ကြိုတင်ပြင်ဆင်ခြင်း

မုန်တိုင်းပြီးလို့တစ်လ အကြာ(ဇွန်လ၊ ၂ ရက်နေ့၊တနင်္လာနေ့) မှာ အလှုခရီးတစ်ခုထွက်ဖို့ ကျွန်တော်တို့စီစဉ်နိုင်ခဲ့ပါတယ်။ဒီတော့ ၀ယ်စရာရှိတာတွေဝယ်၊ခွဲစရာရှိတာတွေခွဲပေါ့။လူတွေက ဒုက္ခသည်တွေအတွက် စားစရာပေးဖို့မမေ့ကြပေမယ့်၊ထည့်စားဆို့ ခွက်ယောက်၊ပန်းကန်တွေ ပေးဖို့ကို မေ့နေတတ်ကြတယ်လို့ တွေးမိကြပြီး စတီး ပန်းကန်တွေ၊ဇွန်းတွေ ၀ယ်ကြတယ်။နောက် ကလေးတွေ အတွက်လည်း စားစရာ မုန့်လေးတွေရောပေါ့။နောက် ထုံးစံအတိုင်းဆန်၊ဆီ၊ဆား ပေါ့ကိုယ့်ဆရာရယ်။အဲ.. ဆန်ကတော့ ဒီမှာဈေးကြီးမယ်ဆိုပြီး ကျုံမငေး ရောက်တော့မှဝယ်ဖို့စီစဉ်တာပေါ့လေ။ နောက်ကျွန်တော်တို့လမ်းမှာစားမယ့် မုန့်တွေ၊ခေါက်ဆွဲခြောက်တွေ၊သောက်ဖို့ ရေသန့်ဗူးတွေ၊ အားလုံးစီစဉ်ပြီးတော့ ၂ ရက်နေ့ နံနက်စောစော စထွက်မယ်ဆိုပြီး အတည်ပြုလိုက်ပါတယ်။

အသွားခရီး(၁)

စထွက်မယ်ဆိုတဲ့ စုရပ်ကို ရောက်တော့ ၇ နာရီ နည်းနည်းတော့ ကျော်ပါပြီ။ လူတွေ ကတော့ အစုံမရောက်သေးဘူးပေါ့လေ။ လူတွေစောင့်ရင်း ပစ္စည်းတွေ ကို သွားမယ့် လိုက်ထရပ် ကားလေးပေါ်တင် ပြီး လူစုံတော့ ထွက်ကြပေါ့ဗျာ။ အဖွဲ့ ကိုဦးဆောင်တဲ့ ကို ထွန်းဦး ကိုယ်တိုင် ကားမောင်း ပြီး ကိုတရုတ် က ဘေးကလိုက်ပေးပါတယ် ။ ကျွန်တော်အပါအ၀င် ကျန်တဲ့လူတွေကတော့ နောက်ကထိုင်လိုက်ကြတာပေါ့ဗျာ။လူကတော့ အားလုံးပေါင်း ၁၀ ယောက်တိတိပေါ့။ ရန်ကုန်၊လှိုင်သာယာ ဂိတ်ကျော်တော့ ၈နာရီကျော်….။

စထွက်လို့မှ မကြာလို့ ကားက ရေ စဆူပါတော့တယ်။ ဒီတော့ ထိုင်ခုံလှန်ပြီး ရေတိုင်ကီကို စစ်ကြဆေးကြနဲ့ ဘာမှ မဖြစ်တော့မှရေလဲပြီး ဆက်မောင်ကြပေါ့ဗျာ။ နောက်ရန်ကုန် နဲ့ ဧရာဝတီ တိုင်းအစပ်နားရောက်တော့ နောက်တစ်ခေါက်ထပ်ဆူ ပါတယ်။ စိတ်ထဲက တော့ ခပ်ထင့်ထင့် ပဲ ကိုယ့်ဆရာရေ။ ကိုယ်က ကောင်းမှုကုသိုလ် ပြုဖို့ သွားတာပဲ၊ဘာမှ မဖြစ်နိုင်ပါဘူးဆို ပြီး ဖြေချလိုက်တယ်။ ဒီလိုနဲ့ ညောင်တုန်းကိုကျော်၊ဗိုလ်မြတ်ထွန်းတံတားကြီး ကိုဖြတ် ပြီတော့ ပန်းတနော် လမ်းခွဲကိုကျော်၊ဒီအထိကတော့ချောချောမောမော ပါပဲ။ ပြောစရာဆိုလို့ မိုးကဖွဲဖွဲရွာတာလေးဘဲရှိတယ်။ နောက်ပန်းတနော် လမ်းခွဲကိုကျော်လို့မှ သိပ်မကြာခင်မှာ ဇာတ်လမ်းစပါရောဆရာရေ။
လမ်းက မိုးရွာလို့ချောနေတာ ကို ဘီး ကစလစ်ဖြစ်ပြီး ကားတစ်စီးလုံးထိန်းမရသိမ်းမရ ဖြစ်သွား၊၃၆၀ဒီဂရီ မကအောင်ချာလပတ်လည်ပြီး လမ်းဘေးကို နောက်ပြန်ကြီး ကျတာဆရာ။ကံကောင်းတာက နောက်က လမ်းဘေးသစ်ပင်က ခံနေတော့ နောက်အမိုးကိုင်းနဲ့ အဲဒီ သစ်ပင်နဲ့တိုက်ပြီး ကားရရပ်သွားရောဗျာ။ အဲဒီနားမှာ သစ်ပင်က လဲ အဲဒီအပင်အပါအ၀င်၂ ပင်ထဲရှိတာ။ကံကြီးလို့ပေါ့ နော်။ မဟုတ်လို့ကတော့ မာလက၊ဈာန်ကြွလို့ ညောင်တုန်း ဆေးရုံလား၊ရင်ခွဲရုံလား တစ်ခုခုတော့ တစ်ခုခု ပဲဗျာ။ကားအမိုးကိုင်းနောက်အစွန်းလေးကတော့ တော်တော် ပိန့်သွားတယ်ဗျာ။

နောက် ကားမောင်းတဲ့ ကိုထွန်းဦး ကို စိတ်တွေ အရမ်းလှုပ်ရှားနေလို့ အနားပေးပြီး ကိုတရုတ်က ၀င်မောင်းပါတယ်။ ပန်းတနော်လမ်းဆုံကိုပြန်သွားပြီး ကားကိုပြန်စစ်တော့ နောက်ဘီးတွေက တစ်ဘီး လေနည်း၊တစ်ဘီးလေများ နေတယ်တဲ့။ဘက်မညီဘူးပေါ့ ကိုယ့်ဆရာရယ်။ဒီတော့ ဘီးတွေကိုလေချိန်၊ ခဏနား၊လဘ္ဖက်ရည်သောက် ပြီးတော့ ၀ါးခယ်မ ကို ဆက်ထွက်ကြတာပေါ့။ ပြောစရာကတော့ ကားလမ်းဘဲဗျာ။ တောက်လျောက်ကို ဆိုးဝါးနေတာ။လူတွေလဲ ကျောတွေ၊ရင်တွေကို နာလို့ပေါ့။ ၀ါးခယ်မ ကို မရောက်ခင် အားလုံးက နားပြီး ပါလာတဲ့ဒံပေါက်ထမင်းကို စားကြ နားကြပေါ့။ အချိန်ကတော့ ၁ နာရီခွဲ….။

ဝါးခယ်မ ကိုကျော်တော့ လမ်းကပိုတောင်ဆိုးလာသလားဘဲဆရာ။တောက်လျောက် ငြိမ်ငြိမ် ထိုင်လိုက်ရတယ်ဆိုလို့ ရွေလောင်း တံတား မှာဘဲရှိတယ်။ကျန်တာတွေကတော့ ဆိုးပ ဆိုတာထက်တောင်လွန်နေသေးတယ်ဗျာ။ရွှံဗွက် လမ်းတွေကလဲ ပါသေးတယ်ဗျာ။ဒီလိုနဲ့ ညနေ ၃ နာရီခွဲလောက်ကျတော့ ကျုံမငေး ကိုရောက်ပါတယ်။ ကျုံမငေးမြို့ကမြို့ငယ်လေးပါ။အဲဒီမှာ ရန်ကုန်ကလာတဲ့ တခြားအဖွဲ့နဲ့ဆုံပါတယ်။သူတို့လည်းကျွန်တော်တို့သွားမယ့် အလယ်ရေကျော်ရွာကိုပဲသွားမယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒီလိုနဲ့ ၂ ဖွဲ့ညှိပြီးနောက်နေ့မနက်စောစော ၄ နာရီလောက်ထွက်ဖို့ သဘောတူလိုက်ကြတယ်။

တည်းခိုစရာက လည်း တည်းခိုခန်းက ၂ ခုပဲရှိတာဆိုတော့သိပ်ရွေးနေစရာမလိုဘူးပေါ့ဗျာ။ကမ်းနားနဲ့နီးတဲ့တစ်ခုမှာတည်းပြီး ရေချိုး၊အနားယူ၊ပြီးတော့ ညနေစာစားကြပေါ့။

ကျုံမငေးရောက် ဒုက္ခသည်များ

တည်းခိုခန်းမှာရေချိုးပြီးတော့ နားနေကျတုန်းကျွန်တော်တို့ အဖွဲ့ ဆီကို ၀၀ဖိုင့်ဖိုင့်၊အသက် ခပ်ကြီးကြီး လူကြီးတစ်ယောက်ရောက်လာပြီး မေးတာပေါ့တယ်။ ငါ့လူတို့ကဘယ်ကလဲ၊ဘယ်ကိုလဲ၊ဘာလုပ်ကြမှာလဲပေါ့။ ကျွန်တော်တို့ကလဲ အလှုပေါ့၊အလယ်ရေကျော်ရွာကိုပါပေါ့။
နောက်တော့ အပြန်အလှန်မေးကြ ဖြေကြရင်းနဲ့ သူ့အကြောင်းတွေကို သိခွင့်ရလာတော့ တော်တော်ကိုသနားစရာကောင်းပါတယ်ကိုယ့်ဆရာ။ သူက ပြင်စလူ သားတဲ့၊ဆားကွင်းတွေ၊ဆားဖိုတွေ ပိုင်တယ်။လပွတ္တ မှာလဲအိမ်ကြီးရခိုင်နဲ့ပေါ့။ဒီနာဂစ်လာတော့ သူ့မိသားစုတွေအကုန်၊ မိန်းမ၊သား ၂ ယောက် ၊ချွေးမတစ်ယောက်၊ညီမ၊ သမီးတွေ၊မြေးတွေ အကုန်အကုန် ရေထဲပါသွားတယ်တဲ့ဗျာ။လပွတ္တက အိမ်ကလဲ ပြိုတယ်တဲ့။ဒီနောက်တော့ သူ့သားတစ်ယောက်က အသက်ကယ်အင်္ကျီ နဲ့ ပါသွားတယ်လို့သိရလို့ ကြားပြီး ၊ရှင်နေတုန်းဆိုတဲ့မျှော်လင့်ချက်လေးနဲ့ သူ့ခမျာ အိုကြီးအိုမ နဲ့ မြို့တကာပတ်၊ကယ်ဆယ်ရေးစခန်းတိုင်းကိုသွား ပြီးရှာပုံတော် ဖွင့်နေရှာတာတဲ့လေ။စိတ်မကောင်းဘူးဗျာ။သူကပြောရှာပါတယ”ငါ့မှာ ပိုက်ဆံတွေ ဘဏ်ထဲကျန်ပါသေးတယ်၊ငါချမ်းသာပါသေးတယ်။ဒါပေမယ့်ငါစိတ်ကလုံးဝကိုမချမ်းသာဘူးကွာ။မင်းတို့မိဘတွေ မင်းတို့ကိုချစ်သလိုမျိုး၊မိဘတွေက သားသမီးတွေကို အားရပါးရချစ်တာမျိုး၊ငါ့မှာချစ်ခွင့်မရှိတော့ဘူး”တဲ့။ကျွန်တော်တို့လဲ သနားတာနဲ့ သူ့ကို ညနေစာ အတူစားဖို့ ခေါ်ပြီး အတူစားကြ၊၀ိုင်းအားပေးကြပေါ့ဗျာ။

နောက်ထမင်းစားပြီးလို့ကမ်းနားမှာ ဟိုကြည့်ဒီကြည့်လိုပ်နေကြတုန်းမှာ လူတစ်ယောက်က “ကျွန်တော့သမီးလေးတော့ ဒုက္ခပါပဲ၊နားရွက်လေးတော့ အဖြတ်ခံရပြီထင်ပါတယ်။ကျွန်တော့သမီးလေး..ကျွန်တော့သမီးလေး” နဲ့ပြောနေတဲ့လူတစ်ယောက်ထပ်တွေ့ပါရောဗျာ။ကျွန်တော်တို့လဲ မေးကြမြန်းကြပေါ့။ဒီလူက ပိုဆိုးတယ်ဗျ။ စိတ်နဲ့လူနဲ့တောင်မကပ်တစ်ချက်ကပ်တစ်ချက်နဲ့၊ပြောရရင်တော့နည်းနည်းတော့ ကြောင်နေသလိုပဲ။ ဟုတ်ပေမပေါ့ဗျာ။ သူ့မှာက
တွယ်တာစရာဆိုလို့ဒီသမီးလေးတစ်ယောက်ပဲရှိတာတဲ့။မိန်းမက သမီးခပ်ငယ်ငယ် ကပဲသေသွား၊ဒီသမီးလေးကိုပဲ အရိပ်တစ်ကြည့်ကြည့်နဲ့ ချစ်နေရတာ၊ဒီသမီးလေးကသာသူ့ဘ၀တဲ့။ချစ်လွန်းလို့ရှိစုမဲ့စုလေး နဲ့ ရွှေနားကပ်လေး တစ်ရံဝယ်ပန်ပေးထားခဲ့တာ၊ခု သမီးလေးက ရေထဲပါသွားတယ်။နောက်အလောင်းတွေက ရွှေ တွေ ငွေတွေ ရှိရင် ချွတ်ယူတယ်၊မရရင်ဖြတ်ပြီးယူတယ်ကြားတော့ သူ့ခမျာခုလိုဖြစ်ရှာတာပေါ့ဗျာ။ကျွန်တော်တို့လဲသူ့ကိုချော့မော့ပြီး ပြန်ထွက်လာခဲ့ရတယ်။

ကျုံမငေးမှာ မြို့ခံတွေဆီက ကြားရတဲ့ တူညီတဲ့ သတင်းစကားတွေက တော့ အရောက်အပေါက်နည်းတဲ့ရွာသိမ်ရွာငယ်လေးတွေဆီထိရောက်အောင်သွားပေးကြပါ၊အဲဒီလိုဆိုပိုကောင်းပါတယ် ဆိုတာပါပဲ။နောက်တစ်ချက်ကတော့ ထုံးစံအတိုင်း ရိပ်စားဖြတ်စားတွေ အကြောင်းပေါ့။ညစ်ပါတယ် ကိုယ့်ဆရာရယ်။ဒါတွေက နေရာတိုင်းကိုကြားနေရတယ်ဗျာ။ညရောက်တော့ ကိုယ်တိုင်ျိကြုံရပါလေရောဗျာ။ လူတစ်ယောက်က တည်းခိုခန်းရှေ့ကျွန်တော်တို့ထိုင်နေတဲ့ နေရာနားမှာလာပြီး အထုပ်တစ်ထုပ်ကိုင်လို့ တစ်ကြွားကြွားနဲ့။ကြည့်လိုက်တော့ အိန္ဒိယ က အကူအညီပေးတဲ့ ပစ္စည်းထုပ်ဖြစ်နေတယ်။ မီးဖိုစင်အသေးလေး၊လောင်စာခဲလေး ၄/၅ တုံးနဲ့ ၊ပြီးတော့ မီးခြစ်ဗူးလေးတစ်ဘူး၊ကျန်တာတွေကတော့ ဂျုံနဲ့နယ်ထားတဲ့ စားစရာတွေလို့ပြောတာပဲ။ချာပါတီတို့၊ပူရီ တို့လိုများမသိဘူးဗျာ။
ဒီလူက အရက်လေးလဲနည်းနည်းဝင်ထားတယ်ဗျ၊နာမည်ကတော့ လှမင်းဆိုလား၊လှဝင်းဆိုလားပဲ။အဲ..ဒါနဲ့စောစောက သားပျောက်ရှာနေတဲ့ အဖိုးကြီးက မေးတာပေါ့။သူကလဲညစ်နေတာမဟုတ်လား။”ဒါတွေကဒုက္ခသည်စခန်းကပေးတာလား၊
မင်းကဘယ်စခန်းကလဲ”ဆိုပြီးမေးတော့ ဟိုလူကလဲ “ကျုပ်က ပြင်စလူကပါ”ဆိုတော့ အဖိုးကြီးက ဒေါတွေကန်ပြီး အဲဒီလူခါးကြားက လမ်းလျှောက်စကားပြောစက် ကို ဖျက်ကနဲ ဆွဲယူပြီး “ဒါကရော၊ဒုက္ခသည်စခန်းကပေးတာပဲလား” လို့ဘုမေးတော့ ဟိုကလူက ၀ူးဝူးဝါးဝါးတွေဖြစ်ကုန်ရော။ရုပ်ပျက်လွန်းပါတယ်ဆရာ။

၉နာရီလောက်ကျတော့ မနက်စောစောထရအောင် ဆိုပြီးအိပ်ရာဝင်ကြပါတယ်။ကျွန်တော်ကတော့ အိပ်သာအိပ်ရတာပါ။အိပ်မပျော်ဘူးဗျာ။ညနေကကြုံခဲ့တဲ့လူတွေရဲ့ ဒုက္ခ၊မဖြစ်သင့်တာတွေဖြစ်နေတာတွေ၊ကျွန်တော်အိပ်မရဘူးဗျာ။
လူ့အသက်ပေါင်းများစွာကိုဝါးမျိုခဲ့တဲ့ နာဂစ်ရဲ့လှိုင်းတွေက ကျွန်တော့ရဲ့ရင်ကို တ၀ုန်းဝုန်းနဲ့ ပုတ်နေလို့ပါကိုယ့်ဆရာရယ်။နောက်တော့ တစ်ချက်မှေးခနဲဖြစ်သွားပြီး၊ကိုထွန်းဦးလာနိုးသံကြားတော့မှ ပြန်နိုးလာတယ်။နာရီကြည့်တော့ ၂နာရီ ၄၅ …..။

အသွားခရီး(၂)

သဘောင်္ဆိပ်ကိုရောက်တော့ မှောင်နဲ့မဲမဲ ပဲရှိသေးတယ်ဗျ။ ကျွန်တော်တို့နဲ့အတူသွားမယ်ဆိုတဲ့ ဟိုဘာသာခြားအဖွဲ့ကိုလဲမတွေ့သေးဘူး။
ဒါနဲ့ပဲငုပ်တုပ်လေးတွေထိုင်စောင့်နေကြရင်းပဲ ၄နာရီခွဲသွားပါရော။သူတို့တွေရောက်လာကြတော့ သူတို့ ပစ္စည်းတွေပဲ့ထောင်ပေါ်တင်ကြပေါ့။ကျွန်တော်တို့ဆန်အိတ်တွေကတော့ တင်နှင့်ပြီးသားဆိုတော့ ဆက်ထိုင်စောင့်နေကြရုံပါပဲ။နောက်တယက်ထွက်ဖြစ်တဲ့အချိန်ကြတော့ ၅နာရီစွန်းစွန်းလေးဖြစ်နေပါပြီ။ပဲ့ထောင်ပေါ်မှာလဲ ညကကောင်းကောင်းမအိပ်ခဲ့ရတော့ ဆက်ပြီးမှိန်းလိုက်လာခဲ့လိုက်တာ၊အလယ်ရေကျော်ကိုရောက်တော့မှဘဲနိုးတော့တယ်။ ၃နာရီနီးပါးစီးလိုက်ရတာပေါ့ဗျာ။နာရီကြည့်တော့ ၈ နာရီနားမှာ….။

အခက်အခဲအချို့ နဲ့အစပြုခြင်း

သိတဲ့အတိုင်းပဲကိုယ့်ဆရာရေ။ဘယ်အလုပ်မဆိုကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ်ပေါ့။လုပ်မယ်ဆိုတိုင်းအနှောက်အယှက်၊အခက်အခဲလေးတွေ
တော့ ကြီးကြီး၊သေးသေး ရှိတတ်မြဲမဟုတ်လားဗျာ။ ကျွန်တော်တို့စီးလာတဲ့ပဲ့ထောင်နဲ့က မနေ့ ညနေကညှိတော့ ကောင်းပဲ၊ဒီလဲရောက်ရော၊မဟုတ်ဘူး .. ဟိုလိုမှ ဆိုပြီးဖြစ်သွားရောဗျာ။ကျွန်တော်တို့စီစဉ်တာက သိပ်မပျက်ဆီးလှတဲ့အလယ်ရေကျော်ရွာမကြီးမှာ သိပ်များများမလှုတော့ပဲ အနီးအနားက ရွာငယ်လေးတွေဆီကိုအဓိက ထားမယ်ဆိုပြီးတော့ပါ။သူက ဒီရောက်တော့မှ ဒီလမ်းကြောင်းဆို သူမလိုက်ဘူး၊သူပြတဲ့လမ်းကြောင်းကိုကျွန်တော်တို့သွားနိုင်မှဘဲ လိုက်မယ်ဆိုပြီးတော့ဖြစ်သွားတာဗျ။လူတွေကလဲ တော်တော်ကိုမကောင်းတာပါ။
သူထင်တာ ကျွန်တော်တို့က ဒီနေရာမှာ အစိမ်းသပ်သပ်လို့ထင်ပုံပဲ။ ကျွန်တော်တို့အဆက်အသွယ်၊အသိအကျွမ်းတွေ ဒီမှာရှိနေတာကို သူတို့သိပုံမရဘူးဗျ။ဒါနဲ့ စကားသိပ်များများပြောမနေတော့ပဲ၊ရွာခံအသိတွေကို မြန်မြန်သာဆက်သွယ်ပြီး
သူ့လောက်မကြီးတဲ့ပဲ့ထောင်လေးတစ်စီးငှားပြီးစကြရတယ်လေ။ ဒီနေရာမှတစ်ချက်ပြောချင်တာက တော့ ၊
ဒီရွာမှာလဲကျုံမငေးမှာတုန်းကလိုပဲ၊ ဘတ်ကီးဇာတ်လမ်းတွေ ကိုမကြားချင်တဲ့အဆုံးဗျာ။ရာအိမ်မှုး၊ဆယ်အိမ်မှုးတွေကလာသမျှကို
ရွာသားလက်မဝေဘဲ အိမ်ထဲထည့်သော့ခတ်ပြီး ၀လင်နေတဲ့အကြောင်းတွေပေါ့။ရွာခံ အိုအိုပျိုပျိုတွေက တိုးတိုး တစ်မျိုး၊ကျယ်ကျယ်တစ်ဖုံနဲ့ ကျွန်တော်တို့မကြား၊ကြားအောင်ကို ရွာလယ် အ၀င်လမ်းမ တစ်လျှောက် ကို ပြောနေတော့တာပါ။

ဒီလိုနဲ့ ပဲ့ထောင်လေးငှားရတော့ ရွာခံ ဦးပဇင်းတစ်ပါးက သူကူညီပြီးလိုက်ပေးမယ်တဲ့။ ဦးဇင်းက ရွာက ကျွန်တော်တို့အသိတွေနဲ့က ဆွေမျိုးမကင်းဘူးဆိုပါတော့ဗျာ။နောက်ပဲ့ထောင်လိုက်မောင်းပေးတဲ့ညီလေး၂ယောက်ရောပဲ၊အကုန်ရပ်ဆွေရပ်မျိုးတွေပဲတဲ့။
ကျေးဇူးတင်ပါတယ်ဗျာ။တကယ်ပါ။သူတို့ကလဲ သူတို့ဆီလာပြီးကူညီတဲ့သူတွေကို အားတက်သရောပဲပြန်ကူညီကြတာပေါ့။
ပဲ့ထောင်သွားခေါ်နေတုန်းရွာခံတွေက ရွာနားလယ်ကွင်းတွေဆီခေါ်သွားပြီးအ ရိုးစုတွေရှိတဲ့နေရာတွေကို ပြကြတယ်ဗျာ။ရင်ထဲမှာတော်တော်ကို မကောင်းဘူးဗျာ။ ဒီကြားထဲ အရိုးစုတစ်ခု ရှိနေတဲ့ ရေမြောင်းလေးထဲကို ကိုယ်ကမသိဘဲခြေဆင်းဆေးမိလိုက်သေးတယ်။ အရိုးစုကို ထန်းလက်တွေနဲ့ဖုံးထားတာလေဗျာ။နောက်တွေ့တဲ့လူက “ဟေ့..ညီလေး ၊ဒီထဲမှာလဲတစ်ခုရှိတယ်နော်” ဆိုတော့ မှသိတာ။ ဗိုက်ထဲမှာ ကလိကလိနဲ့ ၊ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ပြန်ငုံကြည့်ပြီး ကလိကလိ ဖြစ်ဖြစ်သွားတယ်ကိုယ့်ဆရာရေ။ဒီလိုနဲ့ ပဲ့ထောင်ကိုဆီဝယ်ထည့်၊
ကုန်တွေကိုပြန်ပြောင်းတင်နဲ့ လုပ်ကြတယ်လေ။စထွက်ဖြစ်တော့ ၁၁ခွဲကျော်……။

အလှုခရီး

စထွက်ထွက်ချင်း ၀င်ဖြစ်တာက ရေကမြင်း ၂ တဲ့။ရေကမြင်းက ၁ နဲ့ ၂ ဆိုပြီးရှိတာတဲ့။
ရွာကစေတီနဲ့ဘုန်းကြီးကျောင်းပျက်ပဲကျန်တယ်ဗျာ။ဘုန်းကြီးတွေကတော့ တော်တော် ကို အသက်ကြီးနေကြပါပြီ။
ကျောင်းထိုင်တဲ့ဆရာတော်ကြီးဆိုရင်ကို အသက်က ၈၀ ကျော်နေပြီတဲ့ဗျ။ဒီတော့ ဆရာတော်ကြီးဆီကို ဆန်တစ်အိတ်နဲ့ဝတ္တုငွေတစ်သောင်းအရင်လှု၊ပြီးတော့မှ အနီးအနားက တဲကုတ်လေးတွေကို အဖြစ်ထိုးပြီးနေတဲ့ဒုက္ခသည်တွေ ကိုဆန်ဝေ၊ပန်းကန်တွေဝေပေါ့။အိမ်ထောင်စုကသိပ်မများတော့ မြန်မြန်သွက်သွက်ပဲဝေ လိုက်နိုင်ပါတယ်။ လူတစ်ဦးကိုဆန်တစ်ပြည်နှုံးနဲ့ဝေ၊တစ်အိမ်ထောင်ကို ပန်းကန်ကြီးသေးတစ်စုံနဲ့၊ဇွန်းက ၂ ချောင်း ။ကလေးတွေအတွက်က တော့ပါသွားတဲ့ မုန့်(ဘီစကွတ်)ထုပ်လေးတွေဝေပေးနဲ့ ပေါ့ကိုယ့်ဆရာရေ။

နောက်တစ်ရွာက ကံစုတဲ့။ဒီမှာတော့ လူဦးရေကတော်တော်များသားလားဗျာ။ ရွာရှိတဲ့နေရာ တင်မကဘူး၊ချောင်းရိုးတစ်လျှောက်
တဲလေးတစ်ခုနှစ်ခုနဲ့ ခွဲနေ နေကြတဲ့အိမ်လေးတွေတွေ့တော့ ၊တွေ့သမျှ ကို “ရှေ့ကိုလာကြ၊ဘယ်ရွာကိုလာကြ၊ဆန်ပေးပါမယ်” ဆိုပြီးခေါ်ခဲ့တာ၊လူကြီးရောကလေးတွေပါမကျန်လှေလေးတွေကိုယ်စီလှော်လို့လာကြတယ်ဗျာ။တစ်ချို့ အရမ်းအလှမ်းဝေးတဲ့ အိမ်ကလူတွေကတော့ ရှိတဲ့လှေလေးတွေနဲ့ ကျွန်တော်တို့ပဲ့ထောင်လေးနားလာကပ်ပြီးယူသွားရှာတယ်။ နောက်လမ်းမှာ လူကြီးတွေ မရှိဘဲ ကလေးတွေပဲရှိနေတဲ့ တဲလေးတွေကိုတော့ မုန့်ထုတ်လေးတွေ ပဲလှေပေါ်ကနေ လှမ်းပစ်ပေးလိုက်နိုင်တယ်ဗျာ။ ကမ်းပေါ်မရောက်ပဲရေထဲပဲကျလို့ရှိရင်လဲ ရေထဲ ကို ဒိုင်ဗင်ထိုးဆင်းပြီး ရေကူးလို့ လိုက်ယူကြတာ ဗျာ။သနားစရာကောင်းပုံများ ကိုယ့်ဆရာတို့ကို မြင်စေချင်တာ။တစ်ကယ်ဗျာ။အဲ.. ပြောရင်း လိုရင်းကမရောက်တော့ဘူးဖြစ်နေပြီ။ အဲဒီကံစုမှာတင် ဆန်အိတ် ၈အိတ်၊၉အိတ်လောက် ဝေလိုက်၊လှုလိုက်ရတယ်။အချိန်လည်း၁ နာရီခွဲ ၂နာရီ နီးပါးလောက်ကုန်သွားတယ်။ဒီထက်ပိုထူးတာက လာတဲ့ကျွန်တော်တို့ကို ရွာက လူတွေက ၀ိုင်းရှစ်ခိုးကြတာပဲ။ပါးစပ်ကလဲ ဆုတွေတောင်းလို့ပေါ့။နောက်ပြီးတော့ ပြောသေးတယ်။
“ဘာကိုပဲလာပေးပေး၊ဘယ်လောက်ပဲလာပေးလာပေး၊ ကျေးဇူးတင်တယ်တဲ့။ကျွန်တော်၊ကျွန်မတို့ဘ၀က ဘာဆိုဘာမှရှိတော့တာမဟုတ်ဘူးတဲ့” ..ဗျာ။ဘယ်လောက်များ ဟတ်ထိတဲ့ စကားတွေလဲ ဗျာ။ကျွန်တော်တို့လှေပေါ်ပြန်တက်လို့ သွားမယ်ဆိုပြီးလက်ပြတော့လဲ အမယ်အိုကြီးတစ်ယောက်က အနားကမခွာပဲ လက်အုပ်လေးချီပြီး ပါလာတဲ့ဦးပဇင်းလေးကိုရှစ်ခိုးတုန်း။
ကျန်တဲ့လူတွေရော၊လှမ်းကြည့်လိုက်တော့ တော်တော်များများက လက်အုပ်လေးအချီမပြတ်ပါပဲ။

နောက်ဆက်ဝင်ဖြစ်တဲ့ရွာကတော့ ထင်းစုတဲ့ ။ဒီရွာကိုတော့လက်ရောက်မဝေဖြစ်တော့ပါဘူး။ တာဝန်ရှိတဲ့လူ ခေါ်၊ ပြီးတော့ ရပ်မိရပ်ဖတွေ ကိုလည်းခေါ် ပြီး အားလုံးရှေ့မှာဆန်အိတ်တွေ၊ ပန်းကန်ခွက်ယောက်နဲ့ဇွန်းတွေကို ခွဲတမ်းနဲ့ချပေးပြီး အပ်ခဲ့တာ၊ပြီးတော့ ရွာသားတွေအားလုံးရှေ့မှာပဲ ရာအိမ်မှုးဆိုတဲ့လူ ကို အကုန်ဝေပေးပါမယ်ဆိုတဲ့ ဂတိကို တောင်းပြီးတော့ ထားခဲ့ရတယ်ပေါ့ဗျာ။ အချိန်ကမရှိတော့ဘူးလေ။နောက်ရွာတွေလဲဝင်ရ၊ပေးရဦးမယ်မဟုတ်လား။အဲဒီက ထွက် လို့မှ ချောင်းကြီးကိုဝင်၊အဲဒီက ပြန်အထွက်မှာပဲ မိုးကြီးကလဲဗျာ၊ဘယ်အငြိုးနဲ့ ရွာတာလဲတော့ မသိတော့ဘူး။တစ်ဝုန်းဝုန်းနဲ့ဗျာ။ပဲ့ထောင်လေးကမှ အမိုးအကာကောင်းကောင်းမပါတော့ကျွန်တော်တို့မှာ ရွှဲရွှဲ ကိုစိုရောဗျာ။တစ်လမ်းလုံးပဲဆိုပါတော့။ ဒီနေရာမှာတော့ ဦးပဇင်း ကိုတော့ တော်တော် ကို ချီးကျူးရမှာပဲဗျာ။မိုးရွာထဲမှာပဲ ပါလာတဲ့မိုးကာနဲ့ ဆန်အိတ်တွေကို လိုက်ပြီးမိုးရွာကြီးထဲ လိုက်ဖုံးနေတာလေ။ အမှန် သူမလုပ်ပဲ ကျန်တဲ့ကျွန်တော်တို့ကို ခိုင်းလဲရ ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးလုံးဝမရှိဘဲ သူကိုတိုင် တက်တက်ကြွကြွ ပဲလုပ်စရာရှိတာတွေကို လိုက်လုပ်ပေးတယ်ဗျာ။ လေးစားမှုဆိုတာ ကိုယ်က လုပ်ယူပါမှ၊ကြိုးစားပါမှ ခံယူခွင့်ရှိတာမဟုတ်လားဗျာ။ ဘာမှမလုပ်ပဲ သတင်းစာတွေထဲက နေပြီး၊ငွေကျပ်သန်းပေါင်းဘယ်ရွေ့ ၊ဘယ်မျှ သုံးစွဲခွင့်ပြုပြီးကြောင်း အသံကောင်းဟစ်နေတဲ့ သူတွေနဲ့များကွာချင်တိုင်းကွာနေတာပေါ့ကိုယ့်ဆရာရယ်။သိရသလောက်တော့ သီတဂူဆရာတော်ကြီး၊ဓမ္မဓူရ ဆရာတော်၊ မေတ္တာရှင်ဆရာတော် အစရှိတဲ့အနယ်နယ်အရပ်ရပ်ကထေရ်ကြီး၊၀ါကြီး ဆရာတော်ကြီးများကလဲ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကိုယ်တော်တိုင်ပဲ တက်တက်ကြွပဲ ဦးစီးလို့လုပ်ကိုင်နေကြတယ်တဲ့။မြန်မာနိုင်ငံမှာသံဃာဂိုဏ်းဆိုတဲ့
ကယ်တင်ရှင်ဂိုဏ်းကြီးရှိနေလို့ပါပဲဗျာ။ဆရာတော်၊သံဃာတော်တွေရဲ့ကျေးဇူးကြောင့်သာပဲ။စစ်အစိုးရရဲ့ အသုံးမကျ၊ခြစားပြီး လောက်ထွက်နေတဲ့ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားနဲ့သာဆိုရင်တော့ဒီလိုဘေးဆိုး၊ကပ်ဆိုးကြီး မှာကယ်မယ့်ဆယ်မယ့်
သူမရှိဘဲ ငတ်သေမယ့် မသာတွေများ ဘယ်လောက်တောင်ရှိလာလိုက်မလဲမသိတော့ဘူးဗျာ။

နောက်ဆက်တိုက်ပဲ တွေ့တဲ့ရွာလေးတွေကို မိုးထဲရေထဲမှာပဲ ၀င်ပြီးခွဲတမ်းနဲ့ချပေးလိုက်တာ စုစုပေါင်း ရွာလေး၆ရွာတိတိ ကျွန်တော်တို့တွေ ကုသိုလ်ယူနိုင်လိုက်ပါတယ်။အဲ .. နောက်ဆက်ဝင်တဲ့ရွာလေးတွေက တော့ ချောင်းကြီး ၊မြင်းကကုန်း နဲ့ ရေကမြင်း၁ ဆိုတဲ့ရွာလေးတွေပါပဲ။ လမ်းတစ်လျှောက်ကတစ်ချို့နေရာတွေမှာ ဟိုတစ်ချိန်က တဲအိမ်လေးတွေရှိခဲ့ဖူးတဲ့ အမှတ်အသား လေးတွေ အဖြစ်နဲ့မြေပုံပုံလေးတွေ ၊ လူသေ အလောင်းတွေရှိတဲ့ လက္ခဏာအဖြစ်နဲ့ ပုတ်အတ်အတ် အနံတွေ မကြာမကြာ ပဲ တွေ့ရ ၊ခံစားနေရတယ်ကိုယ့်ဆရာရေ။ရင်ထဲမှာ တစ်ကယ်ကိုမကောင်းဘူးဗျာ။ရွာခံတစ်ချို့ကလဲ ဒီနဲ့၃နာရီခရီးလောက်မှာ ဒုက္ခရောက်နေတုန်းလူတွေ၊ရွာတွေရှိနေသေးတဲ့အကြောင်း၊တစ်ချို့ရေငန်ရောက်တဲ့ဒေသတွေမှာဆို အလောင်းကောင်တွေက ငါးခြောက်သိပ်သလို ဖြစ်ပြီး အကောင်အထည်မပျက်ရှိနေသေးတဲ့ အကြောင်းပြောပြကြသေးတယ် ဆရာ။ဒါတွေကြားရတော့ စိတ်ထဲမှာ
တို့နိုင်ငံကလူတွေ၊ပြည်သူတွေဟာ ရှင်နေတုန်းကမှ အခွင့်အရေးတွေကို လှစ်လျုရှု ခံရ၊ငြင်းပယ်ခံနေရတာမဟုတ်ပါလား၊
သေပြီးနောက်လဲ လူလူသူသူ မြေမြုပ်ပေးပြီးသဂြိုလ် ခံရတဲ့ အခွင့်အရေးကိုလဲ ငြင်းပယ်ခံနေရပါလားလို့တောင် အတွေးတွေဝင်လာတယ်ဗျာ။

မြင်ရကြားရမျှ

နောက်အလယ်ရေကျော်ရွာမကို ပြန်ရောက်တော့ ညနေ၃ နာရီခွဲကျော်နေပြီလေ။ အဲဒီတော့မှ ရေစိုအ၀တ်တွေကိုလဲ ပြီးတော့ရွာခံအသိတွေကျွန်တော်တို့အတွက်အသင့်ချက်ပေးထားတဲ့ ထမင်းနဲ့ဟင်းကို စားပြီး ခဏနားပေါ့။ ပြီးတဲ့နောက်မှ ရွာထဲကို အပျက်အစီးအခြေအနေလေးသိရအောင်စနည်းနာပေါ့ဗျာ။တွေ့၊ကြားခဲ့တာတွေကတော့ တစ်ရွာလုံးမှာရှိတဲ့ ဒုက္ခသည် ထောင်ကျော်အတွက် ရွက်ဖျင်တဲက တစ်လုံး၊ဆန်က၂အိတ်၊အမျိုးသမီးလစဉ်သုံးပစ္စည်းက ၂ ထုတ်၊ခြင်ထောင် ၅ လုံးတို့ဆိုတာမျိုးပေါ့ကိုယ့်ဆရာရယ်။နောက် ပြီး ရဟတ်ယာဉ်က အတည့်မဆင်းပဲ ဘာဖြစ်မှန်းမသိပဲ လယ်ကွင်းထဲကို ထယ်ထိုးသလို ဟတ်ထိုးကြီးဆင်း၊ အဲဒီတော့ သတ္တိခဲ ရဟတ်ယာဉ်မှုးက ပေါက်ကွဲတော့မယ်အမှတ်နဲ့ ဆင်းပြေးတာကို ရွာသားတွေက နောက်ကနေ ပြီး” ဗိုလ်ကြီး..ဘာမှမဖြစ်ဘူး၊ပြန်လာခဲ့..ပြန်လာခဲ့” ဆိုပြီးမမောတမ်းလိုက်ခေါ်ရတာ၊ဒါမျိုးတွေလဲ ဒုက္ခတွေကြားကရယ်စရာလေးတွေအဖြစ်၊ ငိုအားထက်ရယ်အားသန်ဆိုသလိုကြားခဲ့ရတယ်ဗျာ။နောက်ပြီး မြန်မာတို့က မျက်လှည့်အတတ်ပညာမှာ အနောက်နိုင်ငံများက ဒေးဗစ်ကော်ပါဖီးတို့ထက်သာတဲ့အကြောင်းတွေလဲပါတယ်ဗျ။ရှင်းအောင်ပြောပြပါ့မယ်။
ဒီလိုပါ။ ကယ်ဆယ်ရေးပစ္စည်းတွေကို လာပို့တယ်တဲ့ဗျာ။ အာဟာရ ဘီစကွတ်တို့ဘာတို့ဆိုပါတော့။ ဂျပ်ပုံးပေါ်မှာတော့ ဗီတာမင် အေ ကနေ ဇတ် အထိပါတဲ့ အမှန်အကန် အာဟာရဘီစကွတ်တွေပဲ ၊ အဲ….ဂျပ်ပုံးလဲဖွင့်ရောတွေ့လိုက်ရတာတွေက ရွှေကျီးတို့၊ မြို့တော်တို့၊ သဇင်တို့အစရှိတာတွေပေါ့ဗျာ။နောက် အိန္ဒိယကပေးတဲ့ လူတစ်ကိုယ်ရေအတွက် အထုတ်လေးတွေမှာလဲ အိတ်ခွံပေါ်မှာတော့ အိန္ဒိယ မှကူညီသည် ဆိုတဲ့ စာသားနဲ့ပဲ၊ နောက် အထဲမှာပါတာတော့ ဈေးပေါပေါ ၀မ်းတွင်းပုဆိုးတို့၊ စက်မှု(၁) ရဲ့ရေလျှော်မခံတဲ့(ရေလျှော်ရင်နှစ်ပိုင်းပြတ်တတ်တဲ့)စောင်တို့ပါလာတတ်ပါတယ်တဲ့။နောက် ထိုင်းကပေးတဲ့ မယ်လမင်း ပန်းကန်တွေဆိုလဲဒီလိုပါပဲတဲ့။ဗူးပေါ်မှာတော့ မယ်လမင်းပဲ၊အထဲမှာတော့ စက်မှု(၁) က ကြွေရည်သုတ်တွေ။ တစ်ချို့ဆို ဒေါသတွေထွက်ပြီး သူတို့ရှေ့မှာတင်ကို အဲဒီ ကြွေရည်သုတ်တွေကို မြေပေါ်ချပြီး ခဲနဲ့ထု၊ဖနောင့်နဲ့ဝိုင်းပေါက်ကြနဲ့ ပွဲတောင်ဖြစ်တယ်ဆိုပဲ။ဒါတွေပေါ့ ဗျာ။ကျွန်တော်တို့လဲ ကြားရတာ ရယ်လိုက်မောလိုက်၊စိတ်မကောင်းဖြစ်လိုက်နဲ့ ပေါ့ကိုယ့်ဆရာရေ။

အဲ..ပြောဖို့မေ့နေတာက ကျွန်တော်တို့နဲ့ အတူလာကြတဲ့ ဘာသာခြား တွေက ဒီရွာမှာရှိတဲ့ သူတို့ဘာသာဝင်တွေအတွက် ကို နွား၃ကောင်သတ်ပြီး ထမင်းကျွေးတာတဲ့ဗျာ။ကျွန်တော်တို့ မထွက်ခင်ကပဲ နွားကိုလည်လှီးနေတာ ကျွန်တော်တို့ရှေ့မှာတင်မို့ ကျွန်တော်တို့တွေ့လိုက်ရသေးတယ်။အဖွဲ့ထဲက ကိုမျိုးချစ်ကတော့ လယ်လုပ်သားမျိုးရိုးကဆင်းသက်လာတဲ့သူ၊
ငယ်ငယ်ကလဲလယ်ကွင်းတွေထဲ ပြေးဆော့ရင်းကြီးတဲ့သူဆိုတော့ ဘယ်လာမြင်ရက်ပါ့မလဲ။ပါးစပ်ကလဲ “သနားပါတယ်ဗျာ၊နွားကမှရှားပါးတဲ့ကြားထဲ” ဆိုပြီး မျက်နှာလွှဲသွားတာ။ နောက်ညနေပြန်ခါနီးရောက်တော့ အဲဒီဘာသာခြားတွေက ကျွန်တော်တို့ကို ညနေစာမစားရသေးရင်သူတို့ ၀တ်ပြုတဲ့ နေရာမှာ လိုက်လာစားပါ့လားလို့ဖိတ်တော့ ကျွန်တော်တို့တွေ ဘယ်စားရက်ပါ့မလဲဗျာ။ ကိုယ့်ဆရာပဲစဉ်းစားကြည့်လေ။ကိုယ့်ရှေ့မှာတင် လည်လှီးသတ်ထားတဲ့ မြင်သားကြီးဗျာ။သူတို့ကတော့ သူတို့ အချင်းချင်း ကျွေးတဲ့အပြင်ကို ကျန်တဲ့ရွာထဲက လူတွေ ကိုပါ ကျွေးသေးတယ်ဗျ။ကျွန်တော်တို့ကတော့ မစားဘဲ ရွာထဲကလဘ္ကက်ရည်ဆိုင်မှာပဲ ဖြစ်သလို မုန့်နဲ့ ကော်ဖီ၊လဘ္ကက်ရည်တွေနဲ့မျှောချပေါ့ကိုယ့်ဆရာရယ်။

ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့က သူတို့တွေ ကျွေးပြီးမွေးပြီး၊စားပြီးသောက်ပြီး တဲ့အချိန်ထိမော်တော်ပေါ်မှာငုတ်တုတ်လေးတွေ
ထိုင်စောင့်နေရတာပေါ့ဗျာ။ ခြင်ဆိုတဲ့ အကောင်မျိုးကလဲ ပေါပေါများများကိုရှိလေတော့ ကျွန်တော်တို့မှာငြိမ်ငြိမ်လေး
ကိုထိုင်မရအောင်ပါပဲ။ မတတ်သာတဲ့အဆုံးတော့ ရွာထဲပြန်သွား၊ခြင်ဆေးခွေဗူးတစ်ဗူးဝယ်ပြီး မော်တော်ပေါ်မှာလာထွန်းပြီးနေတော့မှပဲသက်သာတော့တယ်။၃ နာရီသာသာလောက်စောင့်ပြီး နာရီလက်တံတွေက ၈နာရီ ခွဲနားကို သီတော့မှပဲကိုယ်တော်များက ပေါ်တော်မူလာပါတော့တယ်ဗျာ။ ပစ္စည်းတွေ၊အိုးခွက်တွေပြန်တင်ပြီးချိန်ကျတော့ ၉နာရီစွန်းစွန်းကိုရောက်ရောပေါ့။ အဲဒီအချိန်မှ အလယ်ရေကျော် ဆိုတဲ့ ရွာကနေပြီး ကျုံမငေူမြို့ကို ပြန်ထွက်လာနိုင်ပါတော့တယ်ပေါ့ဗျာ။

အပြန်ခရီး

တစ်နေလုံးပင်ပန်းထားတာတွေ ကြောင့်လူက မော်တော်ပေါ်မှာ ငိုက်ပြီးပြန်ပါလာတယ်လေ။ ညကလဲမှောင်နဲ့မဲမဲ ဆိုတော့ ပတ်ဝန်းကျင် ကို မမြင်ရ ၊မခံစားရ ပဲ မဟုတ်လားဗျာ။မှတ်မှတ်ရရ မော်တော် ကသောင်ပေါ်ကို တစ်ခေါက်တင်သွားသေးတယ်ဗျာ။တင်ပေမပေါ့။
မှောင်နေတာကို မီးမှမပါကြတာ။ပြန်တွေးကြည့်တော့ တော်တော် တော့ အန္တာရယ်အကြီးသားနော်..ကိုယ့်ဆရာရေ။ဒါပေမယ့် နောက်ထပ်ဘာမှ မဖြစ်တော့ဘဲ ကျုံမငေးမြို့ ကိုချောချောမောမော ပဲည သန်းခေါင်လောက်မှာ ပြန်ရောက်ကြပါတယ်။ ပြန်ရောက်တော့ ဆက်တိုက်ပဲ ကိုထွန်းဦးနဲ့ ကိုမျိုးချစ်တို့ က ဆက်ထွက်ကြမယ်။ ညတွင်းချင်းပဲ ရန်ကုန်ကို ခရီးဆက်ကြမယ် ဆိုပြီး ကားပေါ်ကိုတက်ကြပါရောဗျာ။ ကျွန်တော်တို့လဲ မငြင်းသာတော့ဘဲနောက်ကလိုက်ကြရတာပေါ့။ ဒီလိုနဲ့ ရန်ကုန်မြို့ကို နောက်နေ့နံနက် ၈နာရီခွဲလောက်မှာ ပြန်ရောက်လာပါတော့တယ်ဗျာ။

ပြန်ရောက်ပြီးတဲ့နောက်မှာလဲ ကျွန်တော့ခါင်းထဲမှာ တွေးစရာတွေ က အများကြီး ၊အများကြီးပါ။ ကိုယ့်ဆရာတို့ကို ပြန်မပြောပြတော့ပါဘူးဗျာ။ ဒါပေမယ့် ကိုယ့်ဆရာတို့လဲ ကျွန်တော့ရဲ့ဒီစာကို ဖတ်ပြီးရင် ကျွန်တော်တွေးနေတာတွေကို နည်းနည်းပါးပါးတော့ နားလည်နိုင်ကြမယ်ထင်ပါတယ်။ဒါပါပဲဗျာ။