ဒီအရာဟာ တံခါးတစ်ခုပါ…
အိမ်လို့ခေါ်တဲ့ လေးထောင့်ပုံးသေတ္တာတစ်လုံးရဲ့ဝင်ပေါက်ပေါ့။
ဒီအရာဟာ ညနေခင်းတစ်ခုပါ….
နောက်ကွယ်မှာ အေးစက်စက်ဟင်းတွေနဲ့တည်ခင်းတဲ့ ညနေစာထမင်းတစ်ဝိုင်းရှိတယ်။
ဒီအရာဟာ မိသားစုတစ်စုပါ…
ပျော်ရွင်ခြင်းတွေနဲ့ဖုံးလွမ်းထားတဲ့ အဆင်မပြေမှုများစွာရဲ့ပြရုပ်ပဲလေ။
ဒီအရာဟာ တစ်ခါးပေါက်တစ်ခုပါ…
နောက်ကွယ်မှာ အစီအစဉ်တစ်ကျ စောင့်ကြိုနေတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ရယ်။
ဒီတံခါးပေါက်ရဲ့နောက်ကွယ်မှာ ….
ရက်စက်ခြင်း
မာယာ
အသံဗလံ
တီဗီ အစီအစဉ်
အေးစက်စက် မျက်နှာသေများ
ချိုသာတဲ့ခိုင်းစေသံတစ်ချို့
ကျွတ်စီကျွတ်စီမကျေနပ်သံတွေ
ပုံသေနည်းမနက်စာတစ်ပန်းကန်
မညီညာတဲ့အင်္ကျီ ခေါက်ရိုးကြောင်း
ပက်လက်လန်နေတဲ့ မျှော်လင့်ချက်အကြွင်းအကျန်များ
ပိုးစိုးပက်စက်လဲပြိုနေတဲ့ ဆယ်ကျော်သက်ဘ၀အိမ်မက်အပိုင်းအစတွေ
မျက်ရည်စီးကြောင်းမည်းမည်းနဲ့ အသည်းကွဲဇာတ်လမ်းအဟောင်းတစ်ပုဒ်
အိပ်မပျော်တဲ့ညတစ်ချို့ရဲ့ကွဲရှပ်ရှပ်ရီမောသံ
ခပ်ပါးပါးခင်းထားတဲ့ ဖျာတစ်ချပ်
နာတာရှည်အဆင့်ရှိတဲ့ သက်ပြင်းချသံသဲ့သဲ့…..။
မှတ်ချက်။ ။ဒီရက်ပိုင်းတွေမှာ အဆင်မပြေတာလေးတွေဆက်နေလို့ နည်းနည်းညစ်ပြီး၊လစ်နေတာနဲ့
ရေးဖြစ်သွားတာပါ..။ဖတ်ပြီးဘာကြီးမှန်းမသိရင်လဲခွင့်လွတ်ပေးကြပါ..။
June 27, 2008 at 3:53 am
ဘာကြီးမှန်းမသိအောင်တော့မဖြစ်ဘူးဗျ..သိလား။
ပက်လက်လန်နေတဲ့ မျှော်လင့်ချက်အကြွင်းအကျန်များ
ပိုးစိုးပက်စက်လဲပြိုနေတဲ့ ဆယ်ကျော်သက်ဘ၀အိမ်မက်အပိုင်းအစတွေ
မျက်ရည်စီးကြောင်းမည်းမည်းနဲ့ အသည်းကွဲဇာတ်လမ်းအဟောင်းတစ်ပုဒ်
အရမ်းကြိုက်တယ်။အဲဒီစကားတွေကို
မျှော်လင့်ချက်တွေ လွင့်သွားရတာလဲလူ့ဘဝရဲ့အဖြစ်တစ်ခုပဲထင်တယ်နော်…….