ရန်ကုန်မြို့ကြီးရဲ့လမ်းမတွေပေါ်ခြေချမိတိုင်းစဉ်းစားမိတယ်…။
ငါတို့ဘာတွေမှားနေလဲ၊မှားခဲ့တာလဲ၊ဘာတွေ ဆက်မှားကြဦးမလဲ။

တိုးတက်မှုနဲ့အလှမ်းဝေးရတာ ဘယ်သူ့မှာတာဝန်ရှိလဲ…။
ဂုတ်ထိပ်တံတားကြီးနားကိုရောက်တော့တွေးမိတယ်။

ကျိန်စာတွေလို ကန့်သတ်မှုတွေက တို့တွေပေါ်မှာဘာလို့ရှိနေရတာလဲ…။
တီဗီအစီအစဉ်ကြည့်ရင်းမောမိတယ်။

ရှေ့ကသွားလေသူတွေရဲ့ သွေးချွေးတွေကို ဘယ်သူအားနာတတ်လဲ…။
ငါတို့ သွေးချွေးတွေရော ပေးဆပ်ဖို့ကျန်သေးလားကွာ။

မသိနားမလည်တဲ့ပြည်သူတွေလို့ပြောပြောနေတာမမောကြသေးဘူးလား…။
အင်းစိန်ထောင်ထဲနားလည်တဲ့သူတွေရောက်တာမနည်းတော့ဘူးနော်။

အိမ်မက်ဆိုးကြီးရယ် ရုန်းထွက်နှိုးထခွင့်ပြုပါတော့ …။
အိမ်မက်အလွန်က ကမ်းခြေသစ်ကိုငါအရောက်လှမ်းချင်လို့ပါ။

အမှန်တရားဆိုတာ စာရင်းဇယားတွေနဲ့လဲစားရတာမျိုးလား…။
ဒီလိုဆိုရင် စာရင်းဇယားတွေအောက်က အမှန်တရားကို ခဏလောက်ကြည့်ခွင့်ပြုပါ။

ရေတွေမယိုဆီးအောင်ဆည်တွေဆောက်ပြီးသွားပေမယ့်…။
လူတွေ ကျွန်ခံယိုဆီးသွားဖို့ တော့မင်းတို့ခွင့်ပြုခဲ့တယ်နော်။

ကယ်တင်တယ်ဆိုတဲ့စကားကို ထပ်ခါထပ်ခါမပြောနဲ့တော့ကွာ…။
မင်းရဲ့ကယ်တင်ခြင်း ကိုငါတို့ကြောက်လှပါပြီ။

မြို့တော်သစ်ကြီးရှိတာကို ဗိုက်ဟောင်းလောင်းနဲ့ ဂုဏ်ယူရမှာလား…။
ငါတို့မှာ ထမင်းရည်နပ်မှန်တောင်ဝမ်းသာရတဲ့ဘ၀။

မျှော်လင့်စောင့်စားနေရတဲ့ စိတ်မရှည်မှုကို ကိုရီးယားကားတွေ နဲ့အစားပြန်ရကြေးတဲ့လား…။
နှစ်လုံး၊သုံးလုံးထိုးပြီး မပျော်ကြပါနဲ့တော့။

လုပ်သလို မဖြစ်လို့၊ဖြစ်သလိုလုပ်နေကြတဲ့လူတွေကိုနှမြောတယ်…။
ငါ့ယုံကြည်ချက်တွေကိုတော့ ဒစ်စကောင့်နဲ့မပေးဘူး။