ကျွန်တော် ဒီအိမ်အဟောင်းလေးနဲ့ နေလာတာကြာခဲ့ပါပြီ။ အဆင်ပြေတာလေးတွေရှိသလို .. အဆင်မပြေတာလေးတွေလည်းရှိနေပြန်တော့ ခုအိမ်သစ်လေးကို ပြောင်းရွေ့နေထိုင်တော့မယ်လို့စဉ်းစားမိတယ်လေ။ အိမ်ဟောင်းလေးက ဖြစ်သလိုဆောက်ထားတော့  အဆင်မပြေတာကပိုများနေတာလည်းပါတယ်လေ။အိမ်သစ်လေးတစ်လုံးရဖို့တော်တော် ခက်ခက်ခဲခဲ ပဲကြိုးစားလိုက်ရတယ်ဗျာ။ ဘလောဂ့်မောင်နှမတွေထဲက၊ညီအစ်ကိုတော်တွေထဲက အကူအညီတွေပေးကြလို့ အိမ်သစ်လေးတစ်လုံးရခဲ့တာပါ။ အထူးသဖြင့် အိုင်တီဆိုတာ ကြားပဲကြားဖူးပြီးဘာမှမသိတဲ့ကျွန်တော့ကို စင်္ကာပူက သွားကိုက်နေတဲ့ `ဝေလေး´ တစ်ယောက် နဲ့၊ `အချစ်မဲ့ဂစ်တာ´ ကြီးဆီက အိမ်ဆောက်နည်းလေးတွေက  အများဆုံးအကူအညီပေးခဲ့ကြတာပါ။ သူတို့တွေကို အထူးကျေးဇူးတင်ပါတယ်ဗျာ။တစ်ကယ်ပါ။ ကိုဂစ်တာက တော့ဘာကြိုက်တတ်မှန်းမသိလို့ ဘီယာ တစ်ခွက်နဲ့

ကုဂစ်တာအတွက် ဘီယာတစ်ခွက်

ကိုဂစ်တာအတွက် ဘီယာတစ်ခွက်

…သွားကိုက်နေတဲ့ဝေလေးအတွက်ကတော့ သွားဆရာတစ်ယောက် လက်ဆောင်ပြန်ပေးလိုက်မယ်နော်..

ဝေလေးအတွက် သွားဆရာဝန်

ဝေလေးအတွက် သွားဆရာဝန်

ကဲ ကျွန်တော် လဂွန်းအိမ်ရဲ့ အိမ်သစ်လိပ်စာလေးကတော့..    http://lagoonaing.iblogger.org

ဖြစ်ပါတယ်ခင်ဗျာ..။

ဒီတစ်ခေါက်ရေးတာလေးကတော့  ကိုယ်တွေ့လေးတွေပါ။ အပေါင်းအသင်းများကောင်းမှုနဲ့ရခဲ့တဲ့အတွေ့အကြုံလေးတွေပေါ်မှာ ကိုယ့် အိုင်ဒီယာလေးတွေ တင်ကြည့်ထားတာမျိုးပေါ့။ကဲ..စလိုက်ရအောင်ဗျာ….

လဂွန်းအိန်ကတောသားပါ။ရန်ကုန်လာပြီးအစပိုင်းမှာ သင်တန်းလေးဘာလေး တက်ပြီး အတော်ပဲ ရန်ကုန်သားအပေါင်းအသင်းတွေရလာတယ်ဆိုပါတော့။တစ်ခုသော တနင်္ဂနွေ နေ့မှာပေါ့(အမှန်ကတော့ ဘာနေ့မှန်းမမှတ်မိတော့ပါ။ရမ်းရေးလိုက်ခြင်းဖြစ်သည်။)။ ချစ်ဘော်ဘော်တစ်ယောက်က မွေးနေ့တဲ့ ၊အလှုလေးလုပ်ဖြစ်မယ်ဆိုပြီးလာခေါ်တော့ ၀မ်းသာအားရနဲ့ ထလိုက်သွားတယ်လေ။ နေရာကတော့ ရွှေတိဂုံ ရင်ပြင်တော်ပေါ်က ဇရပ်လေးတစ်ခုမှာပေါ့ဗျာ။ ဟိုရောက်တော့ အချင်းချင်းတွေမို့ သိပ်အားနာစရာမလိုတော့လဲ ဆွဲရေးတွေ ပေးကြ၊ လုပ်စရာရှိတာ ၀ိုင်းလုပ်ပေးကြနဲ့ပျော်ပျော်ပါးပါး၊ပေါ့ပေါ့ပါးပါးပေါ့ဗျာ။ နောက် စားသောက်ပြီးစီးသွားကြတော့ သိမ်းဆည်းစရာတွေကို သိမ်းပြီး ရွှေတိဂုံ စေတီတော်ကြီးကို ပတ်ပြီးဖူးကြပေါ့။ ဇာတ်လမ်းက အဲဒီကစတော့တာပဲဗျာ။ အပေါင်းအသင်းတစ်ယောက်က အရှေ့တောင်ဒေါင့်နားရောက်တော့ `မင်း..ငါနဲ့ခဏလိုက်ခဲ့စမ်းပါ။ငါမင်းကို ပြစရာရှိတယ်။´ဆိုပြီးခေါ်သွားတော့ လဂွန်းအိန်တောသားလည်း ဘာများအထူးအဆန်းတွေ့မလည်းဆိုပြီး နောက်ကလိုက်တော့တာပေါ့ဗျာ။အဲ ..တွေ့လိုက်ရတာက ညောင်ပင်ကြီးတစ်ပင်မှာ လူတွေဝိုင်းပြီး အမွှေးတိုင်တွေထွန်းကြ၊ ပါးစပ်က တစ်တွတ်တွတ်နဲ့ ရွတ်ဆိုနေကြ နဲ့ဗျာ။လူတော့အစည်သားဗျ။ကျွန်တော့ အပေါင်းအသင်းကလည်း အများနည်းတူ ၀င်ပြီး အမွှေးတိုင်တွေထွန်း၊ပါးစမ်က ပွစိပွစိ နဲ့ရွတ်ပြီးဝင်နွဲတော့တာပဲဆရာ။ ဘာတွေလည်းပေါ့။ဒီတောသားကလည်း မြို့တက်လာတာသိပ်မကြာသေးတော့ ဘုမသိဘမသိနဲ့မို့ဒီတိုင်းပဲစိတ်ဝင်တစ်စားပဲဘေးက ရပ်ကြည့်နေမိလိုက်တယ်ဗျာ။ အဲ..မင်းသားက ပြီးလည်းပြီးရော ကျွန်တော့ဖက်ကို လှည့်လာပြီး `မင်း မရှိခိုးတော့ဘူးလား၊ဒါ ရွှေတိဂုံဘိုးဘိုးကြီးကွ။ သူ့ကို ပူဇော်ပြီး ဆုတောင်းရင် ပြည့်တယ်။မယုံမရှိနဲ့နော်..။´တဲ့။ကျွန်တော်လည်း စိတ်ထဲမှာ နည်းနည်း ညစ်သွားတယ်ဗျာ။စိတ်ထဲမှာလည်း ဘ၀င်မကျတဲ့အတွေးတွေနဲ့ ပြည့်သွားတယ်။ကိုယ့်ဆရာပဲစဉ်းစားကြည့်လေ။ ကျွန်တော်တို့ ဘုရားလာဖူးတယ်။ဒီလို ဘာမှန်းမသိတာတွေကိုတော့ သိပ်အရေးမပေးချင်တာအမှန်ပဲ။ဟုတ်တယ်လေနော်။ ဘုရားက အိမ်ကြီးရှင်၊ဒီချောင်(ဂျောင်)ကပ်နေတဲ့ဟာက ဘာအဆင့်လဲ။အမြင့်ဆုံး သတ်မှတ်နိုင်ရင်တောင် ဒရ၀မ် အဆင့်ပေါ့။ဟုတ်ဘူးလား။ကျွန်တော်တို့ ဘုရားရှိခိုးတယ်။အမွှေးနံသာ၊ဖယောင်းတိုင်တွေနဲ့ ပူဇော်ပြီး အာရုံပြုရှိခိုးတယ်။ သြကာသ၊တောင်ကျွန်းသံဗုဒ္ဒေတို့၊၂၄ ပစ္စည်းတို့ရွတ်ဖတ်ပြီး ရှိခိုးတယ်။နောက် သီလယူနိုင်ရင်လည်းယူပေါ့ဗျာ။ဒါဟာ ကျွန်တော်တို့က  မြတ်စွာဘုရားရှင်ဆိုတဲ့ အိမ်ကြီးရှင်နဲ့ တွေ့ဆုံဂါရ၀ ပြုတယ်ပေါ့။ဒီလိုသတ်မှတ်ရင် မရိုင်းပါဘူးထင်တယ်။ ဟုတ်ပြီ..ဒီလိုဆို အိမ်ကြီးရှင်နဲ့ တွေ့ဆုံဂါရ၀ပြုပြီးရင် ခြံစောင့်ဒရ၀မ်ကောင်လောက်ကိုတော့ ….. ဟဲ..ဟဲ..။ လာရတဲ့မူရင်းရည်ရွယ်ချက်ကလည်းဘုရားကိုပူဇော်ရှိခိုးဖို့၊ဂါရ၀ ပြုဖို့မဟုတ်ကြဘူးလား။ဥစ္စာစီးဇိမ်တွေတိုးပွားဖို့လာတယ်ဆိုရင်တော့ ရည်ရွယ်ချက်အလွဲတွေနဲ့ဘုရားရှိခိုးပြီး ဘာကုသိုလ်မှမရ၊ဒါမှမဟုတ် ကုသိုလ်ရသင့်မလောက်မရနိုင်ဘူးလို့တော့ လဂွန်းအိန်ထင်တာပါပဲ။

ဒါပေမယ့်လဂွန်းအိန်ကအတွေးသမား သက်သက်ဆိုတော့ဘာမှ ပြန်မပြောဘဲ စိတ်ချမ်းသာရာသာလုပ်ပါစေတော့ဆိုပြီးပြုံးပြုံးပဲနေလိုက်တယ်။ နောက်ရင်ပြင်တော်ကိုပတ်ပြီးဖူးကြတာပြီးတော့ ဘုရားပေါ်ကဆင်းကြမယ်တဲ့။ခြေလျင်ဆင်းပြီး ကြီးငါးကြီးဖက်ကိုသွားမယ်တဲ့။လဂွန်းအိန်လည်း သွားပေါ့။ဟိုမှာလည်း ဘုရားတွေရှိတာပဲ။ဖုးရတာပေါ့ဆိုပြီးလိုက်သွားလိုက်တယ်။ရောက်ခါနီးကျတော့ တစ်ယောက်က ပြောမှသိတယ်။အဲဒီမှာ ၀ိဇ္ဖာလိုင်းလိုက်နေတဲ့ဘုန်းကြီးတစ်ပါးရှိတယ်တဲ့။ အဲဒီဘုန်းကြီးဆီကို သွားတာတဲ့။ ကဲဗျာ..ကောင်းရော..။ လှည့်ပြန်ချင်စိတ်ကို တစ်ခါတည်းပေါက်သွားတယ်..ဆရာရေ။ဒါပေမယ့်..  ရောက်ခါနီးနေပြီဆိုတာရယ်။  အပေါင်းအသင်းတွေဆိုတာ   ရယ်တွေကြောင့်
အောင့်အီးပြီး လိုက်သွားလိုက်တယ်။ နောက်အမှန်မတိုင်းဝန်ခံရရင် ဘယ်လိုအနေအထားရှိလည်းဆိုတာကိုပါ စူးစမ်းချင်စိတ်တွေပေါက်လာတာလည်းပါပါတယ်။

ဟိုလည်းရောက်ရော အရင်ဆုံးဘုရားကို ဦးချဝတ်ပြုကြပြီး ဒေါင့်တစ်ဒေါင့်မှာ ယိုးဒယားသင်္ကန်း ရွှေရောင်ကြီးဆင်မြန်းထားတဲ့ အဲဒီဘုန်းဘုန်းဆိုတာကိုသွားတွေ့ကြတယ်ပဲဆိုပါတော့။ကျွန်တော် သင်္ကန်းကိုဆင်မြန်းတယ်လို့ပြောတာ အကြောင်းရှိပါတယ်။ သူသင်္ကန်းရုံထားတာ ဘယ်လိုမှ ၀ိနည်းနဲ့မညီဘူးဆိုတာမျက်စိနဲ့ကြည့်ရင်ကို ရှင်းရှင်းကြီးတွေ့နိုင်လို့ပါ။ဒါပေမယ့် ကျွန်တော့် အပေါင်းအသင်းတွေက အရှိုရှို ဦးတွေချပြီး ဘုန်းဘုန်း၊ဘုန်းဘုန်း နဲ့ကိုနေတော့ တာပဲဗျာ။ အဲဒီတော့ အဲဒီပုဂ္ဂိုလ်ကြီးက ကျွန်တော့ကိုလည်း ထိုင်ထိုင် ဆိုပြီးပြောတော့ ကျွန်တော်လည်းထိုင်ရတော့တာပေါ့။ နောက် သူကပဲ..ကဲ..ကဲ..ဦးချပါဦး ဆိုတော့ ကျွန်တော်…တော်တော် ကြီးကို အခက်တွေ့သွားတယ်ဗျာ။လဂွန်းအိန် အမှန်အတိုင်းပြောရရင် ရတနာ သုံးပါးကို ကိုးကွယ်တဲ့သူ၊ယုံကြည်တဲ့သူပါ။ ဒါပေမယ့် ဒီပုဂ္ဂိုလ်ပုံစံနဲ့နေပုံထိုင်ပုံတွေက တွေ့တာနဲ့ကို ဘယ်လိုမှ သံဃာဂိုဏ်းဝင် သံဃာတော် တစ်ပါးပါလို့ကို လက်ခံနိုင်စရာမရှိဘူးဖြစ်နေတော့ ခက်ပြီပေါ့ဗျာ။ အားလုံးကလည်းဝိုင်းပြီးကြည့်နေတော့ နောက်ဆုံးမသက်မသာနဲ့ပဲ စိတ်ထဲက `သံဃာတော်ကိုရှိခိုးပါ၏ ´လို့ ရွတ်ပြီး ဦးချလိုက်တယ်။ဒီတော့မှ ဒီပုဂ္ဂိုလ်လည်းကျေနပ်သွားသလို မျက်နှာပေးနဲ့ အင်းအင်းဆိုပြီး အသံပေးတော့တယ်။

နောက်ပြောတဲ့စကားတွေကလည်း တောင်ရောက်လိုက်မြောက်ရောက်လိုက်နဲ့ ဘယ်လိုမှ အစီအစဉ်မကျဘူး။ Out of the line လို့ပြောရမလားပဲ။ဒါမှမဟုတ်ရင် Out of the mind လို့ပြောရလောက်အောင်ကိုပါပဲဗျာ။ မှတ်မှတ်ရရ စိတ်ထဲစွဲသွားတာက ယောကျာင်္းပိုင်းလုံး၊မိန်းမပိုင်းလုံး..လို အရပ်စကားကြမ်းကြမ်းတွေရယ်၊ပိုဆိုးတာက သင်္ကန်းကြီးစီးပြီး အားမနာလျှာမကျိုးနဲ့ ..`မင်းတို့အသက်ငယ်ငယ်နဲ့ဘာသာရေးမလုပ်ကြနဲ့၊ဒီအရွယ်ကောင်းလေးမှာ စီးပွားရေးကိုပဲဇောက်ချသာလုပ်။ဒီအချိန်မှာ ဘာသာရေးလာလုပ်ရင် ကြောင်တောင်တောင်ဖြစ်သွားမယ်။ဂေါက်သွားမယ်..´ဆိုတဲ့စကားပါပဲ။ လဂွန်းအိန်တော့ ဒီစကားပြောတာကြားတော့မိုးကြိုးဘယ်အချိန်ခေါင်းပေါ်ကျလာမလဲဆိုပြီးကျောတွေကိုစိမ့်သွားတာပဲဗျာ။ကိုယ့်ဆရာရေ..။
စဉ်းစားကြည့်ပါဦး။ဘယ့်နှယ့်ဗျာ။သင်္ကန်းကြီးခြုံပြီး ဘာသာရေးမလုပ်နဲ့ဆိုတဲ့ သာဿနာဖျက် စကားမျိုးဘယ် သံဃာတော်က ပြောဝံ့မှာလည်း။ ဘာသာရေးဆိုတဲ့ ကိုးကွယ်ယုံကြည်မှုဆိုတာ အသက်အရွယ်နဲ့ လားလားမှ မဆိုင်တာ အားလုံးသော် သူတွေသိကြပါတယ်။ လဂွန်းအိန်လည်းသီးမခံနိုင်တော့တဲ့အဆုံး `ခွင့်ပြုပါဦး။´ဆိုပြီး ပထမကလိုပဲ သံဃာကို ရှိခိုးပါ၏ လို့စိတ်ကရွတ်ပြီး ဦးချလို့ အဲဒီနေရာက ထွက်ခဲ့လိုက်တယ်။အားလုံးကိုလည်း ကိစ္စလေးတစ်ခုရှိသေးလို့ သစွားတော့မယ်ဆိုတဲ့အကြောင်းပြပြီး ပြန်လစ်တော့တာပေါ့ဗျာ။ အိမ်ပြန်ရောက်တော့ စဉ်းစားမိတယ်။ဒီပုဂ္ဂိုလ် ဟာရူးနေတာပဲဖြစ်ရမယ်လို့။သူပြောတဲ့စကားတွေဟာ အထက်မှာရေးပြခဲ့တဲ့အတိုင်း ဘယ်လိုမှ အစီအစဉ်မကျ၊ ဘယ်လိုမှလည်းအနှစ်အရသာမရှိ။ အခြားသံဃာတော်တွေ တရားဟောတာမျိုးနဲ့လည်း နည်းနည်းမှမနီးစပ်(ခုလိုနှိုင်းပြရတာတောင် အပြစ်ရှိသလိုလိုခံစားရတယ်ဗျာ။)တာကြောင့်ပါ။နောက် ညကျမှ စောစောက ရင်ပြင်ပေါ်က ဘိုးဘိုးကြီးဆိုလား၊ဖြီးဖြီးကြီး ဆိုလား ..အဲဒါကြီးကိုသွားဆုတောင်းတဲ့ တစ်ယောက်ကိုဖုန်းဆက်မေးကြည့်လိုက်တယ်။ `မင်းတို့သွားတွေ့တဲ့ ဟာက အရူးလား´ဆိုပြီးတော့လေ။ အဲဒီလိုမေးလို့ သူပြန်ဖြေတဲ့အဖြေကို ကြားတော့မှ ပိုဆိုးတယ်ဆရာရေ။ `အာ..ဘယ်ကလာ ..သူငယ်ချင်းကလည်း။အဲဒါဓါတ်စီးနေတဲ့အချိန်မို့လို့ပေါ့။မင်းတို့က ဒါတွေကိုသိမှာမဟုတ်ပါဘူးလေ။´..တဲ့။ကောင်းကွာ။မေးမိတဲ့ ကိုယ့်ပါးစပ်တောင် ကိုယ့်ဖာသာ ပြန်ဖြတ်ရိုက်ပစ်ချင်စိတ်ပေါက်တယ်ဗျာ။နောက်ဖုံးချပြီး မှ စဉ်းစားကြည့်မိတယ်။ အရူးကြီးပြောတဲ့စကားတွေကို အရူးလေးတွေက နားထောင်နေခဲ့ကြပါလားလို့။  စိတ်လည်းမကောင်းဘူးဗျာ။ လူတွေဟာ ကိုးကွယ်ရာ ရတနာသုံးပါး အစစ်အမှန် ထင်ရှားရှိနေပါလျက်နဲ့ ဒီလို ကမျောက်ကချောက် ဟာတွေနောက်ကိုလိုက်နေရတာလဲ။ဘာကြောင့်လဲ။ဥာဏ်မှီသလောက် တွေးမိတာကတော့ အတ္တ၊လောဘ နဲ့မောဟတွေကြောင့်လို့ပဲထင်ပါတယ်။မြတ်ဘုရားဟော သလိုပါပဲ။တစ်လောကလုံးရှိတဲ့ ပုထုဇဉ် မှန်သမျှအားလုံးက အရူးတွေပဲတဲ့။ဒါကြောင့်ပဲနေမှာပေါ့။ကဲ..ကိုယ့်ဆရာတို့လည်း ၀ိုင်းစဉ်းစားပေးကြပေါ့ဗျာ။

ဤစာပါအကြောင်းအရာတို့သည် လဂွန်းအိန် မည်သော ခပ်ကြောင်ကြောင်ငနဲ၏ စိတ်ကူးယဉ်ဥာဏ်ဆင်ကာရေးသားထားခြင်းမျှသာဖြစ်ပါသည်။ အခြားဘာသာဝင်များကို စော်ကားသည့် သဘောများမပါပါ။ ထို သဘောမျိုးသက်ရောက်သွားခဲ့လျှင် ဤစာကို ပြန်ဖျက်ပေးရန်တောင်းဆိုနိုင်ပါသည်။

တစ်ယောက်တည်း ငေါင်တောင်တောင်နဲ့ လမ်းလျှောက်ထွက်လာတဲ့မနက်ခင်း တစ်ခု။ နေရောင်ခြည် ကတော့ လောကကြီးရဲ့ဘောင်ကို မေးတင်ကာ ချောင်းကြည့်နေစဲပင်ရှိသေးတယ်။ မနေ့ညက စာဖတ်ရင်း ဘယ်အချိန်က အိပ်ပျော်သွားမှန်းမသိ၊အစောကြီးနိုးနှင့်နေပြီးဘာမှမယ်မယ်ရရလည်းလုပ်ရန်မရှိ၊လုပ်နိုင်ကိုင်နိုင်သည့်အနေအထားတွင်လည်း
မရှိတော့ ပျင်းရိပျင်းတွဲ နှင့်ဖြစ်နေတာလေးတွေလမ်းထွက်လျှောက်လိုက်ရင်များ ကောင်းသွားမလားဆိုတဲ့ အတွေး ချွန်ချွန်လေးတွေးပြီး အနွေးထည်အစုတ်လေးကိုထပ်ဝတ်ပြီး အိမ်မှထွက်လိုက်တယ်ဗျာ။ မနက်က ကောင်းကောင်းမလင်းနိုင်သေးတော့ ဒီလို နယ်မြို့လေးအတွက် လမ်းပေါ်မှာ လူသူရှင်းနေစဲပဲလေ။ အိမ်တံခါးပေါက်အပြင်မှ ကြိုနေနှင့်တဲ့ လတ်ဆတတဲ့လေနုအေး တွေကို အဆုတ်ထဲ အရောက်အားရပါးရ ရှိုက်သွင်းလိုက်ရင်း ခြေလှမ်းတွေကို စတင်ပြီး လှမ်းကြွလိုက်တော့တယ်ဆိုပါတော့။ဒါကျွန်တော့ရဲ့ မနက်ခင်းလမ်းလျှောက်ထွက်ခြင်းပေါ့ဗျာ။

နေထိုင်ရာလမ်းကြားလေးကအထွက် လမ်းမကြီးပေါ်အရောက်တော့ ရှေ့မှာ ငိုက်စိုက်ငိုက်စိုက်နှင့် အိပ်ချင်မူးတူး ပုံစံနှင့်လျှောက်နေတဲ့လူကြီး တစ်ယောက် ကိုလှမ်းတွေ့လိုက်ရတယ်။ ဘာရယ်မဟုတ်ပေမယ့် ကိုယ့်ဆရာရယ်.. ဒီမြို့ကမဟုတ်တာသေချာတယ်ဆိုတဲ့အသိ၊ ရန်သူမိတ်ဆွေ မခွဲခြားနိုင်သေးတဲ့ သတိတွေ ကြောင့်အရေးမစိုက်ဘဲ (အမှန်က အရေးမစိုက်ချင်ယောင်ဆောင်တာပါ။)ခြေလှမ်းမြန်မြန်  ဖြင့်ကျော်တက်လိုက်တယ်။  သိပ်မကြာတဲ့အချိန်
လေးမှာပဲ..နောက်ဖက်က `ဟေ့..လူလေး.. ငါ့ကိုစောင့်ပါဦးကွာ၊ ငါတစ်ယောက်တည်းလျှောက်ရတာပျင်းဖို့ ကောင်းပါတယ်ကွာ၊ ဒို့နှစ်ယောက်အတူလျှောက်ကြရအောင်´ ဆိုပြီး နွေးထွေးသည့်ဖိတ်ခေါ်သံကို ကြားလိုက်ရတယ်ဗျာ။မထူးတော့၊ ဒီလို နွေးထွေးသည့်အသံပိုင်ရှင်ဟာအန္တာရာယ်ပေးမယ့်သူမဖြစ်နိုင်ဘူးဆိုတဲ့ခပ် နုံနုံ အတွေးနဲ့ ပုဂ္ဂိုလ်ကို လေ့လာဖို့ရပ်နေရာကနောက်လှည့်ပြီး သမင်လည်ပြန်ကြည့်လိုက်တယ်။ လူပုံကတော့ အကြမ်းဖြင်းပြောရရင်တော့ အသက်အရွယ်အားဖြင့် ပင်စင်စားအရွယ်လောက်အသက်ကြီးပိုင်း၊ ဂျာကင် အနွမ်းလေးတစ်ထည်ကို ၀တ်ထားပြီးဘောင်းဘီထူထူနဲ့ ကျွန်တော့ထက်စာလျှင်တော့ သားနား သပ်ရပ်နေတာသေချာသလိုရှိနေတယ်ကိုယ့်ဆရာ။မျက်နှာက အိပ်ချင်စိတ်မပြေသေးပုံပဲဗျ။

အနားရောက်တော့ ပုဂ္ဂိုလ်က `မောင်ရင်လေးလည်း တစ်ယောက်တည်းမဟုတ်ဘူးမလားကွယ်။ဦးတို့နှစ်ယောက် အတူတူ လမ်းလျှောက်ကြတာပေါ့။နောက်စကားလေးဘာလေးပြောရင်းလျှောက်တော့စိတ်လည်းလန်းဆန်းတာပေါ့လေ..´တဲ့။ငြင်းဆန်
ရန်ခက်ခဲတဲ့လူကြီးလူကောင်းဆန်ဆန်ကမ်းလှမ်းမှုတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်လိုက်ပြီးမသိစိတ်ကလည်း
ကျေနပ်စွာလက်ခံမိလိုက်တယ်လေ။အတူတူလျှောက်လို့ရင်ဘောင်တန်းမိချိန်တော့..စကားစပြောဖို့ဘာပြောလျှင်ကောင်း
မည်ကိုတွေးနေစဲပဲလူကြီးက`မောင်ရင်ဘာဘာသာကိုးကွယ်လည်း´တဲ့`ကျွန်တော်ဘာဘာသာလည်း၊ဒါအရေးမကြီးပါ
ဘူးလေ။အရေးကြီးတာကျွန်တော်တို့နှစ်ယောက်အတူလမ်းလျှောက်ထွက်နေတာပေါ့။ဟုတ်တယ်မလားဗျာ။´
စကားအဆုံးမှာလူကြီးကဘ၀င်မကျဟန်နဲ့`ဒီလိုတော့လည်းဘယ်ဟုတ်မလဲကွယ်။ ဦးကသိချင်တာတစ်ခုတည်းပါ။
ဒါနဲ့မောင်ရင်ဘုရားသခင်ရှိတယ်ဆိုတာယုံလား။´ …တဲ့။`ယုံတယ်တော့မဟုတ်ဘူးပေါ့ဗျာ။ရှိချင်လည်းရှိမှာပေါ့။
မရှိရင်လည်းမရှိလို့ပေါ့။ကျွန်တော်စိတ်ထဲမှာဒီအတွက်အသင့်ထုတ်ပိုးပြီးတဲ့အဖြေမရှိတာပဲကျွန်တော်ဖြေနိုင်မယ်
ထင်ပါတယ်။အဲ..ရှိခဲ့ရင်တော့ဦးလိုအသက်ကြီးပိုင်းပင်စင်စားအရွယ်လောက်ဖြစ်နိုင်မယ်ထင်တယ်ဗျ။´..`ဟင်..ဟုတ်လား။
ဘာလို့လည်း..မောင်ရင်လေးကမြင်ဖူးတယ်လား။´`မြင်ဘူးတယ်တော့မဟုတ်ပါဘူးဗျာ။စိတ်ကူးနဲ့မှန်းဆကြည့်
တာပေါ့။ဦးပဲစဉ်းစားကြည့်လေ။ဧဒင်ဥယျာဉ်ဆိုတဲ့ခြံကြီးကိုဖန်ဆင်းတယ်ဆိုတော့ သူဟာပင်စင်စားတစ်ယောက်အနေ
နဲ့ခြံစိုက်ပြီးအပန်းဖြေချင်လို့ပဲနေမှာပေါ့။´`ဟား..ဟား..ဟား..မောင်ရင့်အတွေးအခေါ်မဆိုးဘူး။ဖြစ်နိုင်ခြေရှိတယ်။
ဟား..ဟား…ဟား။´သဘောကျစွာရီမောပြီးနောက်..`ဒီလိုကွယ့်မောင်ရင်ရဲ့..ဘုရားသခင်ဟာဘယ်အရာကိုမဆို
ဖန်တီးနိုင်တယ်။ဖျက်ဆီးနိုင်တယ်။ဖန်ဆင်းနိုင်တယ်။ဖျောက်ဖျက်နိုင်တယ်လေကွယ်။ဖန်ဆင်းနိုင်တယ်ဆိုတဲ့
ဥပမာအနေနဲ့မောင်ရင်ပြောသလို ပင်စင်စားဖိုးကြီးတစ်ယောက်အနေနဲ့လည်းပါတာပေါ့ကွယ်။ဟုတ်ပြီလား။´….တဲ့လေ။

ကိုယ့်ဆရာရေ..ကျွန်တော် ကျောထဲမှာ စိမ့်ခနဲခံစားလိုက်ရတယ်။ဒီလူကြီးဟာ ဘုရားသခင်လား။တစ်ကယ်လားဆိုပြီးမလုံတဲ့ အတွေးတွေနဲ့ လူကြီးကိုလှည့်ကြည့်မိလိုက်တယ်။ လူကြီးက `အမှန်ဘဲ မောင်ရင်။မင်းဘာတွေတွေးနေသလဲဆိုတာ ဦးသိပါတယ်။ဦးဟာ ဘုရားသခင်ပါပဲ။´..တဲ့။ကြည့်စမ်း… ထူးဆန်းပေစွ၊သောက်ကျိုးနဲ့။ငါဘုရားသခင်နဲ့ အတူတူ လမ်းလျှောက်ထွက်ရပြီပေါ့လေ။
`ဒါနဲ့..ပွင့်ပွင့်လင်းလင်း မေးရဦးမယ်ကွယ်။မောင်ရင် ..ဘုရားသခင်ကို၊ အဲ..ဦးကိုပဲဆိုပါတော့..ယုံသလား။မယုံကြည်ဘူးလား။
မောင်ရင့်အဖြေလေးတစ်စိတ်လောက်..´အနုနည်းနဲ့အဖြေတောင်းချေပြီ။ကောင်မလေးတော့မဟုတ် ..သို့သော်ရင်ခုန်မိတာတော့အမှန်ပဲဗျာ..ဘုရားသခင်ကမေးနေတာကိုး..။သူ့ကိုယုံလား၊မယုံဘူးလားတဲ့..။ခက်ချေပြီ။လူကြုံနှင့်
မေးလာလျှင်တော့ငြင်းကောင်း ငြင်းလိုက်နိုင်သည်။ဒါမှမဟုတ် ငြင်းရန် အားနာဖို့ရန်မလို။ခုတော့ သူကိုယ်တိုင်က လာမေးနေတော့
ငြင်းရခက်ကြီးဆိုသလိုဖြစ်နေပြီ်။ဒီလိုအခြေအနေမျိုးကိုယ့်ဆရာကြုံဘူးမလားမသိဘူးဗျာ။ဒါပေမယ့်ကောင်မလေးတွေတော့ ပိုနားလည်နိုင်မယ်ထင်တယ်။သူတို့ကအဖြေတောင်းခံရနေကြဟုတ်ဘူးလား။ဒါနဲ့ကျွန်တော်လည်း`နေပါဦးဗျာ။ကျွန်တော် ဦးကိုယုံတယ်မယုံဘူးဆိုတာဦးအတွက်..အဲ..ဘုရားသခင်၊ဆောရီးဗျာ..။´`ရပါတယ်မောင်ရင်၊မင်းအမြင်ထဲမှာ ဦးလေးကြီးဆိုတော့၊ဦးလို့ပဲခေါ်ပါ၊ရပါတယ်။´..တဲ့။အလဲ့..တယ်သဘောကောင်းတဲ့ဘုရားသခင်ပါလား..လို့တွေးကာပြုံးမိ
လိုက်သည်။`ဟုတ်တာပေါ့၊မောင်ရင်ရယ်။ဦးကအနတ္တမေတ္တာရှင်၊ဂရုဏာရှင်မလား။မောင်ရင် သဘောရှိအတိုင်းခေါ်ပါ။´..တဲ့။
ကျွန်တော်ကျေနပ်သွားတယ်ဗျာ…တော်တော်စည်းရုံးရေးကောင်းတဲ့ဘုရားသခင်ပဲ လို့လည်းတွေးမိလိုက်တယ်။`ဟုတ်ကဲ့၊ဒါဆို ခုန ကမေးတဲ့အတိုင်း ကျွန်တော် ဦးကို ယုံတာ၊မယုံတာ က ဦးအတွက် ဘယ်လောက်များအရေးကြီးတယ်ဆိုတာပေါ့နော်။ကျွန်တော် က သာမန်လူတစ်ယောက်ပါ။ဘာကြောင့် ကျွန်တော့်ကိုဒီလိုမေးရတာလဲပေါ့ဗျာ။´ `ဟား..ဟား..ဟား..၊ဦးကိုဒီလိုပြန်မေးတာ မင်းတစ်ယောက်ပဲရှိသေးတယ်၊ကျန်တဲ့လူတွေက ဦးဟာ ဘုရားသခင်လို့ပြောလိုက်တာနဲ့ တန်းပြီးတော့ကို ယုံပါတယ်ဆိုပြီး ဖြေတော့တာပဲ။မောင်ရင်ကတော့ မတူဘူး၊အဲ..မလွယ်ဘူးဆို ရင်ပိုမှန်မယ်။ ကဲ..အမေးရှိရင်လည်း အဖြေရှိရမှာပေါ့။ ဦးက လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးပွားများဖို့ အခွင့်အရေး၊ နောက်သေဆုံးစေချင်းပြစ်ဒဏ် ..နောက်နောင်တစ်ချိန်မှာ ထူထောင်မယ့်
ကောင်းကင်နိုင်ငံတော်.. အစရှိသည်ပေါ့ကွယ်။ဒါတွေကိုတော့ စာဖတ်များတဲ့ မောင်ရင်သိပြီးသားပါ။ဦးသိပါတယ်။ဒီတော့ ..ဦးချမှတ်ထားတဲ့လမ်းစဉ်၊ ဦးတည်ဆောက်ထားတဲ့ သဘောတရားတွေဟာ ဘယ်လောက်အတိုင်းအတာထိ ခိုင်မာနေသေးလဲ၊ဘယ်လောက်ထိလူတွေပေါ်ကိုလွမ်းမိုးနိုင်လည်းဆိုတာကို သိချင်တာ၊ဒါကတစ်ချက်ပေါ့။နောက်တစ်ချက်အနေနဲ့ မောင်ရင့်လို စာဖတ်နာတဲ့ ဘာသာခြားတစ်ယောက် က ဦးအပေါ်မြင်တဲ့အမြင်၊အဲဒါလေးပေါ့နော်..။ဘာသာခြားအနေနဲ့ မမေးဘူးတာကြောင့်လည်းပါတယ်လေကွယ်။အရင်မေးခဲ့တဲ့လူတွေက ဦးကို နက်နက်ရှိုင်းရှိုင်း မဟုတ်တောင်မှ အတော်အသင့် ယုံကြည်တဲ့ ဦးဘာသာဝင်တွေဖြစ်ကြတော့ ဦးအတွက် သူတို့တစ်တွေရဲ့အဖြေက ထပ်တူနီးပါးတူညီကြတယ်ကွယ်။ ဒါကြောင့်မောင်ရင့်လို ဘာသာခြားတစ်ယောက်ရဲ့ အမြင်၊အတွေးလေးကို သိချင်တာပေါ့။´ဘုရားသခင်လည်းသို့ကလို့ရှည်လျား
စွာရှင်းပြပြီးနောက်မောပန်းသွားဟန်နဲ့ခဏငြိမ်ပြီးရပ်နေတယ်ဗျာ။သူ့ကြည့်ရတာမောနေတယ်ထင်တယ်ဗျ။
`သြော်..ဘုရားသခင်လည်းမောတတ်သားပဲ´ဆိုတဲ့အတွေးလေးတွေးမိလိုက်ပြီး`အဲ..မဖြစ်ဘူး။ငါတွေးတာဘာလဲဆိုတာ သူသိတယ်။´ဆိုတဲ့အတွေးနဲ့ စောစောကအတွေးကို မောင်းထုတ်လိုက်ရတယ်။ဒါပေမယ့်မမီတောဘူး ကိုယ့်ဆရာရေ..။
`ဟုတ်တာပေါ့မောင်ရင်ရယ်။ဦးလည်း အသက်ကြီးပြီလေကွယ်။´…တဲ့။ ဟိုက်ရှားလဘား…. ဘုရားသခင်က အသက်ကြီးတတ်တယ်လား။စိတ်ထဲမှာဇဝေဇ၀ါနဲ့ ဘုရားသခင်ကို ထူးဆန်းစွာ ဒုတိယံမိ ပြန်ကြည့်မိတယ်။ ဘုရားသခင်ကတော့ ခပ်ပြုံးပြုံးပဲ။နောက်..`ကဲ..မောင်ရင်။မင်းအဖြေကိုဦးစောင့်နေတယ်ကွာ။မြန်မြန်လေး၊ပလိစ်။´…တဲ့။ဘယ်လိုလဲ။ကိုယ့်လူ။ယုံတယ်
ပြောလိုက်ရမှာလား။မယုံဘူးပြောလိုက်ရမှာလား။

ကျွန်တော်စဉ်းစားတယ်။ဘာပြန်ပြောရမလည်း။ကျွန်တော်ဆိုတဲ့လူကလည်း ယန်းပေါဆက်တို့၊အဲလ်ဘက်ကမူးတို့၊ အက်ဆက်နယူတန်တို့၊..အစရှိသဖြင့် ..ဘာတို့ညာတို့ဆိုတဲ့ အကြီးကြီးတွေရဲ့စာတွေကို မတောက်တခေါက်ဖတ်ပြီး သူတို့လိုပဲ ဘာကိုမှ လွယ်လွယ်မယုံပဲ သံသယ၀င်တတ်တဲ့ခပ်ကြောင်ကြောင်ကောင်မလားဗျာ။ဒီတော့ …`နေပါဦး..ဦး။ ဦးက အရာရာတိုင်းကို ဖန်တီးနိုင်တယ်။ဖျက်ဆီးနိုင်တယ်…ဆိုတော့ ဦးမလုပ်နိုင်၊မဖန်တီးနိုင်တာမရှိဘူးလို့ဆိုလိုတာပေါ့နော်။´ ဒီလိုမေးတော့ ဘုရားသခင်က မိန့်မိန့်ကြီးပြုံးပြီး..`ဒါပေါ့ကွယ်၊မောင်ရင်ရယ်။´..တဲ့။ ..ကဲ..ဒီတစ်ခါတော့ ငါ့အလှည့်ပဲကွဆိုတဲ့ အတွေးနဲ့ မေးဖို့စကားလုံးရှာ
ကြည့်တယ်။ ဘုရားသခင်ကတော့ ကျွန်တော်ဘာစဉ်းစားနေလည်းဆိုတာကို လိုက်စုံစမ်းနေတယ်နဲ့တူတယ်။ကျွန်တော့်ကိုမျက်တောင်မခတ်တမ်း ကြည့်လို့ဗျာ။ရီရတယ်နော်ကိုယ့်ဆရာ..။ဟဲ..ဟဲ..ဟဲ..။

`ဦးဟာအရာရာကိုဖန်ဆင်းနိုင်တယ်။လုပ်နိုင်စွမ်းရှိတယ်ဆိုရင်ကျွန်တော်တစ်ခုမေးပါရစေ။ဦး..ကိုယ့်ကိုကိုယ်
သတ်သေဖို့ကြိုးစားဖူးလား။စဉ်းစားဖူးလား။သတ်သေနိုင်သေလို့အာမခံနိုင်လား..။တစ်နည်းမေးရရင် ဦးကိုယ့်ကိုကိုယ်သတ်သေလို့ရနိုင်လားဆိုပါတော့´ကျွန်တော့အမေးအဆုံးမှာတော့ဘုရားသခင်မျက်နှာကတစ်မျိုး
ကြီးဖြစ်သွားတယ်ကိုယ့်ဆရာရေ။သူဇဝေဇ၀ါဖြစ်သွားတဲ့ပုံပဲဗျ။နောက်တော့ ကျွန်တော့်ကိုတွေတွေလေးကြည့်ပြီး..ဖြုန်းဆို ကျွန်တော့်ရှေ့က ၊ကျွန်တော့် မြင်ကွင်းက ပျောက်ခြင်းမလှ ပျောက်သွားရောဗျာ။ … ပြန်မတွေ့တော့တာ ခုချိန်ထိပဲ
ဆိုကြပါတော့လေ။

ကမ္ဘာဦးစ ထိုကာလက
ဧဒင်ဆိုတဲ့ ဥယျာဉ်ခြံကြီး
အထဲမှာတော့ အတွဲတစ်တွဲ
အေးလူပျော်ရွင် ချစ်ခင်ကြ၏….တဲ့

တစ်နေ့သောအခါ
မာရ်နတ်စေညွန်း တော်ကီမွန်း၍
အသက်ပန်းသီး ငတ်ကြီးကျလေသော်
ပူပင်ရောက်ရ ဂေါ့ဒ်ဘုရားဒေါပွ၏….တဲ့။

ထိုထိုပြစ်ချက် ရုံးမတက်ပဲ
ချက်ချင်းစီရင် မြိုင်မှနှင်သဖြင့်
အာဒံ၊ဧ၀ တောက်တောက်ယိုကာ
တောင်းပန်လည်းမရ ခြေလျင်ညောင်းကြ၏….တဲ့။

ဤလင်မယား ကိစ္စများကာ
သားနှင့်သမီး၊မြေးမြစ်တီတွက်
တစ်ပြွတ်ပြွတ်နှင့် မဆုံးသံသရာရှည်သောခါ
လူသားမျိုးနွယ် အပြားကျယ်လေ၏….တဲ့။

ယခုခေတ်ခါ ရန်ကုန်မြို့ကြီး
မြို့တက်တောသား အူကြောင်ကြား
ရရာအလုပ်ဖွေရှာလုပ်သော်
အရောင်းဌာန နေရာကျ၏….တဲ့။

ရာထူးစာရေး ခိုင်းတော့အစုံ
သူဌေးတူမ အပျိုလှနှင့်
မျက်စောင်းချင်းချိတ်
နှလုံးသားချင်း ဒိတ်လေ၏….တဲ့။

ထိုထိုသတင်း သူဌေးမင်းကြား၍
ဒေါသမျက်ကြီး ဆူပူဆောင့်လျက်
နှစ်ပြားမတန် သူဆက်ဆံကာ
ရာထူးမှနုတ် အလုပ်ဖြုတ်တော့၏….တဲ့။

ငါ့လက်ရောက်မည့် ထိုပန်းသီး
မစားပဲအဝေးမှသာ မျှော်ရရှာသည်
အပြစ်လည်းမရှိ ငိုင်သည့်ငတုံး
နာမည်မေးသော် လဂွန်းအိန်ဆို၏….တဲ့။


ချစ်သူ………..
မင်း ..သစ်သားမီးခြစ်ဗူးလေးတွေအကြောင်းကိုသိလား…။

သူတို့ဟာ လူတွေအလင်းကိုထွန်းညှိဖို့၊အပူကိုရရှိနိုင်ဖို့…
သူတို့ရဲ့ အသွေးအသား၊အတွင်းကလီစာတွေကိုထုတ်ပေးရရှာတယ်၊
သူတို့ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရတွေ ဖြစ်ခွင့်ပေးပြီးပေးဆပ်ရှာတယ်။

ဒါပေမယ့် ချစ်သူရယ်…….
သူတို့ကိုယ်ထဲက အသွေးအသားတွေကုန်သွားတဲ့အခါ
သူတို့ခန္ဓကိုယ်မှာ အနာတွေဗလပွနဲ့ စုတ်ပြတ်သတ်သွားတဲ့အချိန်ကျတော့…..
လူတွေက သူတို့လေးတွေကို လွယ်လင့်တကူပဲ စွန့်ပစ်လိုက်ကြတယ်လေ။

ချစ်တဲ့သူရယ်…
ကိုယ်ဟာ မင်းရဲ့ဘ၀ မှာ မီးခြစ်ဗူးလေးတစ်ဗူးအဖြစ် သဘောထားပြီးစွန့်ခွာခံရတော့မှာလားကွာ။

လူနှင့်မျောက်တို့၏ ခြားနားချက်၊ကွာဟပုံတို့ကို သုတေသန လုပ်ရန် အတွက် ကုပ္မဏီကြီးတစ်ခုက သိပ္ပံပညာရှင်မည်သော အူကြောင်ကြား၊ငပျင်းကြီးတစ်ဦးအား ရန်ပုံငွေများပုံအော ပေးသည်ဟူ၏။ ထိုသိပ္ပံ ပညာရှင်ကြီးလည်း အစပိုင်းတွင်နေ့ညမဟူ ကြိုးကုပ် ကာလေ့လာခြင်း၊ရှာဖွေထောက်လှမ်းခြင်းအမှုတို့ကို လုပ်ပါသော်လည်း ထိုကဲ့သို့သောအကြောင်းအရာများမှာ ရှေးဦးမစွကပင် အခြားအခြားသော ပညာရှင်အမည်ခံ အူကြောင်ကြားများက လက်ဦးမှုရယူ၍ရှာဖွေပြီးဖြစ်ရကား ကျွန်ုပ်တို့၏ လူပျင်း၊လူထူကြီးအတွက် အထွေအထူး ဖော်ထုပ်တင်ပြရန်မကျန်တော့ပေ။ သို့သော် ထိုကဲ့သို့အဖြစ်မှန်ကို အမှန်အတိုင်း တင်ပြလိုက်
သည်ရှိသော် ပုံမှန်လေးရနေသော ရန်ပုံငွေ ပြတ်တောက်ခြင်း၊ဖြတ်တောက်ခြင်းခံရမည်ဟူသောအတွေးလက်လက်ဖြင့် စိုသောလက်မခြောက်စေရန် အတွက်အရှည်ကိုရည်မျှော်လျက် ကုပ္မဏီ ပိုင်ရှင်တစ်စုအား …. “မိမိအနေဖြင့် အပူတပြင်း၊အပတ်တကုပ် ကြိုးစားသုတေသန ပြုကာနေလျက်ရှိပါကြောင်း၊မကြာမှီ ကာလတစ်ခုတွင် ချားလ်စ်ဒါဝင်၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်ကောက်ယူချက်၊ နယူတန်၏ ရူပဗေဒ ဆန်းခေတ်ရှာဖွေတွေ့ရှိချက်၊ အဲလ်ဘတ်အိုင်းစတိန်း၏ ပြန်လှန်ကျိုးကြောင်းစပ်ဆက်မှုသဘောဖော်ထုတ်နိုင်ခဲ့မှု များနှင့်မနီးယိုးစွဲ ကြီးကျယ်ခမ်းနားနိုင်သော ခေတ်သစ်ရှာဖွေတွေ့ရှိမှုကြီးတစ်ပါးနှင့် မိမိကြားတွင် အလွှာပါးလေးသာခြားတော့ သယောင်ယောင်”…. ညာရွှီး ချွေးသိပ်အချိုသပ်ကာချူနေလေတော့သည်။တစ်နေ့တစ်နေ့ ရုံးခန်းသို့လာကာ ကော်ဖီသောက်ခြင်း၊ လက်ထောက်များ အတင်းပြော၊ငြင်းခုန်သည်ကိုအကြီးအကဲတစ်ဦးအနေဖြင့် ဒိုင်အဖြစ်ခံယူကာဆုံးဖြတ်ပေးခြင်း၊အချိန်တန်လျှင် နေ့လည်စာ၊ညနေစာတို့ကို အရန်သင့်ခူးခတ်စားကာ အာဟာရဖြည့်ခြင်း၊နေ့လည်နေ့ခင်းအချိန်များတွင် အင်အားဖြစ်စေရန် တစ်ရေးတစ်မောမျှခလောခေါ်အိပ်စက်ခြင်းစသည်စသည်တို့ဖြင့်သုတေသနလုပ်ငန်းကြီးကို အပြင်းအထန်လည်ပတ်လျက်ရှိရာ များမကြာသောကာလတစ်ခုအရောက်တွင်……

ကျွန်ုပ်တို့၏ဇာတ်လိုက်ကျော် အူတူကြောင်တောင် ပညာရှင်ကြီးတစ်ယောက်အိပ်စက်ခြင်းမှနိုးလတ်သောခဏတွင် မိမိဖင်ညှောင့်ရိုးနေရာတွင်အမြှီးပေါက်စ လေးတစ်ခု ခုလုခုလု နှင့် နေရာယူပေါက်ရောက်လျက်ရှိကြောင်းကို အံ့အားသင့်ဖွယ် ရှာဖွေဖော်ထုပ်နိုင်လိုက်လေတော့သည်။ဥာဏ်အလွှာကို သေချာဖြတ်သုံးလေသော် လူနှင့်မျောက်တို့အကြား အလွန်နီးစပ်ပါလျက်မတူညီကွဲပြားရခြင်း၏ အရင်းအမြစ်ကို ထင်ရှားစွာ သိမြင်သွားလေတော့သည်ဟူ၏။ငှင်းမှာ အခြားမဟုတ် အလုပ် ဟူသော အရာပင်တည်း။လူတို့တွင် အလုပ်ဟူသောကိစ္စအ၀၀ တို့ကို နေ့စဉ်နှင့်အမျှခြေလက်မနားဆောင်ရွက်ခြင်းကြောင့် အမြှီးဟူသောမလိုလားအပ်သည့် ရမ်းခါရမ်းခါ ပစ္စည်းမှာ မပေါက်ရောက်နိုင်(သို့မဟုတ်) ပပျောက်ခြင်းလည်းဖြစ်နိုင်ပေသည်။ ထိုမှဆန့်ကျင်ဖက်တွေးရသော်မျောက်ဟူသောသတ္တ၀ါကားအိပ်၊စား၊ကာမ ထိုသုံးဝ မှတစ်ပါးအခြားသော အလုပ်တာဝန်ဟူသည်စိုးစဉ်းမှ မထမ်းဆောင်ရကားအမြှီးရှိရခြင်း၏အကြောင်းတရားဟုယူသော်ရကောင်း၏ဟုဥာဏ်အလျင်တွင်ထင်လင်းစွာ တွေ့လေသည်။ထိုနောက် အချိန်စက္ကန့်မဆိုင်း ကုမ္ပဏီ ပိုင်ရှင်ကြီးထံအရောက်လှမ်းကာ မိမိ၏ မဟာ့မဟာ တွေ့ရှိမှုကြီးကို ၀မ်းသာအားရ လေပေးရန် ချီလှမ်းလေတော့သည်။

နောက်ကုမ္ပဏီ ပိုင်ရှင်မည်သော လူကြီးမင်းရုံးခန်းပေါက်ဝ အရောက် တံခါးမခေါက်၊ခွင့်မတောင်းပဲ ၀င်လေရာ အတွင်းတွင် …လူတစ်ရပ်နီးပါးမျှအရှည်ရှိသော အမြှီးတစ်ချောင်းကို ခါးပတ်အဖြစ်ပတ်ကာဘောင်းဘီပြင်ဝတ်ရန်ကြိုးစားလျက်ရှိသည့် လူကြီးမင်း ကိုထင်ရှားစွာတွေ့လိုက်ရပါလေတော့သတည်း..။

လက်ဘက်ရည်ဆိုင်လေးအတွင်းဝယ်..လူရှင်းနေစဲပင်။ခြောက်ကပ်ကပ်နှင့်ရှိနေတုန်း။တစ်ယောက်ထဲသောစား
သုံးသူအဖြစ်ရှိနေသောလူလတ်ပိုင်းတစ်ဦးထိုင်နေသောစာပွဲဝိုင်းလေးသို့ အသက် ၂၀ ၀န်းကျင်ရှိလူရွယ်တစ်ဦး
ရောက်လာပြီး ခွင့်မတောင်းပဲထိုင်ကာ……..

အချစ်ဆိုတဲ့အရာကိုအတောင်ပံမပါဟုနားလည်ထားလျှင်မှားပါလိမ့်မယ်၊မိတ်ဆွေ။သူ့မှာအတောင်ပံရှိတယ်ဆိုတာ
ကျွန်တော်သိတာသိပ်မကြာသေးဘူးဗျ။မိတ်ဆွေကြည့်ရတာကျွန်တော်ပြောတာသိပ်မယုံသလိုပဲ။ရပါတယ်။ကျွန်
တော်ပြောတာကိုကအဆန်းကြီးလိုလိုဖြစ်နေတာကိုး..နော်။(……….)ဟုတ်တယ်ဗျ။အဲဒီ..အချစ်ဆိုတာကြီးကကျွန်
တော့်ဆီကိုဗြုန်းဆိုဝင်လာတာလေ။မတော်တဆ၀င်တိုက်မိတယ်လို့ပြောရင်လည်းမမှားဘူး။အဲ..မှားတယ်လို့ပြော
ရင်လည်းရနိုင်တယ်။(ဘာတွေလဲဟ..ဒီငကြောင်။)မတော်တဆဆိုတဲ့ဟာကရာနှုံးပြည့်မှန်ပါတယ်။ဒါပေမယ့်”ဗြုန်း”
ဆိုတာကြီးကတော့မမှန်ဘူးဗျ။သူကလိပ်ပြာလေးတစ်ကောင်ကိုး..နော်။အဲလိုဗြုန်းဆိုပြီးဘယ်လာပါ့မလဲ။သူ့ရဲ့အ
တောင်ပံလေးနှစ်ဖက်ကို”ဖက်လက်..ဖက်လက်”နဲ့ပျံပြီးလာတာပေါ့။(သွားရှာပြီ။)နားရှုပ်သွားပြီထင်တာပဲ။ဟဲ..ဟဲ။
အားမနာပါနဲ့ဗျာ။ ခင်ဗျားမျက်နှာကြီးကို ကြည့်ပြီးကျွန်တော်နားလည်ပါတယ်။နားရှုပ်တယ်ဆိုရင်ရှင်းပြရမှာပေါ့။
(ဒီနေ့တော့ ပြဿဒါးပဲဟေ့။)

ဇာတ်လမ်းအစကဒီလိုဗျ။ဧပြီနွေရဲ့နေ့လည်ခင်းတစ်ခုပေါ့။(ကဗျာမဆန်လိုက်တာ။သူများတွေကဒီဇင်ဘာနံနက်ခင်း
တွေ၊ဘာတွေနဲ့စတာ။သူ့ကျမှ…ထွီ။)ဟိုး။နားထောင်ပါဦး။အအေးဆိုင်လေးတစ်ခုမှာကျွန်တော်ထိုင်နေတုန်းမှာပေါ့။ သိပ်လှတယ်လို့ပြောလို့ရတဲ့မိန်းကလေးတစ်ယောက်အဲဒီအအေးဆိုင်လေးထဲကိုဝင်လာတယ်။တစ်ကယ်ဗျာ။သူ့
အင်္ကျီလက်လေးနှစ်ဖက်က…ဘယ်လိုပြောရမလဲဗျာ။ကျွန်တော်ကလည်းမိန်းမ၀တ်အင်္ကျီတွေနဲသိပ်မရင်းနှီးဘူးဗျ။
(ညံ့ချက်ကကွာ။နိုးတူးပဲထင်တယ်။)သြော်..သိဘီ။သိဘီ။လက်နှစ်ဖက်ကခေါင်းလောင်းပုံလေးလိုလေ။အဲဒါမျိုးပေါ့။
ဒါပေမယ့်ကျုပ်မျက်လုံးတွေထဲမှာတော့သူကတော်တော်ကိုလှနေတာဗျ။ကြည်အေးနေတာပဲ၊သိလား။(အင်း..ဒီအ
ရူးတော့အမဲသားနှပ်နဲ့တိုးခဲ့ချေပြီ။)အဲ.သူ့အင်္ကင်္ျီလေးကအ၀ါရောင်လေး၊နောက်အပြာရောင်လည်းနည်းနည်းပါ
တယ်။(သြော်.သြော်.ဆက်ပါဦးမပြောလည်းဆက်လေထွားဦးမယ့်ရုပ်ပါပဲလေ။)ခင်ဗျားပဲစဉ်းစားကြည့်ပေါ့။ဒီတော့
လမ်းလျှောက်တိုင်းခြေတစ်လှမ်းလှမ်းလိုက်တိုင်းတောင်ပံခတ်သလိုမျိုးလေးနဲ့၊ခင်ဗျားကောမျက်စိထဲမြင်ပြီလား။
ကျွန်တော်ကတော့ မျက်စိထဲကကိုခုထိမထွက်သေးဘူးဗျ။(ဖြစ်ရလေ။..)

နောက်သူက၀င်လာပြီးကျွန်တော်နဲ့မလှမ်းမကမ်းမှာထိုင်ပြီးအအေးတစ်ခွက်မှာသောက်တယ်ဆရာ။(အလဲ့..ဒီ
ကောင်ကငါ့ကိုဆရာတွေ၊ဘာတွေခေါ်လို့..မဆိုးဘူးတိုးတက်လာပြီ။ဟင်း..ဟင်း..။)အို….မျက်နှာလေးကလေ။
ကြည်ရှင်းပြီးအေးမြနေတာပဲဗျာ။(ဘာလည်း..ရေခဲတုန်းကြီးလားဟ..။)ထိုင်နေပုံလေးကလဲလေ၊ကျက်သရေအ
ပြည့်၊အပြည့်ဆိုမှအပြည့်။အအေးသောက်နေတာလေးကလဲလေဗျာ..။ဟို…ဟို..ဘယ်လိုပြောရပါ့။(မပြောပါနဲ့
တော့ကွာ။..တော်ပါတော့။)အဲဒီလိုပဲမှတ်လိုက်တော့ဗျာ.နော်။ကျွန်တော်ဆိုလိုတာမိတ်ဆွေနားလည်တယ်မလား။ အိုကေနော်။ဟုတ်ပြီဗျာ.ဟေ့LONDONတစ်ပွဲလောက်ကွာ..ညီ။(အစောကတည်းကမှာရောပေါ့။)သောက်ပါဗျာ။
သြော်..ဟေ့..မီးခြစ်ပေးပါဦးကွာ။ခဏလေး..ကျွန်တော်ပြောတာဘယ်နားရောက်သွားပြီလဲ။…သြော်..သူအအေး
သောက်တာနော်..။ဟုတ်တယ်။သူအအေးသောက်နေတာ။သူအအေးသောက်နေပုံလေးကကြည့်ကောင်းလွန်းလို့
ဗျာ။ကျွန်တော့ခွက်ထဲကအအေးတွေကုန်တဲ့အထိ၊ဟုတ်ဘူး၊အအေးတွေကုန်တာတောင်မသိဘဲလေတွေစုတ်တဲ့
အသံကြားတဲ့အထိကိုကျွန်တော်တစ်မေ့တစ်မောသောက်မိသွားတယ်။အဲဒါပေါ့ဗျာ။အဲလိုကြောင့်သူကရုတ်တ
ရက်ပဲကျွန်တော့်ရှိတဲ့ဖက်ကိုလှည့်ကြည့်တယ်ဗျာ။ (ေ_ာက္ရူး..။) ကျွန်တော်အရမ်းကို ရင်တွေခုန်ပြီး အရမ်းကို
ပျော်တာပဲ..သိလား။ဒီလိုမှန်းသိရင်အစတည်းကဒီလိုလုပ်လိုက်ပါတယ်ဗျာ။ဟဲ..သူကတစ်ချက်ပဲကြည့်တာဗျ။
ပြီးတော့ပြန်လှည့်သွားရော။(မင့်ပုံကိုကကြောက်စရာကိုး။ဘယ်လောက်တောင် ပြူးဖြဲကြည့်နေမှန်းမှမသိတာ။
နှာဘူးရ..။)

နောက်သူပိုက်ဆံရှင်းပြီးထတော့ကျွန်တော်လည်းနောက်က ထလိုက်တာပေါ့။ပိုက်ဆံမရှင်းပဲထပြေးတယ်မှတ်ပြီး
ဆိုင်ရှင်ကနောက်ကလိုက်အော်၊ကျွန်တော်ကမကြား။ပြန်တွေးကြည့်တော့ရှက်စရာကြီးဗျ။ဟတ် .. ဟတ်။သူ
လည်းဒါကိုသတိထားမိမှာပါ..နော်။(တောက်..ငါကွာ။စိတ်ညစ်တယ်။ဒီငနဲကတော့။)သူက..သူက..။ကျွန်တော်
ပြောတာ..ဘယ်ရောက်သွားပြန်ပြီလဲ။ဟုတ်ပြီ..သူ့နောက်ကိုလိုက်သွားတာ။သူ့နောက်ကိုလိုက်သွားတော့..
အင်း..ဟုတ်တယ်။သူပန်းခြံလေးတစ်ခုထဲဝင်သွားတာဗျ။ကျွန်တော်လည်းနောက်ကလိုက်တယ်ဆိုမှတော့ အဆုံး
ထိလိုက်တော့မယ်ဆိုပြီးဆက်လိုက်သွားတာပေါ့။သူကပန်းခြံထဲကခုံတန်းလေးမှာဝင်ထိုင်နေတယ်လေ။ကျွန်
တော်လည်း သူနားဝင်ထိုင်ရဲတဲ့သတ္တိမရှိလေတော့..ဟဲ…မနီးမဝေးကပဲယောင်ပေ၊ယောင်ပေနဲ့ကြည့်နေတော့
တာပေါ့ဗျာ..။နောက်ရုတ်တရက်ဆိုကောင်မလေးရဲ့အတောင်နှစ်ဖက်။ဟုတ်ဘူး..လက်နှစ်ဖက်ကတောင်
ပံတွေဖြစ်ပြီးထပျံလေရောဆရာရေ။(ဘာလဲ..။ဂြိုလ်ကြီးကိုးလုံးတစ်ခါတည်းခေါင်းပေါ်တက်နေနေကြသ
လားကွာ။တော်ပါတော့။)ကျွန်တော်လည်း သူ့ကိုမိလိုမိငြားလှမ်းဆွဲတော့မမိပါဘူးဗျာ..။ဟင့်..အီး..အီး…။

ထိုစဉ်..”ဟေ့..ဟိုမှာတွေ့ပြီ။ကားရပ်၊ကားရပ်..။ဟေ့..မပြေးနဲ့နော်..။..” အသံဗလံများနှင့်အတူ ဆေးရုံကားလို
ကားတစ်စီး”ကျွိ” ခနဲ ဆိုက်လာပြီး ကားပေါ်မှ လူနှစ်ယောက် ပြေးဆင်းလာကာ ပုံပြောသူလူငယ်ကို ဖမ်းလိုက်
ပါတော့သည်။လူငယ်လည်း…တစ်ဟီးဟီး..တစ်ဟားဟား ..တစ်ငိုငို..တစ်ရီရီ နှင့် ရုန်းရင်းကန်ရင်း လိုက်ပါသွား
လေတော့သည်။ နောက် ကားရှေ့ခန်းမှမျက်မှန်နှင့်လူကြီးတစ်ဦးဆင်းလာပြီးနားထောင်သူလူလတ်ပိုင်း
ထိုလူကို ..”စိတ်မရှိပါနဲ့ဗျာ ..။ဒီလူက စိတ်ရောဂါကုဆေးရုံကထွက်ပြေးသွားတဲ့လူနာခင်ဗျ..။စိတ်ဖေါက်ပြီး
သူလျှောက်ပြောတတ်တယ်လေအန္တာရာယ်တော့မပေးတတ်ပါဘူး။ဒါနဲ့ခင်ဗျားကိုမြင်ဘူးသလိုလိုပဲဗျ..။
ခင်ဗျားနာမည်က..”

“ဆရာကျွန်တော့ကိုတစ်ကယ်မမှတ်မိတော့ဘူးလားဗျ..။ကျွန်တောငထော်လေဗျာ..။ဟီး..ကျွန်တော်လည်း
ဆရာတို့ဆီကလူနာဟောင်းပဲဗျ..။ကျွန်တော်ခုနေကောင်းသွားပါပြီ။ဆရာတို့ကိုကျေးဇူးတင်ပါတယ်ဗျာ..။”

“အေးဗျာ..။ခင်ဗျားကျန်းကျန်းမာမာ ရှိနေတာကိုတွေ့တော့ ကျွန်တော်လည်းဝမ်းသာပါတယ်ဗျာ..။ ခုဘာ
တွေလုပ်နေတာလည်းဗျ..။”
“ကျွန်တော်ဘာမှ၊မလုပ်ပါဘူးဆရာ..။တစ်ကယ်ပြောနေတာပါ။ကျွန်တော်နေကောင်းပါတယ်။..”
“အင်း ..ဒါဆိုလည်း ..ကျွန်တော်တို့နဲ့ လိုက်လည်ပါဦးလားဗျာ..။ဟိုမှာ..မိတ်ဟောင်းဆွေဟောင်းလေး
တွေနဲ့တွေ့ရတာပေါ့ဗျာ..။”
“အာ…မလုပ်ပါနဲ့ဆရာရယ်..။ကျွန်တော်သွားတော့မယ်နော်..။ခွင့်ပြုပါဦးဗျာ။..”
“ဟေ့ … လာကြဦး..။ဒီကျန်တဲ့တစ်ယောက်ပါခေါ်သွားမှရမယ်။ဒီကောင့်ကိုကြည့်ကြစမ်းပါဦး။နေကောင်း
တယ်သာပြောတယ်။ခါးမှာလည်းယပ်တောင်စုတ်ကြီးထိုးလို့။တောက်..အရူးတွေများကွာ။သူငါ့ကိုကျော
ပေးပြီးလှည့်လိုက်တာ၊ဘွားကနဲကိုတန်းမိတော့တာပဲ။ ငါမသင်္ကာလို့အစ်ကြည့်တာ၊မိတာပဲ။ တစ်ခါတည်း
ခေါ်သွား..ဒီကောင်ကိုပါ။ ဒီတစ်ခါတော့တစ်ယောက်လိုက်ရှာရင်းနှစ်ယောက်မိသွားပြီဟေ့။”

လက်ဖက်ရည်ဆိုင်အတွင်းရှိ ကောင်တာမှ အမယ်အိုကြီးသည် ထိုအဖြစ်ကို ကြည့်ပြီး ..ဟင်းကနဲ
သက်ပြင်းချကာငြီးလိုက်သည်မှာ..”သြော်..ဘုရားဟောများတယ်မှန်ပါလား။ လောကကြီးတစ်ခုလုံး အရူးတွေနဲ့အပြည့်..။အင်း..အင်း..။အနိစ္စ၊အနတ္တ၊ဒုက္ခ…”

ဒီမနက် သူနိုးထလာသည်။ ထုံးစံအတိုင်းသာဖြစ်ပြီး ဘာမှထူးထူးခြားခြားတော့မရှိလှ။ပုံမှန်အတိုင်းမျက်နှာသစ်မည်၊သွားတိုက်မည်၊
ရေချိုးမည်။အိမ်သာတက် နောက် မနက်စာစားလိမ့်ဦးမည်သာ။ ထူးဆန်းသည် ဟူသော အရာတစ်ခုမှမပါ၊သစ်လွင်မှုရနံပါးပါးလေး တောင်မရသော ဘ၀ ။ပြင်းရိဖွယ်အတိပြီးသော ဖြစ်တည်မှု။ သူတစ်ကိုယ်ရည်တည်ရှိမှုသည် ဘာနှင့်တူလို့တူနေမှန်းသူပင်ပြန်
မစဉ်းစားတတ်တော့ပေ။

အိမ်ဟု သတ်မှတ်ချက်လေးသာရှိသော တိုက်ခန်းကျဉ်းလေးထဲတွင် အိမ်သာနှင့်ရေချိုးခန်းသာ အခန်းနှင့်တူသယောင်ရှိသည်။ ဧည့်ခန်းလည်းဒါ၊ထမင်းစားခန်းလည်းဒါ၊အိပ်တော့လည်းဒီနေရာမှာပဲ။ခရုခွံလေးထဲရောက်နေသလိုလို မကြာမကြာခံစားမိသည်။
တစ်ခါတစ်ခါတော့လည်း မီးခြစ်ဘူးလေးနဲ့တူသလိုပဲ ဟုအပေါင်းအသင်းတွေကိုပြောမိတော့ ၀ိုင်းရီတာခံခဲ့ရဘူးသေးသည်။
အရင်ကနှစ်ယောက်နေသော်လည်း မင်းသားကယခု သူ့ကောင်မလေးနဲ့နေမည်ဆိုပြီးလက်ပြ၊အထုပ်ထမ်းလိုက်သွားလေတော့ တစ်ယောက်ထဲ ကျန်ခဲ့သည်။ငုတ်တုပ်။အစတော့မနေတတ်မထိုင်တတ်။နောက်တော့လည်း မီးဖိုက ပြန်ကျလာတဲ့မီးသွေး
အဟောင်းတွေလို သူ့စိတ်တွေကအေးခဲပြီးနေသားကြသွားတော့သည်။ဘ၀ဆိုတာ ဒါပါပဲလားလို့ခပ်ခြောက်ခြောက်ရီမော
ပြီးဟားတိုက်လိုက်တော့လည်း နေသာထိုင်သာရှိသလိုလို။

အလုပ်သွားအလုပ်ပြန် ဘတ်စ်ကားစီးသည်။ဘတ်စ်ကားစီးရသည်ကလည်း အရင်ဘ၀က ငါးပိလုပ်ရောင်းဘူးသည့်အလားဝဋ်ကြွေး
ရှိသည်ကို တစ်လုံးတစ်ဝ ပြန်ဆပ်ရသေးသည်။လူနံ့၊ချွေးနံ့၊….နံ့၊….နံ့။စုံသမထုံသင်းကာနေသည်။ရုံးရောက်လျှင် အနေမနား မန်နေဂျာကို ကြည့်ဖား ပြီးမဆူမခံရအောင်လည်း နေတတ်ထိုင်တတ်ပါမှ တော်ကာကျမည်။နေ့လည်စာကိုတော့ရုံးနားကဆိုင်မှာ
ပဲလပေးစား၊လပေးမစားလျှင်လည်းနပ်မမှန်နိုင်။တစ်လတွင် ရက် ၂၀ လောက်က ဘိုင်ပျက်၊ရေခမ်းလေ့ရှိတာ ဒို့ရိုးရာ။
ထမင်းဆိုင်ကို လပေးလို့ကျန်တာကြွေးဆပ် မိတ်မပျက်။ဘ၀ဆိုတာ သီအိုရီတွေ၊ဖေါ်မြူလာတွေ အပိုင်းအစတွေ
ဆက်စပ်ထားသလားပဲထင်တော့သည်။

တခါတရံသောညနေခင်းဆို အချစ်ဟောင်းတွေအကြောင်းပြန်တွေး၊ကြည်နူးစရာလေးတွေ ကိုပြန်အောက်မေ့၊ဒီလိုနဲ့ပဲရက်တွေ
ကြာလာ။ပျင်းလာလျှင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာသွားပြီး ပြတဲ့ဇာတ်ကားလေးကြည့်၊ပြန်လာလို့မှထပ်ပျင်းရင် ဂစ်တာတီး။
သူများတွေလို ရေဒီယိုဆိုတာလဲမရှိလေတော့ဘေးတိုက်က အဆောင်နေကလေးမတွေ ပြောတဲ့အတင်းလေညှင်းကို စိတ်ဝင်စား
စရာရှိမည်ထင်လျှင်ဝရံဒါမှာတိတ်တိတ်လေးထိုင်ပြီးစွပ်ကျယ်ပါးပါးဝတ်ပြီးတော့ နားသောတဆင်သည်။ဟိုကောင်လေးကအတန်း
ထဲက ဒီကောင်မလေးနဲ့ဘာလိုလို၊ဘယ်ကောင်မလေးက ညာကောင်လေးကို ကျိတ်ကြိုက်နေတာနဲ့ပေါ့လေ။ကောင်မလေးက ကားတင်ပြေးမယ်ဟူတော့မကြားဖူးသေးလို့သာတော်သေးသည်။

စိတ်အိုက်လာလျှင် အင်းယားကန်ဘောင်ကိုတက်မည်။ အတွဲတွေ ကလိတာကို အသာကြည့်မည်။ အတွဲတွေကဲတာကို အသာဟဲမည်။
နောက်မှောင်လာလျှင် (သို့မဟုတ်)ခြင်ကိုက်လာလျှင်ဒါရိုက်တာမပါပဲ အတွဲများသာပါသည့် ထိုရှူတင်မှသူပြန်မည်။ဒါတွေကို သူပြန်
အိမ်မက်ဖို့မစဉ်းစား။စိတ်တွေအရမ်းမွန်းကျပ်လာလျှင်တော့ ဘုရားသွားတတ်သည်။ အလုပ်မှာ စိတ်ပင်ပန်း၊လူပင်ပန်းနှင့် တစ်နေကုန်
နီးပါးနေရသည်မှာ မစားသာ။ဘုရားရိပ်တရားရိပ်က အလွန်အေးသည်မှာမှန်လှပေသည်။စိတ်သာမခိုင်လျှင် ဖျာတစ်ချပ်ဆွဲပြီး ထိုးအိပ်မိနိုင်သည်။ညစာကတော့ အနီးရှိဈေးလေးမှာ ဟင်းဝယ်ပြီးချက်စားမည်။စားကောင်းတယ်မကောင်းဘူးဆိုတာတော့ ကိုယ့်လက်ရာနဲကကိုယ်မို့မဝေဖန်ကြေးပေါ့။

အိပ်မည်ဆိုပြီးမနက်ကတည်းက မသိမ်းဘဲထောင်တားသည့် ခြင်ထောင်ထဲကိုဝင်ပြီး အတင်းအိပ်ရန်ကြိုးစားသည်။အိပ်မပျော်
လျှင်ငုတ်တုပ်ထထိုင်သည်။ဈေးပေါပေါနှင့်ဝယ်ရသော် ဓါတ်မီးအစုတ်လေးနှင့် ခြင်လိုက်ရှာမည်။မျက်စိညောင်းလျှင်အိပ်ပျော်သွား
လိမ့်မည်။

ဂျာနယ်တစ်ခုမှာဖတ်လိုက်ရတဲ့ဟာသလေးပါ..။သဘောကျတာရယ်.၊ကျွန်တော်တို့ဆီကအခြေအနေတွေနဲ့နီးစပ်
တာကြောင့်ရယ်အားလုံးသော ညီအစ်ကိုမောင်နှမတွေအတွက်အနည်းငယ်ပြင်ဆင်ပြီးတင်ပြပေးလိုက်ပါတယ်..။
………………………..      …………………………….     ………………………….     ……………………………….

တစ်ရံရောအခါဆိုဗီယက်ပြည်ထောင်စုဟူသော်တိုင်းပြည်တို့၏ထောင်ကြီးသို့ကနေဒါနိုင်ငံဝန်ကြီးချုပ်လာရောက်
လည်ပတ်လေသတဲ့။အစိုးရခေါင်းဆောင်များ အချင်းချင်းဆွေးနွေးစရာရှိသည်များကိုဆွေးနွေးကြပြီးနောက်ကနေ
ဒါဝန်ကြီးချုပ်က စာသင်ကျောင်းမှာကလေးများနဲ့ သွားရောက်တွေ့ဆုံလိုကြောင်းပြောတော့ ဆိုဗီယက်ဝန်ကြီးများ
ကလည်းစီစဉ်ပေးလေတယ်တဲ့။ထုံးစံအတိုင်း ဧည်သည်တော်ဝန်ကြီးချုပ်မရောက်လာခင်ဆိုင်ရာပိုင်ရာတွေက…
ကလေးတွေကိုဘာပဲမေးမေး…..” ဆိုဗီယက်ပြည်ထောင်စုဟာအလုံးစုံပြည့်စုံတဲ့နေရာပါ။ဆိုဗီယက်ပြည်ထောင်စု
မှာပြည့်စုံကောင်းမွန်စွာနေရတယ်..။”ဆိုတဲ့ ဘာလာလာအောင်အဖြေမျိုးတွေပဲပေါ့လေ။(လဂွန်းအိန်တို့ဆီမှာလိုပဲ
နော်..။ :P)

နောက်ဧည့်သည်တော်ဝန်ကြီးချုပ်လည်းရောက်လာပြီးကလေးငယ်တွေကို တွေ့ဆုံပြီးမေးမြန်းတော့တာပေါ့။

ချုပ်။ ။သားတို့စာသင်ရတာ အဆင်ပြေသလား…။

ကျောင်း(၁)။ ။ဆိုဗီယက်ပြည်ထောင်စုဟာ အရာရာပြည့်စုံတဲ့တိုင်းပြည်ပါခင်ဗျာ..။

ချုပ်။ ။ သမီးလေးရော၊မေမေတို့က မုန့်ဖိုးမှန်မှန်ပေးလား။

ကျောင်း(၂)။ ။ဟုတ်ကဲ့။ဆိုဗီယက်ပြည်ထောင်စုမှာ အားလုံးအဆင်ပြေပါတယ်ရှင့်။

ချုပ်။ ။သားလေးရော၊ကျောင်းမှာစာလိုက်နိုင်လား။

ကျောင်း(၃)။ ။ဟုတ်၊အားလုံးလိုက်နိုင်ပါတယ်ခင်ဗျာ။ဆိုဗီယက်ဟာ ကမ္ဘာမှာအဆင်ပြေဆုံးပါခင်ဗျာ။

ဒီလိုနဲ့ဝန်ကြီးချုပ်လည်း ကလေးတွေနဲ့တွေ့ဆုံမေးမြန်းပြီး ပြန်ရောဆိုပါတော့။အဲဒီအချိန်မှအတန်းထဲကကလေး
မလေးတစ်ယောက်ကတရှုံရှုံနဲ့ငိုတော့တယ်တဲ့ဗျာ။ ဒါနဲ့ကျောင်းကဆရာမလေးတွေကလည်းသမီးလေးဘာဖြစ်
တာလဲ။ညာဖြစ်တာလဲ။ဗိုက်အောင့်လို့လား။ဒါဆိုသံကောင်ရှိလို့ပဲနေမှာနဲ့ဝိုင်းမေးကြပြောကြတော့ ကလေးကပြန်
ပြောလိုက်တဲ့စကားကြောင့်အားလုံးပါးစပ်တွေကိုဟောင်းလောင်းတဲ့ဗျာ…။

သမီးအဲဒီဆိုဗီယက်ပြည်ထောင်စုဆိုတဲ့နေရာကိုရောက်ဖူးချင်လိုက်တာဆရာမရယ်... တဲ့ 😀

ကဲမောင်မျိုးရေ၊အချစ်နဲ့ပတ်သတ်တဲ့ ရီစရာလေး မရှိပေမယ့် ရီရမယ့်ဟာလေးတင်ပေးလိုက်ပါတယ်။

ရန်ကုန်မြို့ကြီးရဲ့လမ်းမတွေပေါ်ခြေချမိတိုင်းစဉ်းစားမိတယ်…။
ငါတို့ဘာတွေမှားနေလဲ၊မှားခဲ့တာလဲ၊ဘာတွေ ဆက်မှားကြဦးမလဲ။

တိုးတက်မှုနဲ့အလှမ်းဝေးရတာ ဘယ်သူ့မှာတာဝန်ရှိလဲ…။
ဂုတ်ထိပ်တံတားကြီးနားကိုရောက်တော့တွေးမိတယ်။

ကျိန်စာတွေလို ကန့်သတ်မှုတွေက တို့တွေပေါ်မှာဘာလို့ရှိနေရတာလဲ…။
တီဗီအစီအစဉ်ကြည့်ရင်းမောမိတယ်။

ရှေ့ကသွားလေသူတွေရဲ့ သွေးချွေးတွေကို ဘယ်သူအားနာတတ်လဲ…။
ငါတို့ သွေးချွေးတွေရော ပေးဆပ်ဖို့ကျန်သေးလားကွာ။

မသိနားမလည်တဲ့ပြည်သူတွေလို့ပြောပြောနေတာမမောကြသေးဘူးလား…။
အင်းစိန်ထောင်ထဲနားလည်တဲ့သူတွေရောက်တာမနည်းတော့ဘူးနော်။

အိမ်မက်ဆိုးကြီးရယ် ရုန်းထွက်နှိုးထခွင့်ပြုပါတော့ …။
အိမ်မက်အလွန်က ကမ်းခြေသစ်ကိုငါအရောက်လှမ်းချင်လို့ပါ။

အမှန်တရားဆိုတာ စာရင်းဇယားတွေနဲ့လဲစားရတာမျိုးလား…။
ဒီလိုဆိုရင် စာရင်းဇယားတွေအောက်က အမှန်တရားကို ခဏလောက်ကြည့်ခွင့်ပြုပါ။

ရေတွေမယိုဆီးအောင်ဆည်တွေဆောက်ပြီးသွားပေမယ့်…။
လူတွေ ကျွန်ခံယိုဆီးသွားဖို့ တော့မင်းတို့ခွင့်ပြုခဲ့တယ်နော်။

ကယ်တင်တယ်ဆိုတဲ့စကားကို ထပ်ခါထပ်ခါမပြောနဲ့တော့ကွာ…။
မင်းရဲ့ကယ်တင်ခြင်း ကိုငါတို့ကြောက်လှပါပြီ။

မြို့တော်သစ်ကြီးရှိတာကို ဗိုက်ဟောင်းလောင်းနဲ့ ဂုဏ်ယူရမှာလား…။
ငါတို့မှာ ထမင်းရည်နပ်မှန်တောင်ဝမ်းသာရတဲ့ဘ၀။

မျှော်လင့်စောင့်စားနေရတဲ့ စိတ်မရှည်မှုကို ကိုရီးယားကားတွေ နဲ့အစားပြန်ရကြေးတဲ့လား…။
နှစ်လုံး၊သုံးလုံးထိုးပြီး မပျော်ကြပါနဲ့တော့။

လုပ်သလို မဖြစ်လို့၊ဖြစ်သလိုလုပ်နေကြတဲ့လူတွေကိုနှမြောတယ်…။
ငါ့ယုံကြည်ချက်တွေကိုတော့ ဒစ်စကောင့်နဲ့မပေးဘူး။