေပြီး ကျုံမငေူမြို့ကို ပြန်ထွက်လာနိုင်ပါတော့တယ်ပေါ့ဗျာ။

အပြန်ခရီး

တစ်နေလုံးပင်ပန်းထားတာတွေ ကြောင့်လူက မော်တော်ပေါ်မှာ ငိုက်ပြီးပြန်ပါလာတယ်လေ။ ညကလဲမှောင်နဲ့မဲမဲ ဆိုတော့ ပတ်ဝန်းကျင် ကို မမြင်ရ ၊မခံစားရ ပဲ မဟုတ်လားဗျာ။မှတ်မှတ်ရရ မော်တော် ကသောင်ပေါ်ကို တစ်ခေါက်တင်သွားသေးတယ်ဗျာ။တင်ပေမပေါ့။
မှောင်နေတာကို မီးမှမပါကြတာ။ပြန်တွေးကြည့်တော့ တော်တော် တော့ အန္တာရယ်အကြီးသားနော်..ကိုယ့်ဆရာရေ။ဒါပေမယ့် နောက်ထပ်ဘာမှ မဖြစ်တော့ဘဲ ကျုံမငေးမြို့ ကိုချောချောမောမော ပဲည သန်းခေါင်လောက်မှာ ပြန်ရောက်ကြပါတယ်။ ပြန်ရောက်တော့ ဆက်တိုက်ပဲ ကိုထွန်းဦးနဲ့ ကိုမျိုးချစ်တို့ က ဆက်ထွက်ကြမယ်။ ညတွင်းချင်းပဲ ရန်ကုန်ကို ခရီးဆက်ကြမယ် ဆိုပြီး ကားပေါ်ကိုတက်ကြပါရောဗျာ။ ကျွန်တော်တို့လဲ မငြင်းသာတော့ဘဲနောက်ကလိုက်ကြရတာပေါ့။ ဒီလိုနဲ့ ရန်ကုန်မြို့ကို နောက်နေ့နံနက် ၈နာရီခွဲလောက်မှာ ပြန်ရောက်လာပါတော့တယ်ဗျာ။

ပြန်ရောက်ပြီးတဲ့နောက်မှာလဲ ကျွန်တော့ခါင်းထဲမှာ တွေးစရာတွေ က အများကြီး ၊အများကြီးပါ။ ကိုယ့်ဆရာတို့ကို ပြန်မပြောပြတော့ပါဘူးဗျာ။ ဒါပေမယ့် ကိုယ့်ဆရာတို့လဲ ကျွန်တော့ရဲ့ဒီစာကို ဖတ်ပြီးရင် ကျွန်တော်တွေးနေတာတွေကို နည်းနည်းပါးပါးတော့ နားလည်နိုင်ကြမယ်ထင်ပါတယ်။ဒါပါပဲဗျာ။

« Previous Page